DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်နယ်မြောက်ပိုင်းနေ ရွာသားများ ခြိမ်းခြောက်အနိုင်ကျင့်ခံနေရ
DVB
·
February 17, 2017
ရှမ်းပြည်နယ်မြောက်ပိုင်းနေ ရွာသားများ ခြိမ်းခြောက်အနိုင်ကျင့်ခံနေရ
Donate to DVB

 

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးခရိုင်ထဲက ရွာသားတွေ မန်ပန်အခြေစိုက် ဌာနေပြည်သူ့စစ်ရဲ့ ခြိမ်းခြောက် အနိုင်ကျင့်မှု ခံနေရတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဒေသခံရှမ်းနိုင်ငံရေးပါတီလွှတ်တော် အမတ်တွေက  သက်ဆိုင်ရာပြည်သူ့စစ်ခေါင်းဆောင်တွေနဲ့ ဆွေးနွေးဖို့ စီစဉ်နေပါတယ်။  

မန်ပန်ပြည်သူ့စစ်မှ ဗိုလ်ကြီးအဆင့်ရှိသူတွေဟာ ရွာသားတွေကို အကြောင်းမဲ့ သေနတ်နဲ့ ခြိမ်းခြောက်တာ၊ သူတို့ဒေသမှာ ရွှေတူးမယ့်ကိစ္စကို အတင်းအကျပ် သဘောတူခိုင်းတာ၊ ဘုန်းကြီးကျောင်း ဂေါပကလူကြီးကို ဖြုတ်ချတာတွေ လုပ်ခဲ့တယ်လို့ လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အမှုဆောင် စိုင်းလှထွေးက ပြောပါတယ်။

“ရွာသားတွေက ကျနော်တို့ဆီကို လာတိုင်လို့ ကျနော်တို့လည်း ရှမ်းလွှတ်တော် ကိုယ်စားလှယ်တွေဆီ ဆက်ပြီး အကြောင်းကြားပေးထားပါတယ်။ သူတို့ကို ပြည်သူ့စစ်အဖွဲ့ ဗိုလ်ကြီးတွေက အနိုင်ကျင့် ခြိမ်းခြောက်နေတယ်ပေါ့နော်။ ဇန်နဝါရီလ ၂၉ ရက်နေ့က ဗိုလ်ကြီးထွန်းစိန်ဆိုတဲ့သူက ခုန်စုန်ရွာသား ၇ ယောက်ကို တိန်းဟိန်းရွာမှာ သူနဲ့လာတွေ့ဖို့ပြောတယ်။ ဟိုရောက်တော့ အားလုံးကို တန်းစီခိုင်းပြီး သူတို့ပြည်သူ့စစ်တွေရှေ့မှာ သေနတ်နဲ့ ပစ်သတ်မယ်လို့ ခြိမ်းခြောက်ခဲ့တယ်။ အကြောင်းရင်းလည်းမသိရ၊ သူတို့မှာ ဘာအပြစ်မှလည်း မရှိဘူးလို့ ပြောတယ်။  နောက်တခုကတော့ မိုင်းပိုင်ကျေးရွာအုပ်စုမှာ၊ သူတို့ရွာနားမှာ ကျောက်စိမ်းအားမာန်ဆိုတဲ့ ကုမ္ပဏီက ရွှေတူးဖော်ရေးလုပ်ငန်းလုပ်တယ်။ ဒါကို ရွာသားတွေက မလိုလားဘူး။ ဇန်နဝါရီလ ၂၃ ရက်နေ့က မန်ပန်ဌာနေပြည်သူ့စစ်က ဗိုလ်ကြီးစိုင်းညွန့်က ရွာသားတွေကို ဟိုပိုင်ရွာမှာဆင့်ခေါ်ပြီး ရွှေတူးတာကို သဘောတူကြောင်း အတင်းလက်မှတ်ထိုးခိုင်းတယ်။ ရွာသားတွေက မထိုးနိုင်ဘူးပြောတော့ သူတို့အားလုံးကို ရွာကနေ မောင်းထုတ်ပစ်မယ်လို့ ခြိမ်းခြောက်တယ်တဲ့။”

ရွာလုံးကျွတ်နှင်ထုတ်မယ်လို့ ခြိမ်းခြောက်ခံရတဲ့ ရွာတွေမှာ လားရှိုးမြို့နယ် မိုင်းပိုင်အုပ်စုရှိ ဟိုပိုင်ကျေးရွာ၊ ပန်လော့ကျေးရွာ၊ နမ့်လှိုင်ကျေးရွာတို့ဖြစ်ကြောင်း၊ ခုလို ခြိမ်းခြောက်ခံထားရတာ ကြောင့် ရွာသားတွေ စိုးရိမ်ကြောက်ရွံ့နေတယ်လို့ သူက ဆက်ပြောပါတယ်။

အဲဒီနေ့မှာပဲ ပန်လော့ရွာအုပ်ချုပ်ရေးရုံးက စာရေးတယောက်၊ ဟိုပိုင်ရွာဦးကျောင်းတိုက်က ဂေါပကတယောက်ကိုလည်း ရွာသားတွေရဲ့သဘောဆန္ဒ မမေးဘဲ ဖြုတ်ချခဲ့တယ်လို့ ဆိုပါတယ်။

အင်အား ၅၀၀ ခန့်ရှိတဲ့ မန်ပန်ပြည်သူ့စစ်အဖွဲ့ဟာ  ရှမ်းပြည်မြောက်ပိုင်း လားရှိုးခရိုင် မိုင်းယော်၊ နမ့်ပေါင်၊ နောင်လိုင်နဲ့ တန့်ယန်း စတဲ့မြို့နယ်တွေမှာ လှုပ်ရှားသွားလာပြီး ကျေးလက်တောရွာတွေမှာ အိမ်ခြေအနည်းအများအလိုက် တရွာကို ကျပ်ငွေ ဆယ်သိန်းအထက် အခွန်တွေပါ ကောက်ခံ ခဲ့ကြောင်း၊ ဒီ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ကတော့ ဝမ်ကျောက်ရွာသားတွေကို ခေါ်ယူတွေ့ဆုံပြီး အခွန်မကောက်တော့ကြောင်း၊ ဒါပေမယ့် အဖွဲ့အစည်းရန်ပုံငွေ ထည့်ဝင်ပေးဖို့ ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

အခုလို ရွာသားတွေကို ခြိမ်းခြောက် အနိုင်ကျင့်တဲ့ ကိစ္စ တိုင်ကြားမှုတွေနဲ့ပတ်သက်ပြီး လားရှိုး အက်စ်အန်အယ်လ်ဒီ အမျိုးသားလွှတ်တော် အမတ် စိုင်းဝမ်းလိုင်းခမ်းကတော့   ပါတီလွှတ်တော် ကိုယ်စားလှယ်တွေစုပြီး ပြည်သူ့စစ်ခေါင်းဆောင်တွေနဲ့ဆွေးနွေးမေးမြန်းဖို့ ဒီလ ၉ ရက်နေ့က လားရှိုးက သူတို့ ဆက်ဆံရေးရုံးကို ကမ်းလှမ်းထားပေမယ့် တွေ့ဆုံမယ့်ရက် အကြောင်းမပြန်သေးဘူးလို့  ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013