
ပြီးခဲ့တဲ့ အင်္ဂါနေ့က အမေရိကန်သမ္မတရဲ့ အမျိုးသားလုံခြုံရေးအကြံပေး အရာရှိ မိုက်ခယ်လ်ဖလင်းန်းဟာ ရုတ်တရက် နုတ်ထွက်သွားခဲ့ပါတယ်။ ဖလင်းန်ဟာ အမေရိကန်ပြည်ထောင်စုတပ်မတော်က ဒုတိယဗိုလ်ချုပ်ကြီးအဆင့်နဲ့ အငြိမ်းစားယူခဲ့သူ ဖြစ်ပါတယ်။ သူဟာ ကာကွယ်ရေးထောက်လှမ်းရေးအေဂျင်စီရဲ့ ၁၈ ယောက်မြောက် ညွှန်ကြားရေးမှူးအဖြစ်လည်း တာဝန်ယူဆောင်ရွက်ခဲ့သူဖြစ်ပြီး သမ္မတသစ် ဒေါ်နယ်လ်ထရမ့် လက်ထက်မှာတော့ ၂၅ ယောက်မြောက် အမျိုးသားလုံခြုံရေး အကြံပေးအရာရှိ ဖြစ်လာပြီး ဇန်န၀ါရီလ ၂၀ ရက်နေ့ကမှစပြီး ဖေဖော်ဝါရီလ ၁၃ ရက်နေ့အထိ တာဝန်ထမ်းဆောင်ချိန် ၂၄ ရက်ပဲ ရှိပါသေးတယ်။
အမေရိကန်သမိုင်းမှာတော့ ဖလင်းန်းဟာ ရာထူးသက်တမ်းအရ အတိုဆုံး အမျိုးသားလုံခြုံရေး အကြံပေးအရာရှိတယောက် ဖြစ်လာခဲ့ပါပြီ။ ဒီအဖြစ်ဟာ အမေရိကန် နိုင်ငံရေးလောကမှာတင်မက နိုင်တကာ နိုင်ငံရေးလောကအထိပါ အံ့သြ မျက်ခုံးတွန့်စရာ ဖြစ်ခဲ့ရတယ်လို့ ဆိုရမှာပါပဲ။
အမျိုးသားလုံခြုံရေးအကြံပေးအရာရှိ မိုက်ခယ်လ်ဖလင်းန်း အခုလို ရုတ်တရက် နုတ်ထွက်ခဲ့ရတဲ့အကြောင်းကိုတော့ အိမ်ဖြူတော် အထက်တန်းအကြံပေးအရာရှိ ခယ်လီယန် ခေါန်းဝေးက အင်ဘီစီ သတင်းဌာနရဲ့ “တူဒေးရှိုး” အစီအစဉ်ကို အင်္ဂါနေ့က ပြောကြားရာမှာ “ဒီကိစ္စရဲ့ တကယ့်အဓိကအကြောင်းကတော့ ဒုတိယသမ္မတကို လှည့်စားခဲ့လို့ပါပဲ” လို့ ပြောပြခဲ့ပါတယ်။ သူ ပြောတာက ဖလင်းန်က သူနဲ့ ရုရှားသံအမတ်ကြီး ဆာဂေးကစ်(စ်)လယတ်တို့ စကားပြောဆိုကြတာနဲ့ ပတ်သက်ပြီး ဒုတိယသမ္မတ မိုက်ပင့်စ်ကို လိမ်ပြောခဲ့တဲ့အတွက်လို့ ဆိုလိုတာပါ။ ဖလင်းန်းက တကယ်ပဲ ဒုတိယသမ္မတကို လိမ်ညာခဲ့သလား ဆိုတာကလည်း ရှင်းရှင်းလင်းလင်း မရှိလှသေးပါဘူး။
