DVB Logo
Home
မြန်မာသတင်း
ကျောက်ဖြူတွင် သာသနာ့မြေ ရောင်းဝယ်သည်ဟုဆိုကာ ဆန္ဒဖော်ထုတ်
DVB
·
February 18, 2017
ကျောက်ဖြူတွင် သာသနာ့မြေ ရောင်းဝယ်သည်ဟုဆိုကာ ဆန္ဒဖော်ထုတ်
1 / 7
Donate to DVB

ကျောက်ဖြူမြို့နယ်၊ တောင်ရင်းကျေးရွာအုပ်စု၊ စေတီယျကျေးရွာ၊ စေတီယျတောင်ဓာတ်ပေါင်းစု ဘုရားမြေနေရာကို တရားမ၀င် အရောင်းအ၀ယ်ပြုလုပ်ခဲ့တယ်လို့ဆိုပြီး ဖေဖော်ဝါရီ ၁၇ ရက် နေ့လယ် ၁ နာရီ လောက်က သံဃာ ၂၀ ပါး နဲ့ လူ ၂၀၀ လောက် ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

ကွင်းအမှတ်-၄၃၈၊ လယ်မြေဧရိယာ ၁ ဒသမ ၁၆ ဧကကို စေတီယျကျေးရွာမှာနေထိုင်တဲ့ ဦးမောင်မြင့်မှ ကျောက်ဖြူမြို့၊ မြစ်နားတန်းရပ်ကွက်မှ ဒေါ်အေးကြည်ကို စေတီယျတောင်ဓာတ်ပေါင်းစု ဘုရားမြေနေရာကို တရားမ၀င် အရောင်းအ၀ယ်ပြုလုပ်ခဲ့တယ်လို့ဆိုပြီး ဆန္ဒဖော်ထုတ်ခဲ့ကြတာပါ။

ဘုရားဂေါပကအဖွဲ့ဝင် ဦးလှမောင်က ‘‘ဒီ ဓာတ်ပေါင်းစုစေတီကို သာသနာရေးဝန်ကြီး ဦးဘစောတည်ခဲ့တာပါ။ ဒီကွင်းမှာ ၁၉၆၀ ပြည့်နှစ်ကစလို့ ဗုဒ္ဓပူဇနိယပွဲ တပေါင်းလပြည့်နေ့မှာ နှစ်စဉ်ကျင်းပလာပါတယ်။ ၃ နှစ်လောက်ကြာလာတဲ့အခါမှာ ဘုရားကိုစောင့်ရှောက်ဖို့အတွက် စေတီယျရွာက ဦးစောဦးကို အိမ်တလုံးဆောက်ပြီး အဲဒီမြေကွက်မှာထားခဲ့တယ်။ အခုတော့ သူဆုံးသွားပါပြီ။ စစ်သား မောင်မြင့်နဲ့ သူ့သမီးတယောက်နဲ့ လက်ထပ်လိုက်တယ်။ တပ်ကပင်စင်ယူပြီး ထွက်လာတော့ ဒီရွာမှာနေပြီး ဒီလယ်ကိုလုပ်တယ်။ ကျောက်ဖြူမှာ ဈေးနှုန်းကြီးလာတဲ့အခါ မြေကို အမည်ပေါက်လုပ်တယ်။ ပြီးတော့ ရောင်းစားလိုက်တယ်။ အကြိမ်ကြိမ်ကန့်ကွက်ခဲ့တယ်။ ဒီမြေကို ရောင်းလိုက်တဲ့အတွက် ဆန္ဒဖော်ထုတ်ကြတာဖြစ်တယ်’’ လို့ ပြောပါတယ်။

ကျောက်ဖြူမြို့၊ နာရီစင်ကွင်းတွင် စုရပ်လုပ်ပြီး နာရီစင်ကွင်းမှ စေတီယျတောင် ဓာတ်ပေါင်းစုဘုရားထိ လမ်းလျှောက်ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

