DVB Logo
Home
မြန်မာသတင်း
ရေးမြို့နယ် မွန်ပြည်သစ်ပါတီရုံးကို စစ်တပ်နှင့် ရဲ ၀င်ရောက်စစ်ဆေး
DVB
·
February 15, 2017
ရေးမြို့နယ် မွန်ပြည်သစ်ပါတီရုံးကို စစ်တပ်နှင့် ရဲ ၀င်ရောက်စစ်ဆေး
1 / 4
Donate to DVB

 

မွန်ပြည်နယ် ရေးမြို့နယ်ရှိ မွန်ပြည်သစ်ပါတီ ဆက်ဆံရေးရုံးကို တပ်မတော်နဲ့ ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး ဒီကနေ့နေခင်းပိုင်းက ကြိုတင်အကြောင်းမကြားဘဲ ရှောင်တခင် ၀င်ရောက်ပြီး လက်နက်တွေကို စစ်ဆေးပါတယ်။

ဒီကနေ့ ၁၂ နာရီလောက်က ရဲနဲ့ စစ်တပ်အင်အား ၂၀ လောက်နဲ့အတူ အရှေ့တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ  ခမရ( ၅၈၇)က တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး မျိုးဇော်ဝင်း ကိုယ်တိုင်လာရောက်စစ်ဆေးတာလို့  ရေးမြို့နယ် မွန်ပြည်သစ်ပါတီရုံးအုပ် နိုင်အပန့်က ပြောပါတယ်။

“သူတို့လက်နက်တွေ ဘာညာလာစစ်တယ်လို့ ပြောတယ်။ ပြည်သူ့ရဲတွေရော စစ်တပ်ရော ၂၀ လောက်ရှိမယ်။ ဘာကြောင်းပြချက်မှမရှိဘူး သူတို့ အဲဒီပစ္စည်းတွေလာစစ်တယ်ပဲပြောတာပဲ။ ကျနော်တို့ တရားဝင် ငြိမ်းချမ်းရေးယူထားတဲ့အဖွဲ့အစည်းပဲ၊ ကျနော်တို့ဆီ ဒါမျိုးလုပ်လို့ရှိရင် ကျနော်တို့ဆီကြို ပြီးတော့ အကြောင်းတွေဘာတွေ နည်းနည်းပါးပါး ကြားသင့်တာပေါ့။ ”

ရုံးတွင်းမှာလည်း လက်နက်တွေမထားတဲ့အတွက် ဘာမှမတွေ့ပေမယ့် ဒီဗွီဘီက ဆက်သွယ် မေးမြန်းချိန် ညနေ ၄ နာရီလောက်အထိ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ ဆက်ဆံရေးရုံးတွင်းမှာ ရှိနေဆဲပဲလို့ ပြောပါတယ်။

“ကျနော်တို့လည်း ပြောတယ်။ ဒါ ၁၉၉၅ ကတည်းက ပထမအကြိမ် အပစ်ခတ်ရပ်စဲရေး ယူထားကတည်းက အစိုးရကပဲ၊ ဗိုလ်ချုပ်ခင်ညွန့်ကပဲ ပေးထားတယ်လို့ပြောတယ်။ သူ့လည်း မသိဘူးလား မသိဘူး။ ကျနော်တို့လည်း သူတို့မေးတာကို ပြောရတာပေါ့။ ရုံးတွင်းမှာ လက်နက်ရှာတယ် ဒါပေမယ့် မတွေ့ဘူး။ ကျနော်တို့မှ မကိုင်ဘဲ။ ကျနော်တို့လည်း ဗဟိုက ညွန်ကြားတယ်လေ။ ကျနော်တို့ လက်နက်မကိုင်ရဘူး ပြောတော့ ကျနော်တို့လည်း ဗဟိုစည်းကမ်းကို လိုက်နာတာကို။ ဒါကြောင့် မှာ ဘာမှမတွေ့ဘူး ဘာမှမရှိဘဲ။”

မနေ့တုန်းကလည်း  ဘုရားသုံးဆူ မြို့နယ်ရှိ  မွန်ပြည်သစ်ပါတီရဲ့ အကောက်ခွန်ဂိတ် တွေဖြစ်တဲ့ ဘုရားတောင်နဲ့ ဇီးဖြူပင်ဂိတ် ၂ ခုကိုလည်း စစ်တပ်က ဖယ်ရှားခိုင်းလို့ ဖယ်ရှားပေးခဲ့ရ တယ်လို့ မွန်ပြည်သစ်ပါတီထားဝယ်ခရိုင်အတွင်းရေးမှူး နိုင်ထောရော်က ပြောပါတယ်။

မွန်ပြည်သစ်ပါတီရဲ့ အကောက်ခွန်ဂိတ်စခန်းတွေကို အခုလို ဖယ်ရှားခိုင်းတာဟာ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၁၂ ရက်နေ့က ဘုရားသုံးဆူမြို့ ဂျပန်ရေတွင်းကျေးရွာမှာ  ကျင်းပခဲ့တဲ့ မွန်အမျိုးသားနေ့ အခမ်းအနားမှာ ပြည်နယ်အစိုးရက တားမြစ်ထားတဲ့ လက်နက်နဲ့ စစ်ရေးပြ အခမ်းအနား ကျင်းပခဲ့ပြီးနောက် လုပ်ဆောင်လာတာဖြစ်ပါတယ်။

မွန်ပြည်သစ်ပါတီဟာ ၁၉၉၅ ခုနှစ်က စစ်အစိုးရနဲ့ အပစ်ခတ်ရပ်စဲရေး သဘောတူညီမှုရခဲ့ပေမယ့် နယ်ခြားစောင့်တပ် ပြောင်းလဲဖွဲ့စည်းရေးကို လက်မခံတဲ့ အတွက် ၂ဝ၁ဝ ပြည့်နှစ် စက်တင်ဘာလက စပြီး အပစ်အခတ်ရပ်စဲရေး ပျက်ပြယ်သွားခဲ့ပါတယ်။

ဓာတ်ပုံ - Banya Hongsar

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013