DVB Logo
Home
မြန်မာသတင်း
ကချင်အမျိုးသားညီလာခံကို ခေါင်းစဉ်ပြောင်းကျင်းပမည်
DVB
·
February 16, 2017
ကချင်အမျိုးသားညီလာခံကို ခေါင်းစဉ်ပြောင်းကျင်းပမည်
Donate to DVB

ကချင်အမျိုးသားညီလာခံ ကျင်းပနေတဲ့ မြစ်ကြီးနားမြို့ မနောကွင်းကို ရဲတပ်ဖွဲ့တွေ အင်အားအလုံးအရင်းနဲ့ ဒီနေ့မနက်က ၀င်ရောက်တားမြစ်ရခြင်းဟာ အစိုးရရဲ့ ခွင့်ပြုချက်မရဘဲ လုပ်ဆောင်တဲ့အတွက် တားဆီးရတာလို့   ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးထွန်းဦးက ရှင်းလင်းပြောပါတယ်။

ပြီးခဲ့တဲ့ ကချင်ပြည်နယ်နေ့တုန်းက ဒီမနောကွင်းမှာ ကျင်းပတဲ့ ကချင်ပြည်နယ်နေ့ အခမ်းအနား မှာ နိုင်ငံတော်ကို ဆန့်ကျင်တဲ့အသုံးအနှုန်းခဲ့တဲ့အပြင် အခု ကချင်အမျိုးသားညီလာခံ ဆိုတဲ့အသုံးအနှုန်းဟာ ကျယ်ပြန့်တာကြောင့် ကချင်ပြည်နယ်အစိုးရက ကျင်းပခွင့်မပြုတာလို့ ရဲမှူးကြီး ထွန်းဦးက ပြောပါတယ်။

“အခုတခါ ကချင်အမျိုးသားညီလာခံ ကျင်းပပါမယ်ဆိုပြီးတော့မှ တင်ပြီးတော့ ကျနော်တို့ တင်တင်ချင်းမှာ ဒီဥစ္စာကြီးက ကျယ်ပြန့်တယ်လေ။ ဒီဥစ္စာက နိုင်ငံတော်အဆင့်နဲ့ဆိုင်တဲ့ ခေါင်းစဉ်တွေဖြစ်တဲ့ အတွက် ချက်ချင်းတင်ပြတဲ့အခါမှာ ဒီကချင်ပြည်နယ်အစိုးရကနေပြီးတော့မှ ဒီကွင်းထဲမှာ လုပ်ခွင့် မပေးပါဘူး။ မပေးရတဲ့ အကြောင်းအရင်းခိုင်ခိုင်မာမာကိုတော့ အစိုးရက ကျနော့်ထက် ပိုပြီးတော့ သိမှာပါ။ ယခင်ကျနော်သိတဲ့ အကြောင်းအရာ ၂ ခုကတော့ အရင်ရှေ့တုန်းက လုပ်ခဲ့တဲ့ဟာလေး တွေ ရှိတယ်။ ဒီမှာ သူတို့ကျင်းပတဲ့အခါမှာ အထိန်းအချုပ်က ဘယ်သူ ခေါင်းဆောင်ပြီးတော့ ဘယ်သူ ကျင်းပတယ်။ တကယ်တန်း ဘယ်သူတာဝန်ရှိလဲ ဆိုတဲ့အခါကျတော့ အဲဒီအချိန်မှာ သူတို့ မပြောကြဘူး။”

ဒါ့အပြင် လွန်ခဲ့တဲ့ ၃ ရက်လောက်ကလည်း ဒီပွဲကို မလုပ်ဖို့ ထပ်ပြောပေမယ့် ကျင်းပနေတဲ့အတွက် လာရောက် တားဆီးတာလို့လည်း ရဲမှူးကြီးက ပြောပါတယ်။

