DVB Logo
Home
နိုင်ငံတကာ
အမေရိကန်တွင် Microsoft ဝန်ဆောင်မှု ပြတ်တောက်၊ OpenAI နှင့် Anthropic တို့ ထိခိုက်
DVB
·
November 13, 2026
Photo:Reuters
Photo:Reuters
Donate to DVB

အမေရိကန်ပြည်ထောင်စုက သုံးစွဲသူ ထောင်ပေါင်းများစွာအတွက် Microsoft 365၊ Outlook နဲ့ Teams ဝန်ဆောင်မှုတွေ နိုဝင်ဘာ ၁၂ ရက်မှာ ပြတ်တောက်သွားခဲ့ပါတယ်။

ဒါကြောင့် OpenAI နဲ့ Anthropic တို့ရဲ့ AI ဝန်ဆောင်မှုတွေမှာ အသုံးပြုနေတဲ့ ချိတ်ဆက်မှု စနစ်တွေပါ ထိခိုက်ခဲ့ရတယ်လို့ ဝန်ဆောင်မှု ပြတ်တောက်မှုတွေကို စောင့်ကြည့်တဲ့ Downdetector.com ဝက်ဘ်ဆိုက်မှာ ဖော်ပြပါတယ်။

အရင်းအမြစ်အမျိုးမျိုးက သတင်းပို့ချက်တွေကို စုစည်းထားတဲ့ Downdetector အရ အမေရိကန် အရှေ့ပိုင်းစံတော်ချိန် မွန်းလွဲ ၂ နာရီ ၇ မိနစ်မှာ Outlook အဆင်မပြေကြောင်း တိုင်ကြားမှု ၉၇,၀၀၀ ကျော် ရှိခဲ့ပေမဲ့ တကယ်တမ်း ထိခိုက်သူဦးရေကတော့ အပြောင်းအလဲ ရှိနိုင်ပါတယ်။

ဒါ့အပြင် Microsoft 365 ပြဿနာ ၃၈,၀၀၀ ကျော်နဲ့ Teams သုံးရခက်ခဲမှု ၄,၅၀၀ လောက်ကို လည်း မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။မိုက်ခရိုဆော့ဖ်ကတော့ ထိခိုက်မှုတွေ လျှော့ချဖို့ နည်းလမ်းပေါင်းစုံနဲ့ အပြင်းအထန် ကြိုးပမ်းနေတယ်လို့ ထုတ်ပြန်ပါတယ်။

နည်းပညာအဖွဲ့အနေနဲ့ စနစ်အသစ် ဖြန့်ဝေမှုတွေကို ခဏရပ်ဆိုင်းထားပြီး ချို့ယွင်းနေတဲ့ အခြေခံအဆောက်အအုံတွေပေါ်က အသွားအလာတွေကို ရွှေ့ပြောင်းတာ၊ ထိခိုက်သွားတဲ့ ဆာဗာတွေကို ပြန်လည်စတင် (restart) လုပ်ဆောင်ပြီး ဝန်ဆောင်မှု ပြန်ပေးနိုင်အောင် လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

အဲဒီနေ့ အစောပိုင်းတုန်းက မြောက်အမေရိကက သုံးစွဲသူတွေ ကြုံခဲ့ရတဲ့ Teams ပြတ်တောက်မှုကို အပြည့်အဝ ဖြေရှင်းပြီးဖြစ်ပေမဲ့ နောက်ပိုင်းမှာတော့ ဒီပြဿနာဟာ တခြားဒေသတွေက Microsoft 365 ဝန်ဆောင်မှု ချိတ်ဆက်မှုတွေ အပေါ်မှာပါ သက်ရောက်နိုင်တယ်လို့ မိုက်ခရိုဆော့ဖ်က ပြောပါတယ်။

တဖက်မှာလည်း OpenAI က မိုက်ခရိုဆော့ဖ် ချိတ်ဆက်မှုစနစ်တွေမှာ ချိတ်ဆက်မှုအသစ်တွေ ပြတ်တောက်နိုင်သလို လုပ်ဆောင်ချက် (tools) တွေ ပုံမှန်အလုပ်မလုပ်တဲ့ ပြဿနာကို စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။

Anthropic ကလည်း သူတို့ရဲ့ Microsoft 365 ချိတ်ဆက်မှုစနစ်ကို ထိခိုက်စေတဲ့ ပင်မဝန်ဆောင်မှု ပေးသူ (upstream provider) ဘက်က ပြဿနာတခုကို စစ်ဆေးတွေ့ရှိထားတယ်လို့ ပြောပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013