ဖလင်းန်က သူ့ရဲ့ နုတ်ထွက်စာမှာ သူဟာ သူနဲ့သံအမတ်ကြီး ဆာဂေးကစ်စ်လယတ် စကားပြောကြတဲ့အကြောင်းတွေကို တမင်တကာ ချန်ပြောခဲ့တာ မဟုတ်ပါဘူးလို့ ရေးသားခဲ့ ပါတယ်။ နယူးယော့တိုင်းမ်နဲ့ ၀ါရှင်တန်ပို့စ် သတင်းစာတွေကတော့ သူတို့နှစ်ယောက်ရဲ့ တယ်လီဖုန်းပြောဆိုမှုကို စာနဲ့ မှတ်တမ်းတင်ထားတာကို အမျိုးမျိုး ပြန်ဖတ်နိုင်တယ်လို့ ရေးသားခဲ့ကြပါတယ်။ အမျိုးသားလုံခြုံရေး အကြီးတန်း သတင်းထောက် အီလီလိတ်ခ်ကို အဲဒီတယ်လီဖုန်းစကားပြောဆိုမှုကို သိခဲ့တဲ့ အိမ်ဖြူတော် အရာရှိတယောက်က ပြောပြခဲ့တာ ကတော့ ရုရှားသံအမတ်ကြီးက အရေးယူ ပိတ်ဆို့မှုတွေနဲ့ပတ်သက်ပြီး ဖလင်းန်ကို မေးခဲ့ပြီး ဖလင်းန်က ဒေါ်နယ်လ်ထရမ့် အုပ်ချုပ်ရေးအဖွဲ့ဟာ သီတင်းပတ်တွေအတွင်း စတင် တာဝန်ယူ ကြတော့မှာဖြစ်ပြီး ရုရှားရေးရာမူဝါဒနဲ့ အရေးယူပိတ်ဆို့မှုတွေကို ပြန်ပြီး သုံးသပ်ပါလိမ့်မယ်လို့ တုံ့ပြန်ပြောဆိုလိုက်တာပါ။ အဲဒါဟာ တရားမဝင်တဲ့၊ မသင့်လျော်တဲ့ လုပ်ရပ် မဟုတ်ပါဘူးလို့ ပြောပြခဲ့ပါတယ်။ ဒီ့အပြင်မှာ ၀ါရှင်တန်ပို့စ်က တနင်္လာနေ့ညမှာ ဖော်ပြခဲ့တာက လွန်ခဲ့တဲ့လက အဲဒီအချိန်က ယာယီရှေ့နေချုပ် ဆယ်လီရိတ်စ်က အိမ်ဖြူတော်ကို ဖလင်းန်နဲ့ ကစ်(စ်)လယတ်တို့ အရေးယူပိတ်ဆို့မှုအကြောင်း ဆွေးနွေးခဲ့ကြ တာ ဖြစ်ပြီး ဖလင်းန်က ပင့်စ်ကို လိမ်ညာခဲ့တာဖြစ်လို့ ခြိမ်းခြောက်ငွေညှစ်ခံရနိုင်ခြေ ရှိတယ်လို့ အသိပေးခဲ့တယ်လို့ ဆိုပါတယ်။ လေ့လာသုံးသပ်သူတွေကတော့ တကယ်လို့သာ ဖလင်းန် ပြဿနာ ဖြစ်ရတာဟာ ဒီလိမ်လည်မှုကြောင့်ဆိုရင် သူ့ကို ဇန်န၀ါရီလကုန်မှာကတည်းက ဘာဖြစ်လို့ ထုတ်မပစ်လိုက်တာလဲလို့ မေးခွန်းထုတ်စရာ ဖြစ်နေတယ်လို့ ဆိုကြပါတယ်။ ဖလင်းန်ဟာ နိုင်ငံရေး လုပ်ကြံခံခဲ့ရတာပဲလား။
အမေရိကန် အရာရှိတဦးကတော့ အေပီသတင်းဌာနကို ဖလင်းန်ဟာ အမေရိကန် သမ္မတဟောင်း အိုဘားမားလက်ထက် ရွေးကောက်ပွဲနဲ့ဆက်နွှယ်ပြီး အင်တာနက် အဟက်ခံရလို့ အုပ်ချုပ်ရေးက ရုရှားအပေါ် အရေးယူပိတ်ဆို့မှု ချမှတ်လိုက်တဲ့ အချိန်ပိုင်းမှာ ကစ်(စ်)လယတ်နဲ့ အဆက်အသွယ် မကြာခဏ ရှိခဲ့သလို အကူးအပြောင်းကာလအတွင်း တခြားအချိန်တွေမှာလည်း မကြာခဏ အဆက်အသွယ်ရှိခဲ့တယ်လို့ ပြောပြခဲ့ပါတယ်။ ကာကွယ်ရေးဝန်ကြီးဟောင်း အက်ရှ်ကာတာရဲ့ ဒီမိုကရက် အကြံပေးအရာရှိ မတ်ခ် ဂျက်ကော့ဘ်ဆန်က