သထုံမြို့တွင် ရာဘာဂိုဒေါင်နှင့် နေအိမ် ၃ လုံး မီးလောင်ကျွမ်းမှုဖြစ်
DVB
·
February 18, 2017
မွန်ပြည်နယ်၊ သထုံမြို့၊ နန်းခဲရပ်ကွက်မှာ ဖေဖော်ဝါရီ ၁၈ ရက် နံနက်စောပိုင်းက ရာဘာဂိုဒေါင်တလုံးတွင် ဝါတာကိုလာနဲ့ ဆက်သွယ်ထားတဲ့ မိန်းထုပ်ကို ရာဘာပြားပေါ်တင်ထားရာက အပူလွန်ကဲပြီး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပါတယ်။
ဖြစ်စဉ်မှာ မွန်ပြည်နယ်၊ သထုံမြို့၊ နန်းခဲရပ်ကွက်၊ ရှမ်းစုအလယ်တန်းလမ်းနဲ့ နန်းတော်ဦးလမ်းထောင့်ရှိ ဒေါ်ကြည်ရာဘာရောင်းဝယ်ရေး နေအိမ်ဂိုဒေါင်မှာ ဖေဖော်ဝါရီ ၁၈ ရက် မနက် ၃ နာရီ ၁၀ မိနစ်ခန့်က ဒေါ်ကြည်ရာဘာရုံမှ လုပ်သားဖြစ်သူ ရာဇာထွန်း (ခ) ရာဇာ က နေအိမ်အောက်ထပ်ရှိ မီးပလပ်ခုံနှင့် ဝါတာကိုလာ အားဆက်သွယ်ထားတဲ့ မိန်းထုပ်ကို ရာဘာပြားပေါ်တွင် တင်ထားကာ အသုံးပြုခဲ့ပြီး ညနေပိုင်းမှာ ပြန်မဖြုတ်မိဘဲ မေ့ကျန်ခဲ့လို့ မိန်းထုပ်က အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
သထုံခရိုင်မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကြင်ထွန်းက "အဲဒီဂိုဒေါင်က အလုပ်သမားလေးပါဘဲ။ ရာဘာပြားပေါ်မှာ မိန်းထုပ်ကိုသွားတင်ထားပြီး မေ့သွားတာပါ။ မိန်းထုပ်ကပူတဲ့အရှိန်နဲ့ အောက်ကရာဘာတွေကလည်းအများကြီးဆိုတော့ လောင်တဲ့အားကပိုကောင်းသွားတဲ့သဘောပါ။ ဂိုဒေါင်အပါအဝင် ၃ လုံးလောင်တာပါ။" လို့ဆိုပါတယ်။
မီးလောင်ကျွမ်းတဲ့နေရာကို သထုံခရိုင်မီးသတ်တပ်ဖွဲ့ဝင်၊ အရန်မီးသတ်တပ်ဖွဲ့ဝင်၊ ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ ပြည်သူများ စုစုပေါင်းအင်အား ၂၀၀ ခန့် သထုံခရိုင်အတွင်းမှာရှိတဲ့ မီးငြှိမ်းသတ်ယာဉ် ၂၇ စီး၊ ရေသယ်ယာဉ် ၆ စီးလောက်နဲ့ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့လို့ မနက် ၅ နာရီခွဲလောက်မှာ မီးငြိမ်းသွားခဲ့ပါတယ်။
မီးလောင်မှုကြောင့် လူ၊ တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ ဆုံးရှုံးမှုတန်ဖိုး ၈၃ သိန်းဖိုးလောက် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သထုံခရိုင်မီးသတ်ဦးစီးဌာနက သိရပါတယ်။
မီးလောင်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး မီးကိုပေါ့ဆစွာ အသုံးပြုခဲ့တဲ့ ရာဇာထွန်း (ခ) ရာဇာ ကို သထုံမြို့မရဲစခန်းက (ပ) ၂၇၃/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ-၂၈၅ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။
ယူမင်းစိုး