DVB Logo
Home
Lead Story
“လူသတ်ပေးမယ်လို့ မပြောဖူးပါဘူး” - ကိုအောင်စိုးနှင့် မေးမြန်းချက်
DVB
·
February 16, 2017
“လူသတ်ပေးမယ်လို့ မပြောဖူးပါဘူး” - ကိုအောင်စိုးနှင့် မေးမြန်းချက်
Donate to DVB

 

ပြီးခဲ့တဲ့ဇန်နဝါရီ ၂၉ ရက်က ရန်ကုန်လေဆိပ်မှာ အန်အယ်လ်ဒီ ဗဟိုဥပဒေအကြံပေး ဦးကိုနီ လုပ်ကြံသတ်ခံရမှုနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံးရဲ့ မနေ့က ထုတ်ပြန်ချက်ထဲမှာ ပြစ်မှုကျူးလွန်ရာမှာ ပူးပေါင်းပါဝင်ခဲ့တဲ့ တရားခံ အောင်ဝင်းဇော်ကို  ကိုအောင်စိုးက ပြန်ဆက်သွယ်ခဲ့တယ်လို့ ရေးသားထားပါတယ်။ သမ္မတရုံး ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ကိုအောင်စိုးကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

မနေ့က အစိုးရသတင်းထဲမှာပါတာ အောင်ဝင်းဇော်က ကိုအောင်စိုးက သူ့ကို ပြန်ဆက်သွယ်တယ်ပေါ့နော်။ သူ့ကို သံတမန် ပြန်သွားပြီဆိုပြီး ဖျက်လိုက်တယ်ဆိုတာ။ အဲဒါနဲ့ပတ်သက်ပြီး ကိုအောင်စိုးအနေနဲ့ ဘာပြောစရာရှိမလဲ။

“အဲဒီစကားက ကျနော် မသိတဲ့ စကားလုံးတခုပဲခင်ဗျ။ ဘယ်လိုလဲဆိုတော့ ကျနော်နဲ့ သူနဲ့ သူ ကျနော့်ကိုလာပြီးတော့ ညှိနှိုင်းတယ်၊ ဒီအလုပ်ကိုလုပ်ဖို့ ဆွေးနွေးတယ်ပေါ့နော်။ ကျနော်က စဉ်းစားဦးမယ်ဆိုပြီး ပြန်လာတယ်။ နောက်တော့ ဖုန်း နှစ်ကြိမ်၊ သုံးကြိမ် ဆက်တယ်။ ကျနော်က လက်မခံချင်တဲ့ အမူအရာပြတော့ သူ ကျနော့်ကို မဆက်တော့ဘူး။ ပထမ သူ ကျနော့်ကို ခိုင်းစဉ်ကာလမှာ၊ ခင်ဗျားတို့ဆီမှာ ပြောတာပါလား၊ မပါလားတော့ မသိဘူး။ ပထမ လာငှားစဉ်အခါမှာ ကျနော်ထင်တာက ဒီကောင်တွေက ငါ့ကို အချိုသတ်ပြီးတော့များ ဒုက္ခပေးဖို့လားပေါ့၊ စဉ်းစားတယ်။ ဒုတိယအချက်က နိုင်ငံခြားသံတမန်တယောက်ကများ သူ့ကို သူ ခိုးရောင်းလာတဲ့ ဘုရားတွေကို ပိုက်ဆံမပေးဘဲ ရစ်လိုက်လို့လား။ အဲဒါကြောင့်မို့များ ကျနော့်ကို လာသတ်ခိုင်းတာလား စဉ်းစားတယ်ပေါ့နော်။ အဲဒီအချက်နှစ်ချက် ကျနော် စဉ်းစားတယ်။ လက်ရှိဖြစ်ပေါ်သွားတဲ့ ကိစ္စမျိုးတွေ ကျနော် မစဉ်းစားမိဘူးပေါ့နော်။ သူ့ရဲ့ပြစ်မှုက နိမ့်တာကိုး။ ကျနော်တွေ့ခဲ့တာက ဘုရားခိုးနဲ့ တွေ့ခဲ့တာကိုး။ အဲဒီလို သူ့အပေါ် ကျနော် အထင်သေးခဲ့တယ်။ ဒီကိစ္စဖြစ်ပေါ်လာမှ ဒါတွေက အမှန်တွေပါလားဆိုတာ သိခဲ့ရတာပါ။”