အယ်လ်ဂျာဇီးယားသတင်းဌာနကို “ဒါက ဖလင်းန်က ရုရှား သံအမတ်ကြီး ဒါမှမဟုတ် ရုရှားသံတမန်တွေနဲ့ စကားပြောလို့ မဟုတ်ပါဘူး။ အဲဒါက သူ့အနေနဲ့ အဲဒီအကြောင်းအရာပေါ်မှာ ရိုးရိုးစင်းစင်းဖြစ်ရပ်အဖြစ် ဒုတိယသမ္မတကို ပြောလိုက်တာပါပဲ” သူ့အမြင်ကို ပြောပြခဲ့ပါတယ်။
“လိုဂင်ဥပဒေ (၁၇၉၉ ခုနှစ်က ပြဋ္ဌာန်းထားတဲ့ အမေရိကန်ပြည်ထောင်စုနဲ့ အငြင်းပွားနေတဲ့ အစိုးရတွေနဲ့ အခွင့်အာဏာမရှိဘဲ စေ့စပ်ညှိနှိုင်းသူတွေကို ဒဏ်ငွေ ဒါမှမဟုတ် ထောင်ဒဏ် ပြစ်ဒဏ်ပေးနိုင်တဲ့ ဥပဒေ)အရ ဘယ်သူ့ကိုမှ စွဲချက်မတင်ခဲ့ ရသေးပါဘူး။ ကျနော်က ဖလင်းန်ဟာ ဒုတိယသမ္မတကို လိမ်ပြောကောင်း လိမ်ပြောနိုင်တယ် ဆိုတဲ့အချက်အတွက်ပဲ ပိုစိုးရိမ်တာပါ” လို့ သူက ဆက်ပြောခဲ့ပါတယ်။
အမေရိကန် သမိုင်းမှာ အရုပ်ဆိုးတဲ့ အဖြစ်တခုလို့ ပြောရမယ့် ဒီအဖြစ်ဟာ တကယ်ပဲ ဖလင်းန်က ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာလား။ ဒါမှမဟုတ် တချို့ အကဲခတ်သူတွေ တွေးထင်သလို နိုင်ငံရေးလုပ်ကြံမှုတခု ဖြစ်သလား ဆိုတာကတော့ မကြာခင် ပေါ်လာမယ်လို့ ယူဆရပါတယ်။
အကြီးတန်း ရုရှားလွှတ်တော်မတ်တယောက်ကတော့ ဖလင်းန်းရဲ့ နုတ်ထွက်မှုဟာ ဒေါ်နယ်လ်ထရမ့် အကျဉ်းအကျပ်တခုထဲကို ပြန်ရောက်သွားတာ ဖြစ်ရင်ဖြစ်၊ ဒါမှမဟုတ် သူ့ရဲ့ အုပ်ချုပ်ရေးဟာ ရုရှား ဆန့်ကျင်ရေးခံစားမှုပိုး ၀င်သွားတာကို ပြလိုက်တာပဲ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
မော်စကိုအခြေစိုက် အစိုးရ ထိန်းချုပ်တဲ့ စပွတ်နစ် အပြည်ပြည်ဆိုင်ရာ သတင်း အေဂျင်စီ သတင်းထောက်တယောက်ဖြစ်တဲ့ ဒီမီထရီဘားဘစ်ခ်ျက အယ်လ်ဂျာဇီးယား သတင်းဌာနကို ဒီသတင်းက အချက်ပြလိုက်တာကတော့ ‘အမေရိကန် နိုင်ငံရေးလောကကို မက်ကာသေ၀ါဒ တကျော့ပြန်ရောက်လာပြီ’ ဆိုတာပါပဲ။
ဒီလို အခြေအနေ ပြန်ဖြစ်လာပြီဆိုရင်တော့ အမေရိကန်နိုင်ငံရေးအတွက် ကိစ္စကောင်း မဟုတ်တာကတော့ သေချာပါတယ်။ အဲဒီသတင်းထောက်ကပဲ “အမေရိကန် အထူးထောက်လှမ်းရေးတွေက မိုက်ကခယ်လ်ဖလင်းန်နဲ့ ရုရှားသံအမတ်ကြီးတို့ ပြောနေတဲ့ စကားကို ခိုးနားထောင်ခဲ့တယ်။ သူတို့က အဲဒီသတင်းအချက်အလက်ကို ပေါက်ကြားပစ်လိုက်တယ် ဆိုတာကတော့ ရှင်းနေပါတယ်။”