ဘုရားသာသနာမြေ ရောင်းသူ၊ ၀ယ်သူ၊ လာဘ်စားသူ အလိုမရှိ၊ ဘုရားပွဲကျင်းပသည့်မြေနေရာ မပပျောက်ရေး ဒို့အရေး၊ သာသနာမြေခိုးရောင်းသူ ထွက်သွား စတဲ့ စာသားပါ ပိုစတာတွေကို ကိုင်ဆောင်ပြီး ဆန္ဒဖော်ထုတ်ခဲ့ကြတာပါ။

လယ်ယာမြေကို ရောင်းခဲ့တဲ့ ဦးမောင်မြင့်က ‘‘ဒီလယ်ယာမြေနဲ့ ပတ်သက်ပြီးတော့ ကျနော့်ဘက်ကတော့ စာရွက်စာတမ်း သက်သေအခိုင်အလုံအားလုံးရှိပါတယ်။ ကျနော်မှာ အရင်ကတည်းက နိုင်ငံတော်တာဝန်အရ အခွန်ဆောင်လာတာ ဒီနေ့အချိန်ထိပါပဲ။ ၁၉၈၁ ခုနှစ်မှာ ကျနော် တပ်ကထွက်လာတဲ့အခါ ကျနော့် ယောက္ခမက ဒီလယ်ကိုလုပ်စားမယ့်သူမရှိတဲ့အတွက် ကျနော့်ကို လုပ်ကိုင်စေခဲ့တာဖြစ်ပါတယ်။ ဒီမြေကိစ္စနဲ့ပတ်သက်လို့ အချိန်မရွေး ရှင်းပေးနိုင်ပါတယ်။ ခေါ်ရင်လည်းလာပါမယ်။ လာလို့လည်းရပါတယ်’’ လို့ ပြောပါတယ်။

အဲဒီလယ်ယာမြေကို ၂၀၁၃ ခုနှစ်မှာ ဦးမောင်မြင့်က ဒေါ်အေးကြည်ကို ကျပ်သိန်း ၅၀၀ နဲ့ ရောင်းချခဲ့ကြောင်း ဒေါ်အေးကြည်ရဲ့ သမက်ဖြစ်သူ ဦးစောထွန်းက ပြောပါတယ်။

‘‘ဒီမြေကို ရောင်းမယ်လို့ကြော်ငြာထားတော့ ၀ယ်လို့ရမရ ကျနော်က မြေစာရင်းမှာ သွားစုံးစမ်းပါတယ်။ မြေစာရင်းမှာ ဒီမြေဟာ ဘုရားမြေမဟုတ်လို့ ၀ယ်လိုက်တာပါ။ ဘုရားမြေ သာသနာမြေဆိုရင် ကျနော်တို့ဝယ်စရာအကြောင်းမရှိပါဘူး။ ရောင်းတဲ့သူမှာ ပုံစံ(၇)ရှိပါတယ်။ ကျနော်တို့ အဲဒီလယ်ယာမြေကို အခြားနည်းအသုံးပြုခွင့် လန(၃၉)လည်း ကျထားပြီးပြီ။ လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့် လျှောက်တုန်းကလည်း သာသနာမြေဆိုပြီး ဂေါပကက ကန့်ကွက်တော့ သာသနာရေးဦးစီးဌာန၊ မြို့နယ်နဲ့ ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ကလည်း အစစ်ခံခဲ့ဖူးပါတယ်။ သာသနာမြေမဟုတ်ပါ။ သာသနာမြေဆိုရင် ကျနော်တို့မ၀ယ်ပါဘူး’’လို့ ပြောပါတယ်။

ထိုလယ်ယာမြေကို စက်သုံးဆီအရောင်းဆိုင်ဖွင့်လှစ်ရန် ၂၀၁၆ ခုနှစ်က ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့က ဒေါ်အေးကြည်ကို ခွင့်ပြုထားပြီးလို့ သိရပါတယ်။

ထွန်းထွန်းနိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013