“အဲဒီတော့ ဒီလိုကိစ္စတွေ မဖြစ်ပေါ်ခင်မှာပဲ ကျနော် ဘာတွေလုပ်နေလဲဆိုရင် အခုလက်ရှိ လူတွေ မစုံစမ်း မလေ့လာမိတဲ့ကိစ္စတွေ လိုက်စုံစမ်းတဲ့အကျင့်ရှိတယ်။ ကျနော် အားလုံးတွေ မှတ်တမ်းတွေထားတယ်။ အဲဒီတော့ ကျနော့်ဆီကို ဒီကောင် ဖုန်း နှစ်ကြိမ်၊ သုံးကြိမ် ဆက်ပြီးမေးတဲ့အခါမှာ ကျနော် မလုပ်တဲ့ပုံစံမျိုးတွေ ပြလိုက်တော့ သူ ကျနော့်ကို မဆက်တော့ဘူး။ သူ မဆက်တဲ့အချိန်မှာ ကျနော် သူ့ဆီကို နှစ်ကြိမ်လောက် ဖုန်းဆက်လိုက်တယ်။ လုံးဝ ဖုန်းမကိုင်ဘူး။ ဆိုလိုတာက ကျနော် ဒီကောင့်ဆီကို စုံစမ်းလေ့လာချင်လို့။ ကျနော်က ဒါမျိုးတွေ ဝါသနာပါတယ်ဗျ။ လက်ရှိမှာ ကျနော် စာအုပ်ထွက်ပြီးတာ ၂ နှစ်ကျော်ပြီ။ နောက်တအုပ်လည်း ရေးပြီးသား အဆင်သင့်ရှိတယ်။ မနက်ဖြန်လည်း ကျနော် ဆက်ရေးမှာ။ အိမ်မှာ ရေးပြီးသား ဝတ္ထုတွေ၊ ကဗျာတွေ၊ ဆောင်းပါးတွေ အကုန်ရှိပါတယ်။ သူ ကျနော့်ကိုပြောတဲ့ စာထဲမှာပါတဲ့ သူ့ကို ကျနော် ဆက်သွယ်လို့ ကျနော်နဲ့ သူနဲ့ ပြောတဲ့စကားလုံးတွေ၊ အဲဒါတွေ ကျနော် မသိဘူး။ သူ့ဆီက ကျနော့်ကို ငွေ သိန်း ဘယ်နှရာပေးပါ၊ ဘယ်နှထောင်ပေးပါလည်း မပြောဖူးဘူး။ လူသတ်ပေးမယ်လို့လည်း မပြောဖူးပါဘူး။”

ဟုတ်ကဲ့။ အဲဒီတော့ အစိုးရဆီမှာ သူက အဲဒီလိုထွက်တယ်ဆိုတော့ ဘာဖြစ်လို့ ဒီလိုထွက်တယ်လို့ ကိုအောင်စိုး ဘယ်လိုသုံးသပ်လဲ။