“လူတယောက်ကို သိပ်ထူးဆန်းတဲ့ အကြောင်းပြချက်တခုနဲ့အလုပ်က ဖယ်ရှားပစ်လိုက်တာတွေက ရိုးနေပါပြီ။ ရန်သူမဟုတ်တဲ့ နိုင်ငံတနိုင်ငံက သံအမတ်ကြီး တယောက်ကို အမျိုးသားလုံခြုံရေးရဲ့ ဦးစီးခေါင်းဆောင် ဖြစ်လာမယ့်သူတယောက်က ဖြစ်နိုင်ခြေရှိတဲ့ အရေးယူပိတ်ဆို့မှု ဖယ်ရှားရေးကိစ္စနဲ့ ပတ်သက်ပြီး ပြောဆိုတာဟာ သဘာဝမကျဘူးလားဗျာ” လို့ ဆက်ပြောခဲ့ပါတယ်။
ထောက်ခံသူ၊ ကန့်ကွက်သူတွေ၊ ပြန်ဆိုနားလည်မှုတွေ ဘယ်လိုပဲ ပလုံစီပွက်နေပါစေ၊ ဖလင်းန်ရဲ့ ခုလို တလမပြည့်ခင်အချိန်မှာ သမ္မတသစ်ထရမ့်ရဲ့ အုပ်ချုပ်ရေးပိုင်းက နုတ်ထွက်သွားတဲ့ကိစ္စကတော့ သမ္မတရဲ့ အကြီးတန်း အကြံပေးအရာရှိအဖွဲ့ထဲမှာ ထူးထူးခြားခြား စောစီးတဲ့ ထိတ်လန့်စရာ ကိစ္စတခု ဖြစ်တယ်ဆိုတာကတော့ သေချာပါတယ်။ တကယ်တော့ ဖလင်းန်ဟာ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလ အတွင်းမှာ ထရမ့်ကို သစ္စာရှိရှိ ထောက်ခံခဲ့တဲ့သူတယောက် ဖြစ်ခဲ့ပေမယ့် သူ့ရဲ့ ရုရှားနဲ့ အဆက်အစပ်ရှိမှုတွေက တခြား၊ သမ္မတရဲ့ လက်ထောက်တွေကို ပူပင်ကြောင့်ကြ ဖြစ်စေခဲ့ပါတယ်။
ဒုတိယသမ္မတ ပင့်စ်ကလည်း ဖလင်းန်ဆီက သတင်းအချက်အလက်တွေအပေါ် အားထားနေခဲ့ရတယ် ဆိုတာကလည်း မြင်သာထင်ရှားဖြစ်ခဲ့ပါတယ်။ ဖလင်းန်ရဲ့ ရုရှား-အမေရိကန်နိုင်ငံဆိုင်ရာ ရုရားသံအမတ်ကြီးနဲ့ စကားပြောဆိုမှုဟာေ ရွေးကောက်ပွဲ ကာလအတွင်း ဒီမိုကရက်တွေရဲ့ အီးမေးလ်တွေထဲကို ဟက်လုပ်ခိုးဝင်ခဲ့တယ်လို့ အမေရိကန် ထောက်လှမ်းရေးအေဂျင်စီတွေ ကောက်ချက်ချပြီးချိန်မှာ ဒေါ်နယ်လ်ထရမ့်ရဲ့ ရုရှားနိုင်ငံအပေါ် ရင်းနှီးနှစ်လိုတဲ့ သဘောသားပြသမှုနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်စရာလည်း ဖြစ်လာပါတယ်။
