
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ပင်လည်ဘူးမြို့နယ် ပင်လည်ဘူး-ဖောင်းပြင်သွားကားလမ်းမပေါ် ရွာရှည်ရွာအနီးမှာ ဖေဖော်ဝါရီ ၁၈ ရက်နေ့က တိုယိုတာ အမျိုးအစား ၆ ဘီး ယာဉ်ကို ရပ်တန့်စစ်ဆေးရာမှ တရားမဝင်သယ်ဆောင်လာတဲ့ တမလန်းသစ်တွေ ဖမ်းဆီးရမိခဲ့ကြောင်း ကသာခရိုင်သစ်တောဦးစီးဌာနက ပြောပါတယ်။
ဒီနေ့မနက် ၇ နာရီ ၄၅ မိနစ် အချိန်လောက်က ပင်လည်ဘူးမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းတွေ၊ သစ်တောရဲတပ်ဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က သတင်းအရ စိုးကိုမောင်းနှင်လာတဲ့ TOYOTA အမျိုးအစား (၆) ဘီးယာဉ်အား ရပ်တန့်စစ်ဆေးရာ မှ တမလန်း (၁၁) တုံး၊ (၂ ဒသမ ၁၂၆၂)တန်အား ဖမ်းဆီးမိခဲ့တယ်လို့ ဆိုပါတယ်။
တရားမဝင် တမလန်းသစ်တွေ သယ်ဆောင်လာတဲ့ စိုးကိုအား ပင်လည်ဘူးမြို့မ ရဲစခန်းက ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ ၆(၁) အရ အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ကိုကိုလင်း(အင်းတော်)











