DVB Logo
Home
မြန်မာသတင်း
ဘူးသီးတောင်မြို့ နေရပ်စွန့်ခွာ စစ်ဘေးရှောင်သူများ ဆက်လက်ရပ်တည်ရန် ခက်ခဲနေ
DVB
·
February 19, 2017
ဘူးသီးတောင်မြို့ နေရပ်စွန့်ခွာ စစ်ဘေးရှောင်သူများ ဆက်လက်ရပ်တည်ရန် ခက်ခဲနေ
1 / 8
Donate to DVB

ဘူးသီးတောင်မြို့နယ် စေတောင်ကျေးရွာမှာ ရောက်ရှိနေတဲ့ မိသားစု ၉၈ စု၊ လူဦးရေ ၄၂၀ ရှိပြီး ရွာအပြင်ဘက် လယ်ကွင်းမှာ ယာယီတဲအိမ်တွေနဲ့ နေထိုင်နေရဆဲဖြစ်သလို လယ်ပိုင်ရှင်ကလည်း မြေကွက်ကိုပြန်လိုချင်တဲ့အတွက် ပြောင်းရွှေ့နေထိုင်ဖို့ နေရာအခက်အခဲဖြစ်နေရတယ်လို့ စခန်းမှာနေသူတွေက ပြောပါတယ်။

“လယ်ရှင်ကတော့ အခု လတ်တလောတောင်မှ မထားချင်တော့ဘူး။ ကျနော်တို့က နည်းနည်းသည်းခံပါဦးလို့ ပြောထားရတယ်။ လယ်ရှင်က မရတော့ဘူးဆိုရင်တော့ ဒီအိမ်တွေဖြို ဖျက် ရတော့မှာ အဲလိုသာဆိုရင်တော့ မြေနေရာလိုတယ်။ အိမ်ပြန်ဆောက်ဖို့ အကူအညီတွေတော့ လိုနေပါတယ်။ ထင်းခုတ်ရောင်းကြပေမယ့် ၀ယ်သူတွေမလာလို့ ၀င်ငွေမရှိဘဲ အကြပ်အတည်းဖြစ်နေရတယ်။” လို့ နတ်အိုင်ရွာက တိမ်းရှောင်လာသူ ဦးရွှေသိန်းက ပြောပါတယ်။

အောက်တိုဘာလနောက်ပိုင်းက စပြီး အကူအညီပေးတဲ့ အလှူရှင်တွေ မလာကြတော့တဲ့အတွက် တချို့ သက်ကြီးရွယ်အိုမိသားစုတွေနဲ့ ကလေးငယ်တွေများတဲ့ မိသားစုတွေမှာ စားဝတ်နေရေးလည်း ခက်ခဲလာနေပါတယ်။

အသက် ၆၅ နှစ်အရွယ် ဒေါ်ဦးမစိန်က “ကျမတို့မှာ လူကြီးနှစ်ယောက်တည်းနေကြတာ။ သူများတွေလို ထင်းခုတ် ၀ါးခုတ်လည်း မလုပ်နိုင်တော့ လူများဆီက ငွေတိုးချေးယူပြီး ငါးခြောက်ရောင်း နေရတာပါ။ အရင်က အထောက်အပံ့တွေရှိတုန်းကတော့ စားသောက်ရေးဖူလှုံပေမယ့် အခုတော့ တော်တော်လေး ကြပ်တည်းနေပါတယ်။” လို့ပြောပါတယ်။

ဘူးသီးတောင်မြို့နယ် သရက်ပြင်အုပ်စု၊ အလယ်ချောင်း(ခမီ)ရွာမှာလည်း တိုက်ပွဲရှောင် ခမီတိုင်းရင်းသား မိသားစု ၁၂ စုက လူဦးရေ ၆၂ ဦးမှာလည်း နေရပ်ကိုမပြန်တောဘဲ လက်ရှိရောက်နေတဲ့ နေရာမှာပဲ အခြေချနေထိုင်လိုကြပြီး သူတို့အတွက် မြေနေရာဝယ်ဖို့ မတတ်နိုင်လို့ အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။

“ကျနော်တို့က နေရပ်ကိုလည်း မပြန်ချင်တော့ဘူး။ အဲဒီမှာလည်း ဆက်ပြီး လုပ်ကိုင်စားသောက်ဖို့ မလွယ်တော့ဘူးလေ။ ဒီရွာမှာပဲ နေဖို့အတွက် မြေနေရာဝယ်ချင်ပေမယ့် အိမ်တနေရာအတွက် ငွေ သုံးသိန်း၊ လေးသိန်းလောက် တောင်းတော့ မတတ်နိုင်ဘူး အခုဘုန်းကြီးကျောင်းဝင်းထဲမှာ ယာယီနေကြရတာ။ အမြဲတမ်း နေဖို့လည်း ခွင့်ပြုထားတာ မဟုတ်ပါဘူး။” လို့ ပြင်ချောင်းရွာက စစ်ဘေးရှောင်လာသူ ဦးခပ်ချုပ် က ပြောပါတယ်။

၂၀၁၆ ဧပြီလကတည်းက ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ အေအေ နဲ့ တပ်မတော်တို့ရဲ့ ထိတွေ့တိုက်ပွဲတွေကြောင့် ဒေသခံတွေဟာ စိုးရိမ်ပြီး တိမ်းရှောင်လာနေကြတာပါ။ ဘူးသီးတောင်မြို့နယ်ထဲမှာ စေတောင်နဲ့ အလယ်ချောင်း ကျေးရွာတို့မှာ တိုက်ပွဲရှောင်သူတွေ ခိုလှုံနေကြပြီး စုစုပေါင်း မိသားစု တရာကျော်နဲ့ လူဦးရေ ငါးရာနီးပါးရှိနေပါတယ်။

ဇန်န၀ါရီလထဲမှာ ပြည်တွင်း NGO တစ်ခုဖြစ်တဲ့ MHDO (မြန်မာ့နှလုံးသား ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့) က ဆန်ရိက္ခာ ထောက်ပံ့လာခဲ့ပေမယ့် ရေရှည်ပုံမှန်ရပ်တည်နေထိုင်ဖို့ အစိုးရက ကူညီ ပေးဖို့မျှော်လင့်နေတယ်လို့ သိရပါတယ်။

သတင်း၊ဓာတ်ပုံ-ကိုအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013