ရုရှားလွှတ်တော်အမတ် ကွန်စတင် ကိုဆာချက်ဗ် ထုတ်ဖော်ပြောဆိုတာကို RIA နိုဗိုစတီ သတင်းအေဂျင်စီက ပြန်လည်ဖော်ပြရာမှာတော့ “ထရမ့်ဟာ လိုအပ်တဲ့ လွတ်လပ်မှုကို မရသေးတာနဲ့ သူဟာ အကျိုးဆက်အနေနဲ့ မအောင်မမြင်ဖြစ်တာ မဟုတ်တဲ့ အကျပ်ရိုက်မှုနဲ့ ကြုံတွေ့ခဲ့တာဖြစ်ရင်ဖြစ်၊ ဒါမှမဟုတ် အုပ်ချုပ်ရေးအသစ်ဟာ အပေါ်ပိုင်းက အောက်ပိုင်းအထိ ရုရှားကြောက်ရောဂါ ရသွားတာပဲဖြစ်မယ်လို့ ပြောတဲ့အကြောင်း ဖော်ပြထားတာ တွေ့ရပါတယ်။ ပြောတဲ့လွှတ်တော်အမတ် ကိုဆာချက်ဗ်ဟာ ရုရှား အထက်လွှတ်တော်ရဲ့ နိုင်ငံတကာရေးရာကော်မတီ ခေါင်းဆောင် ဖြစ်ပါတယ်။ သူဟာ အမေရိကန် နိုင်ငံရေးလောကနဲ့ ပတ်သက်ပြီး နလပိန်းတုံး မဟုတ်တာကတော့ သေချာပါတယ်။
ဒေါ်နယ်လ်ထရမ့်မှာ ရုရှားနဲ့ပတ်သက်တဲ့ မူဝါဒ အခိုင်အမာ ရှိနေပါပြီလား။ ရုရှားကို ဘယ်လိုဆက်ဆံမှာပါလဲ။ အခု အမျိုးသားလုံခြုံရေး အကြံပေးအရာရှိ ဖလင်းန်ရဲ့ ရုရှားသံအမတ်ကြီးနဲ့ အရေးယူပိတ်ဆို့မှုနဲ့ပတ်သက်ပြီး တဖက်က မေးလာတာကို အမျိုးသားလုံခြုံရေး အကြံပေးအရာရှိတယောက်အနေနဲ့ ဒီလို ဖြေကြားတုံ့ပြန်မှု မလုပ်ရပါဘူးလား။ ဒါဆို အမျိုးသားလုံခြုံရေး အကြံပေးအရာရှိရဲ့ လုပ်ပိုင်ခွင့် ပြောရေးဆိုခွင့်က ဘယ်လောက်ပဲ ရှိတာပါလဲ ဆိုတာတွေကတော့ အများကြီး မေးခွန်းထုတ်စရာ ရှိပါတယ်။ ဖလင်းန်ကိုယ်၌က အပေးအယူလုပ် ကိုယ်ကျိုးစီးပွား ရှာတာလား ဆိုတာကလည်း စုံစမ်းစစ်ဆေးလို့ ရနိုင်တယ်လို့ ယူဆရပါတယ်။
အစိုးရရဲ့ တာဝန်ရှိသူ အထူးသဖြင့် ထိပ်တန်းတာဝန်ရှိသူတွေဟာ သူတို့ရဲ့ တာဝန်ရှိမှုအရ ပြောသင့်တာ ပြောရမှာတွေကို ပြောဖို့တာဝန်ရှိသလို မပြောရင်လည်း တာဝန်ပျက်ကွက်မှုလို့ ပြောရမှာဖြစ်သလို အဲဒီအတွက် အရေးယူ အပြစ်ပေးမှု ရှိရပါမယ်။ တာဝန်ရှိမှုကို ထမ်းဆောင်နေတဲ့အချိန်မှာ အဂတိတရားတွေ ရှိနေ၊ ကျင့်ကြံနေတယ် ဆိုရင်လည်း အပြစ်ရှိတယ်လို့ ပြောရပါလိမ့်မယ်။ အမေရိကန်အစိုးရဟာ သူတို့နိုင်ငံရဲ့ နိုင်ငံရေး ဂုဏ်သိက္ခာကို အချိန်မီပြန်ပြီး ထိန်းသိမ်းနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါကြောင်း။ ။
စိုးနေလင်း










