
ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်ထဲက အခြေခံပညာကျောင်းတွေကို တရုတ်နိုင်ငံက အလှူရှင်တွေက တည်ဆောက်လှူဒါန်းဖို့ အစီအစဉ်ရှိနေပါတယ်။
အင်္ဂပူမြို့နယ်တွင်းရှိ ပျက်စီးနေတဲ့ မူလတန်းကျောင်းတွေကို ပြင်ဆင်နိုင်ဖို့ ဧရာဝတီတိုင်း လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်နဲ့ တရုတ်နိုင်ငံက အလှူရှင်တွေ မကြာသေးခင်က လိုက်လံကြည့်ရှုခဲ့ကြပါတယ်။
လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်ကတော့ “အခု ကျောင်းတွေကို လိုက်လံပြီး အလှူရှင်တွေနဲ့ ကြည့်ရှုနေတာပါ။ အရင်ဆုံး အစိုးရအစီအစဉ်နဲ့ မပြင်နိုင်သေးတဲ့ မူလတန်းကျောင်းတွေကို တရုတ်နိုင်ငံက အလှူရှင်တွေက ကျောင်းသုံးကျောင်း ဆောက်လုပ်လှူဒါန်းဖို့ လုပ်ကိုင်နေတာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။
အင်္ဂပူမြို့နယ် ပညာရေးမှူး ဦးမြင့်သူကတော့ “ဒီနှစ်ဘတ်ဂျက်အတွင်းမှာ ပျက်စီးတာ၊ အန္တရာယ်ရှိ ကျောင်းဆောင်တိုးချဲ့ဆောင် စတဲ့ ကျောင်းအဆောက်အဦပေါင်း ၂၀၈ ကျောင်း ပြင်ဆင်တိုးချဲ့တည်ဆောက်ဖို့ တိုင်းအစိုးရကို တင်ပြထားတယ်” လို့ ပြောပါတယ်။
အင်္ဂပူမြို့နယ်မှာ ဗကကျောင်း၊ အထက်တန်းကျောင်း၊ မူလတန်းကျောင်း အပါအဝင် ကျောင်းပေါင်း ၂၇၅ ကျောင်းရှိတယ်လို့ သိပါတယ်။