“ဒီမနောကွင်းနဲ့ မဂျွယ်ခန်းမမှာ မလုပ်ပါနဲ့ ဆိုပြီးတော့ တရားဝင်ခေါ်ပြောပါတယ်။ ပြောတဲ့အချိန်မှာ လျှောက်လွှာ တင်သွင်းတဲ့ ဦးတန်ဂွမ်းအပါအ၀င် သူတို့အဖွဲ့ လေးငါးယောက်လောက်ရှိပါတယ်။ ဒီမှာရှိတဲ့ ကချင်စာပေနဲ့ ယဉ်ကျေးမှုအဖွဲ့ခေါင်းဆောင် ဥက္ကဋ္ဌအပါအ၀င်ပေါ့နော်။ အဲလိုပြောပြီးနောက်မှာ ဒီနေ့ ညနေလိုပြောတယ်။ နောက်တနေ့မှာ အခမ်းအနားကျင်းပဖို့တွေကို ထပ်ပြီးတော့ စာလည်းတင်တယ်။ ဆိုင်းဘုတ်စိုက်ထူပြီးတော့ ဒီအခမ်းအနား ကျင်းပပါမယ်ဆိုပြီးလုပ်တယ်။ အဲဒီအခါမှာ ကျနော်တို့ အနေနဲ့ကတော့ ကျနော်တို့ ပြည်နယ်အစိုးရကနေပြီးတော့မှ ထုတ်ပြန်ထားတဲ့အမိန့်ကို တည်အောင် ဆိုပြီးတော့မှ ထုတ်ပြန်ထားတဲ့အမိန့်အတိုင်း ကျနော်တို့က လိုက်နာပြီး ဒီထဲမှာ ဒီအခမ်းအနားကို လောလောဆယ်မှာ အစိုးရက မကျင်းပဖို့ ပြောထားတဲ့အတွက်ကြောင်းမို့ မကျင်းပနိုင်အောင် ကျနော်တို့ တံခါးပိတ်ဆို့ပြီးတော့ မေတ္တာရပ်ခံပြီးတော့ ကျနော်တို့ အစောင့်ချထားပါတယ်။”

ရဲတပ်ဖွဲ့တွေရဲ့ ပိတ်ဆို့တားဆီးမှုကြောင့် ညီလာခံ ကျင်းပရေး ကော်မီတီအနေနဲ့ ကျင်းပတဲ့ခေါင်းစဉ်ကို ပြောင်းပြီး ဒီကနေ့ညနေမှာ ဒီညီလာခံပြန်စနိုင်အောင် လုပ်ဆောင်နေတယ်လို့ ညီလာခံဖြစ်မြောက်ရေး ကော်မီတီဝင် ဦးလဘန်ဂမ်အောင်က ပြောပါတယ်။

“ကျနော်တို့ ပြည်နယ်အစိုးရက ဒီနေရာမှာ မလုပ်ဖို့ အတွက်ပြောပါတယ်။ မနက် ၉ နာရီကနေ လုပ်ဖို့ စီစဉ်ထားတာတွေအကုန်လုံး ဖျက်လိုက်ရတာပေါ့နော်။ ဒါပေမယ့် ဒီညနေ ၃ နာရီမှာ ကျနော်တို့ လုပ်ဖို့အတွက် ပြင်ဆင်နေတယ်။ ဒီမဂျွယ်ခမ်းမမှာပဲလုပ်ဖို့ ပြင်ဆင်နေတယ်။ ခေါင်းစဉ်ပြောင်းဖို့ ပေါ့နော်။ အရင်က ကချင်အမျိုးသားများညီလာခံပေါ့။ အခုကတော့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ပင်လုံအတွက် ကချင်အမျိုးသားများ၏တွေ့ဆုံပွဲဆိုပြီးတော့မှ လုပ်ထားပါတယ်။”

ဒီလိုခေါင်းစဉ်ပြင်ပြီးဆွေးနွေးပွဲကျင်းပဖို့  ပြည်နယ်အစိုးကတင်ထားပြီး အဲဒီခေါင်းစဉ်နဲ့ ကျင်းပနိုင်ဖို့ ဖုန်းမက်ဆေ့နဲ့ ခွင့်ပြုချက်ရထားတယ်လို့လည်း ဦးလဘန်ဂမ်အောင်က ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံနေရာအနှံ့က ကချင်ကိုယ်စားလှယ် ၆၀၀ လောက်ကို ခေါ်ယူထားပြီး ဖြစ်တာကြောင့် ဖျက်ဖို့မလွယ်ကူတဲ့အတွက် အကျပ်အတည်း ဖြစ်ခဲ့ရကြောင်း ဒီညီလာခံ ဖြစ်မြောက်အောင်ညှိနှိုင်း တိုင်ပင်လုပ်ဆောင်သွားမယ်လို့လည်း ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013