DVB Logo
Home
မြန်မာသတင်း
ကျိုင်းတုံမဲဆန္ဒရှင်စာရင်းတွင် သေဆုံးသူနှင့် နာမည်ထပ်တာတွေ ပါဝင်နေ
DVB
·
February 16, 2017
ကျိုင်းတုံမဲဆန္ဒရှင်စာရင်းတွင် သေဆုံးသူနှင့် နာမည်ထပ်တာတွေ ပါဝင်နေ
Donate to DVB

ရှမ်းပြည်နယ် ကျိုင်းတုံမြို့နယ်မှာ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းတွေ ကောက်ယူရာမှာ သေဆုံးသူစာရင်းပါတာ၊ နာမည်ထပ်တာတွေနဲ့ ထပ်တိုးစာရင်းတွေကြောင့် တချို့မဲဆန္ဒနယ်တွေမှာ ထောင်ချီတဲ့ မဲဆန္ဒရှင်စာရင်းတွေ တိုးလာနေတယ်လို့ အန်အယ်လ်ဒီပါတီ မြို့နယ်တာဝန်ရှိသူက ပြောပါတယ်။

“အရင် ၂၀၁၅ ရွေးကောက်ပွဲနဲ့ အခုကြားဖြတ်ရွေးကောက်ပွဲ မဲဆန္ဒနယ်တခုမှာ လူဦးရေ တထောင် နှစ်ထောင် သုံးထောင်လောက်အထိ ပိုလာတာပေါ့။ ပိုလာတယ်ဆိုတာက ၂၀၁၅ မှာ မပါတဲ့သူတွေ ပြန်ပါတာရှိတယ်။ ပြီးတော့ အသက် အခုမှပြည့်လို့ ပြန်ပါတဲ့ဟာမျိုးတွေရှိတယ်။ ဒါပေမယ့် နည်းတယ်၊ ၂၀၁၅ မှာ အသက်မပြည်သူ့တွေက အခုလည်း မပါတာများတယ်” လို့ ကျိုင်းတုံမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ် ဒု-ဥက္ကဋ္ဌ ဦးကျော်သီဟက ပြောပါတယ်။

၂၀၁၇ မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲဟာ ၂၀၁၅ ခုနှစ်မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲရဲ့ မဲဆန္ဒရှင်စာရင်းကို အခြေခံပြီး ပြန်လည်ပြုစုတာဖြစ်တယ်။

အခုလိုပြုစုတဲ့နေရာမှာ ပြည်သူတွေ မဲပေးခွင့်မဆုံးရှုံးအောင် ဆောင်ရွက်တဲ့အတွက် မဲစာရင်းတိုးတာ ဖြစ်နိုင်တယ်လို့ ကျိုင်းတုံခရိုင် ရွေးကောက်ပွဲကော်မရှင်က သုံးသပ်ထားပါတယ်။

ကျိုင်းတုံမြို့  ခရိုင်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးမိုးကျော်က “၂၀၁၅ မဲစာရင်းမှာ လူ ၅ ယောက်ရှိတယ်။ ဒီအိမ်ထောင်စုစာရင်းမှာ အခုကောက်တဲ့ အခါမှာ တယောက်မှမရှိဘူး။ အဲ့ဒီအထဲမှာ သေဆုံးတာ၊ ထောင်ကျတာတွေ ရှိရင်ရှိမယ် သဘောက၊ ဒါပေမယ့် အိမ်ထောင်ဦးစီးကလည်း မရှင်းပြနိုင်ဘူး၊ ရှင်းပြတဲ့သူမရှိဘူးပေါ့ဗျာ။ အဲ့ဒီ ၅ ယောက်စလုံးကို မဲပေးခွင့် မဆုံးရှုံးအောင် ကျနော်တို့က နဂိုစာရင်းအတိုင်း ပြန်ထည့်ပေးတယ်။ မထည့်ရင်တော့ ကျနော်တို့ဟာ ၂၀၁၅ တုန်းကပါပြီးတော့ အခုဘာလို့ မပါတော့လည်း ဒီလိုဖြစ်မှာ” လို့ ပြောပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲကော်မရှင်အနေနဲ့ မဲစာရင်းကောက်ခံချိန် နည်းတဲ့အတွက်လည်း အမှားအယွင်းတွေ ဖြစ်နိုင်သလို အခက်အခဲတွေလည်း ရှိနေတယ်လို့ ဦးမိုကျော်က ပြောပါတယ်။

ကျိုင်းတုံမြို့နယ်မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ် ၂ နေရာအတွက် နိုင်ငံရေးပါတီ ၆ ခုက ကိုယ်စားလှယ်တွေ ဝင်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

သတင်း - ခွန်ဘသာ၊ ကိုဇက်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013