DVB Logo
Home
Lead Story
‘ရခိုင်ကိုလည်း ခွင့်ပြုလာရလိမ့်မယ်’- စောမြရာဇာလင်းနှင့် မေးမြန်းချက်
DVB
·
February 15, 2017
‘ရခိုင်ကိုလည်း ခွင့်ပြုလာရလိမ့်မယ်’- စောမြရာဇာလင်းနှင့် မေးမြန်းချက်
Donate to DVB

 

အန်စီအေ အပစ်ရပ် လက်မှတ်ထိုးထားကြတဲ့ အဖွဲ့အစည်းတည်ရှိရာဒေသအားလုံးမှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ လွတ်လပ်စွာ ကျင်းပခွင့်ရှိတယ်လို့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။  တခြားပြည်နယ်နဲ့တိုင်းတွေမှာ  အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပခွင့်ရနေပေမယ့် ရခိုင်ပြည်နယ်မှာ ကျင်းပခွင့်မရသေးတဲ့ အခြေအနေပေါ်မှာ ဒီဗွီဘီက ဆက်သွယ် မေးမြန်းထားပါတယ်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီအနေနဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ မပြီးသေး တဲ့အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (ယူပီစီ) ရွှေ့ဆိုင်းဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။ ဘာကြောင့် ဒီလိုတောင်းဆိုရတာလဲ။

“ယူပီစီကို ကျင်းပဖို့ဆိုလို့ရှိရင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ပြီးမှပဲ ယူပီစီကို ကျင်းပရမှာ ဖြစ်ပါတယ်။ အခုက ယူပီစီက တခုပြီးတခု သွားနေတယ်။ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေက မပြီးသေးဘူး။ အထူးသဖြင့် ရခိုင်ပြည်မှာ  ဦးဆောင်ကော်မတီကိုတောင် မဖွဲ့စည်းရသေးဘူး။ အဲလို အနေအထားမျိုး ရှိနေတယ်။ ဆိုတော့ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပြီး ပြီးမယ်ဆိုလို့ရှိရင် ယူပီစီကို သွားလို့ကောင်းတယ်၊ သင့်တော်တယ်။ တမျိုးသားလုံးရဲ့ အသံ၊ တမျိုးသားလုံးရဲ့ဆန္ဒ အဲဒါတွေပါဖို့ လိုအပ်တယ်။ အဲဒါကြောင့်မို့လို့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲဟာ အရေးကြီးတယ်။ ဆိုပြီးတော့မှ ကျမတို့က အမျိုးသားအဆင့် နိုင်ငံရေး လုပ်ဖို့အတွက်ကို ကျမတို့ တောင်းဆိုခဲ့တယ်။ ပြီးရင် ကျမတို့က အောက်တိုဘာလ ၂၈ ကနေ ၂၉ ရက်နေ့အထိ ကျင်းပတဲ့ ယူပီဒီဂျေစီ အစည်းအဝေးမှာလည်းပဲ လက်မှတ်ထိုးထားတဲ့ အဖွဲ့အစည်းတွေ ရှိတဲ့နေရာဒေသ ဟူသမျှမှာ အဆင်သင့်ဖြစ်တယ်ဆိုလို့ရှိရင် ကျင်းပခွင့်ရှိတယ်ဆိုတာ အစည်းအဝေး ဆုံးဖြတ်ချက်အရ ကျသွားပြီးပြီ။ နောက်ပိုင်းမှာဖြစ်လာတာက ချင်းနဲ့ ရခိုင်မှာ ကျင်းပလို့ မရသေးဘူး ဆိုတဲ့ အနေအထားမျိုး ပြန်ဖြစ်လာတယ်။ အဲဒါမျိုး မဖြစ်သင့်ဘူး။ လက်မှတ်ထိုးတဲ့အခါ တညီတညွတ်တည်း လက်မှတ်ထိုးခဲ့ကြတယ်။ ကျင်းပခွင့်ရတဲ့အခါမှာလည်း အားလုံးနေရာမှာ ကျင်းပခွင့်ရအောင်ကို တပြေးညီတည်းဖြစ်ရင် ပိုကောင်းတယ်။ ပြည်နယ်တိုင်းမှာ။ အဲလို ပုံစံမျိုး မဟုတ်ဘဲ ကရင်မှာ ကျင်းပ၊ တနင်္သာရီတိုင်းမှာ ကျင်းပ၊ နေပြည်တော်မှာ ကျင်းပ၊ အဲလိုဆိုရင် ပြီးတယ်ဆိုတဲ့ပုံစံမျိုး လုပ်ကိုမလုပ်သင့်ဘူး။”

ဆိုတော့ အစောပိုင်းက ချင်းနဲ့ ရခိုင်မှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ မကျင်းပရသေးဘူးလို့ ပြောတယ်။ အခု ချင်းက ကျင်းပခွင့်ရပြီလို့ ပြောတယ်။ ဆိုတော့ ရခိုင်က မကျင်းပရသေးဘူးဆိုတော့ ဘယ်လို အကြောင်းပြချက်က ဘာကြောင့်လဲရှင်။