“သူကတော့ ရှင်းရှင်းပြောရရင် ဟိုမှာ အရိုက်ခံရတော့ သူ ပြောချင်ရာ ပြောမှာပေါ့ဗျာ။ ဒါပေမယ့် သူ ဖြေထားတာရှိပါတယ်။ သူက ကျနော့်ကို လက်ထောက်ချလိုက်တယ်လို့ ပြောလိုက်တာရှိတယ်။ အဖွင့်အပိတ်တွေနဲ့တော့ အဲဒီမှာ ရေးထားတာပဲဗျ။ ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ ကျနော်ကတော့ ဒီပြဿနာ ဖြစ်ဖြစ်ချင်း နာရီပိုင်းအတွင်း ကိုဆွေဝင်းကို ကျနော်ကနေ… ဆိုလိုတာက ညနေ ၅ နာရီဖြစ်တယ်ဗျာ၊ ၆ နာရီလောက်မှာ ကြည်လင်းဆိုတာ အဖြေသိရပြီ။ နောက်ကွယ်က ဘယ်သူဖြစ်နိုင်တယ်လို့ ကျနော် ထင်တယ်ပေါ့နော်။ ၉ နာရီခွဲလောက်မှာ ကိုဆွေဝင်းကို ကျနော် ဖုန်းဆက်ပြီးတော့ အကျိုးအကြောင်းပြောတယ်။ မနက်မှာ ကိုဆွေဝင်းလာတယ်။ ကျနော်တို့ တိုင်ပင်တယ်။ တိုးတိုးတိတ်တိတ် လိုက်ဖို့ ကျနော်တို့ တိုင်ပင်ကြတာပေါ့နော်။ ဟုတ်ချင်မှလည်း ဟုတ်မှာလေ။ ကိုယ်ထင်တာပဲ ရှိတာကိုး။ ကိုဆွေဝင်းက တရက်၊ နှစ်ရက် စောင့်ကြည့်ပြီးမှ ဒီကိစ္စက ကြီးကျယ်တယ်။ ဒီအတိုင်းထားလို့တော့ မဖြစ်ဘူးဆိုပြီးတော့ ဂျာနယ်ထဲ ထည့်လိုက်တာဗျ။ ဆိုလိုတဲ့သဘောက ကျနော်သာ ဒီမကောင်းမှုတွေကို လုပ်ခဲ့မယ်ဆိုရင်… ကျနော် စီးပွားရေးအဆင်မပြေဘူးလေ၊ ကျနော် လက်ခံလိုက်မှာပေါ့။ ဒါပေမယ့် ကျနော် ငါးပိရည်နဲ့စားပြီးတော့ပဲ အေးအေးဆေးဆေး ငြိမ်းငြိမ်းချမ်းချမ်း သာသာယာယာပဲ နေချင်တယ်ဗျာ။ ကြက်သား၊ ဝက်သား စားပြီး စိတ်ဆင်းရဲပြီး မနေချင်ဘူး။”

အဲဒီတော့ ကိုအောင်စိုး ပြောပုံဆိုရင် သူ ဆက်သွယ်ပြီးနောက်ပိုင်းမှာ ကိုအောင်စိုးက သူ့ကို ဖုန်းဆက်တယ်။ သူ လုံးဝ ဖုန်းမကိုင်တော့ဘူး။ ခုနက ထွက်ဆိုချက်ထဲမှာပါတဲ့ ဟာတွေကလည်း တခုမှ မဟုတ်ဘူးပေါ့နော်။

“ကျနော့်ကိုပြောတဲ့စကားတွေထဲမှာ အဲဒါတွေ မပါဘူး။ မကြားဖူးဘူး။ သူ့ညီလည်း ကျနော် မသိဘူး။ ဗိုလ်မှူးတွေ ဘာတွေလည်း လုံးဝမသိဘူး။ တခွန်းမှ မပြောဖူးဘူး။”

ကိုအောင်စိုးက အောင်ဝင်းဇော်ကိုပဲ သိတာပေါ့နော်။ သူ့အစ်ကိုတွေ၊ ညီတွေ တယောက်မှ မသိဘူးပေါ့။

“အဲဒီစကားကို သူ မန္တလေးထောင်မှာလည်း မပြောဖူးဘူးဗျ။ ကျနော်တို့ မန္တလေးထောင်မှာ နှစ်ချီနေခဲ့ကြတာပဲ။ အဲဒီစကားလုံး သူ မပြောဖူးဘူး။ သူ့ညီရှိတယ်တို့၊ နာမည်ဘယ်သူတို့ အဲဒီစကားမျိုး သူ မသုံးဖူးဘူးဗျ။”

တရားဝင် မကြေညာတဲ့ နောက်တယောက် ရှိသေးတယ်ဗျ။ အဲဒီကောင်နဲ့ အောင်ဝင်းဇော်နဲ့ ဘားအံတံတားပေါ်မှာ အတူတူမိတာဆိုပြီးတော့ Voice ထဲမှာ ပါတယ်။

“သြော် အဲဒါ ကျနော် မကြည့်ရသေးဘူး။”

ဟုတ်ပြီ ကိုအောင်စိုး။ သင်္ကာရှင်းသွားအောင် ပြောတာပါ။ အခု ကိုအောင်စိုး အဲဒီလူတွေရဲ့ ထွက်ဆိုချက်တွေ ဘာတွေ ညာတွေ လာပြီးတော့ ကိုအောင်စိုးကို ရဲတွေက ဆက်သွယ်တာမျိုးရော ရှိလားဗျ။

“အခုအချိန်အထိတော့ ဘာမှ မထူးခြားသေးဘူးဗျ။ မဆက်သွယ်သေးဘူး။”

ကိုအောင်စိုး ကျေးဇူးအများကြီးတင်ပါတယ်ဗျ။

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013