DVB Logo
Home
မြန်မာသတင်း
ဆိုင်ကယ်ကယ်ရီကို ဓားထောက်ပြီး ဆိုင်ကယ်လုယက်သူ ၂ ဦးကို ဖမ်းမိ
DVB
·
February 20, 2017
ဆိုင်ကယ်ကယ်ရီကို ဓားထောက်ပြီး ဆိုင်ကယ်လုယက်သူ ၂ ဦးကို  ဖမ်းမိ
1 / 2
Donate to DVB

ထောက်ကြန့်မြို့မှ ဆိုင်ကယ်ကယ်ရီသမားကို ဓားထောက်ပြီး ဆိုင်ကယ်လုယက်လာသူ ၂ ဦးကို လက်ပံတန်းမှာ ဖမ်းမိခဲ့တယ်လို့ လက်ပံတန်းမြို့မရဲတပ်ဖွဲ့က  ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ထောက်ကြန့်မြို့ကနေ လုယက်လာတဲ့ Dayang 125 ဖြူ/နက်ကျားဆိုင်ကယ်ကို တိုက်ကြီးမြို့မှာ လိုက်လံရောင်းချခဲ့တဲ့နေရာကနေ သက်သေခံအဖြစ် သိမ်းဆည်းရရှိထားပြီးဖြစ်တယ်လို့ လက်ပံတန်းမြို့ မြို့မရဲခန်းမှ တာဝန်ရှိသူတဦးထံမှ သိရပါတယ်။

“ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ည ၁၁ နာရီလောက်က သူတို့တွေ ဆိုင်ကယ်ကယ်ရီငှားစီးတယ်။ ထောက်ကြန့်မြို့ ဘောဂလမ်းပေါ်အရောက်မှာ ဆိုင်ကယ်ကယ်ရီသမားကို ဓားနဲ့ထောက်ပြီး ဆိုင်ကယ်ကို လုယက်ခဲ့တယ်။ ပြီးတော့ ဒီမှာ လာရောင်းတယ်။ အဲဒါကို တခြားလူတယောက်က သူ စပ်ပေးမယ်ဆိုပြီး Facebook ပေါ် တင်လိုက်တယ်။ ဒါကို တွေ့ပြီး ကျနော်တို့က မသင်္ကာလို့ သွားစစ်တာကနေ အခုလို ဖော်ထုတ်နိုင်ခဲ့တာပါ” လို့ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ခင်မောင်မြင့်မှ ဒီဗွီဘီကို ပြောပါတယ်။

ဖြစ်စဉ်မှာ လက်ပံတန်းမြို့နယ် ဂွေးတောက်ကွင်းအုပ်စု၊ ဂွေးတောက်ကွင်း ရွာမကျေးရွာမှာ လူငယ် ၂ ဦး ဆိုင်ကယ်တစီး လိုက်လံရောင်းချနေတဲ့ သတင်းအရ လက်ပံတန်းမြို့မရဲစခန်းမှ နယ်ထိန်းအဖွဲ့တွေ သွားရောက်စုံစမ်းရာ ဂွေတောက်ကွင်းရွာမမှာ နေထိုင်သူ အောင်ပိုင်သူနဲ့ မင်္ဂလာဒုံမြို့နယ် (၁) ရပ်ကွက်မှာ နေထိုင်သူ ရန်ပိုင်လင်းတို့က ဆိုင်ကယ်ရောင်းချဖို့ ထွက်ခွာသွားတယ်လို့ သိရှိရပြီး ဂွေးတောက်ကွင်းရွာမ အဝင်လမ်းထိပ်တွင် စောင့်ဆိုင်းနေစဉ် သူတို့ ၂ ဦးက ခရီးသည်တင်ကားတစီးပေါ်မှ ဆင်းလာတာကို တွေ့ရပါတယ်။ စစ်ဆေးရှာဖွေရာ ဆိုင်ကယ်လုယက်သူ ၂ ဦးရဲ့ အင်္ကျီအိတ်အတွင်းကနေ ငွေစက္ကူရောရာ ၁၄၆၀၀၀ ကျပ် တွေ့ရှိရပြီး ဆက်လက်စစ်ဆေးရာမှ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်မြို့မှ ဆိုင်ကယ်ကယ်ရီသမား ၁ ဦးကို ဓားထောက်လုယက်လာတဲ့ ဆိုင်ကယ်ကို တိုက်ကြီးမြို့မှာ သွားရောက်ရောင်းချရာက ရရှိခဲ့တဲ့ငွေများဖြစ်တယ်လို့ လူငယ် ၂ ဦးမှ ဝန်ခံထွက်ဆိုခဲ့ပါတယ်။

အမှုနဲ့ပတ်သက်ပြီး လက်ပံတန်းမြို့ မြို့မရဲစခန်းမှ (ပ)၂၁၈/၂၀၁၇အမှုဖွင့်ပြီး ရာဇသတ်ကြီးပုဒ်မ ၃၈၀/ကျင့် ၅၄ အရ အရေးယူဆောင်ရွက်နိုင်ရန် နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ခင်မောင်မြင့်မှ စစ်ဆေးကာ ထောက်ကြန့် နယ်မြေရဲစခန်းသို့ လွှဲပြောင်းပေးအပ်နိုင်ရန် ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

ဓာတ်ပုံ၊ သတင်း ပေးပို့ - ဝဏ္ဏထွန်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013