“အကြောင်းပြချက်ရယ်လို့တော့ ထိထိရောက်ရောက် မပြောဘူး။ ယူပီစီက ၂၈ ရက်နေ့မှာ ကျင်းပမယ်။ ဆိုတော့ အလျင်မမီဘူးဆိုတာလောက်ပဲ အကြောင်းပြချက် ရှိပါတယ်။ ဒါပေမယ့် ကျမတို့ သိထားရတာကတော့ ရခိုင်ပြည်က လုံခြုံမှုမရှိဘူး။ ဘာညာ စသည်အားဖြင့် အကြောင်းပြတာတွေ ရှိတယ်လို့ ကျမတို့က ကြားထားတာရှိတယ်။ ဆိုရင် ကျမတို့က ပြန်ပြောချင်တဲ့ စကားတွေ ရှိတယ်။ ရခိုင်ပြည် တည်ငြိမ်မှုမရှိဘူးဆိုရင် ရခိုင်ပြည်မှာ လူမနေဘူးလား။ ရခိုင်ပြည်ဟာ တည်ရှိနေတယ်။ တည်ရှိနေတယ်ဆိုလို့ရှိရင် ဒီရခိုင်ပြည်အတွက် အလုပ်လုပ်ရမယ်၊ ရခိုင်ပြည်သူတွေ အတွက် အလုပ်လုပ်ရမယ်။ ဒါကြောင့် ကျမတို့ဟာ ရခိုင်ပြည်ကို ဘယ်လို တည်ဆောက်မလဲ၊ ရခိုင်ပြည်နဲ့ ဆက်စပ်ပြီးတော့ ပြည်ထောင်စုကို ဘယ်လို တည်ဆောက်မလဲ၊ ပြည်ထောင်စုက ဘာတွေ ဆွေးနွေးမလဲ၊ ဘယ်လိုမူတွေကို ပြည်ထောင်စုအဆင့်မှာ ချမလဲ။ ဖယ်ဒရယ်ပြည်ထောင်စုကို ဘယ်လိုစနစ်တွေနဲ့ တည်ဆောက်ရမလဲ ဆိုတဲ့ အခြေခံအကြောင်းတရားတွေကို ကျမတို့အနေနဲ့ ပြည်သူတွေကို ချပြဖို့ အရေးကြီးတယ်။ပြည်သူတွေနဲ့ ဆွေးနွေးတိုင်ပင်ဖို့က အင်မတန်မှ အရေးကြီးတယ်။ အဲဒါကြောင့်မို့လို့ လက်မှတ်ထိုးထားကြတဲ့ အဖွဲ့အစည်းတိုင်း တည်ရှိရာဒေသ ဟူသမျှမှာ လွတ်လပ်စွာ ကျင်းပခွင့်ရှိတယ်ဆိုတဲ့ မူကတော့ အစိုးရမှာ ရှိဖို့လိုအပ်တယ်။”

ရခိုင်ပြည်နယ်အဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပလို့မရဘူးဆိုတာက အစိုးရက ဆုံးဖြတ်ပေး လိုက်တာလား၊ ဘယ်လိုမျိုးလဲ။

“ဆုံးဖြတ်ပေးတယ်လို့တော့ မဟုတ်ဘူး။ ဖေဖော်ဝါရီ ၂၈ အတွင်းမှာ ကျင်းပမယ့် ယူပီစီ ဆိုလို့ရှိရင် မမီတော့ဘူးဆိုတဲ့ ပုံစံမျိုးနဲ့ပဲ နိုင်ငံတော်အတိုင်ပင်ခံခေါင်းဆောင်က ပြောတာဖြစ်တယ်။ ဆိုတော့ မမီတော့ဘူးဆိုရင် နောက်ဆုတ်ရမှာပေါ့။ ယူပီစီက ရှေ့ကို သွားနှင့်နေပြီးတော့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲက နောက်မှာ လိုက်နေတယ်ဆိုလို့ရှိရင် မသင့်တော်ဘူး။ မူအရ မဖြစ်ဘူး၊ အန်စီအေအရ မဖြစ်ဘူး။ မူဘောင်အရ မဖြစ်ဘူး။ အဲဒါကို ကျမက ပြောတာဖြစ်တယ်။”

ဆိုတော့အခု ယူပီစီကို ရက်ရွှေ့တယ်လို့တော့....။

“ဟုတ်တယ်။ အဲဒီအတွင်းမှာ ကျမတို့ဘက်ကလည်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ဘယ်လောက်အဆင့်မှာ လုပ်သွားနိုင်မလဲပေါ့လေ။ အဲဒါကြောင့်မို့လို့ ကျမတို့က ရခိုင်အမျိုးသား ပါတီနဲ့လည်း ကျမတို့က တိုင်ပင်မှုတွေ ပြုနေတယ်။ CSO တွေနဲ့လည်း ကျမတို့ တိုင်ပင်မှုတွေ ပြုနေတယ်။ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကော်မတီတရပ်ကိုလည်း ဖွဲ့စည်းနိုင်ဖို့အတွက် ကျမတို့ အမြန်ဆုံးကြိုးစားနေတယ်။ အဓိကကတော့ ကျမတို့က ခေါင်းဆောင်ဖို့ရာအတွက် ဦးဆောင်ကော်မတီကို ဖွဲ့စည်းလို့ပြီးပြီဆိုရင် ရခိုင်မှာ တခြားကိစ္စတွေက အားလုံးလုပ်လို့ရပြီလို့ ကျမတို့က ထင်နေခဲ့တယ်၊ မျှော်လင့်ခဲ့တာပေါ့။ အခုဆိုလို့ရှိရင် ဦးဆောင်ကော်မတီ မဖွဲ့ရသေးဘူး။ မဖွဲ့ရသေးဘူးဆိုလို့ရှိရင် ကျမတို့ လုပ်သင့်တာတွေကို အားလုံးလုပ်သွားမယ်။ အဲလိုမျိုး လုပ်နေတာပါ။”

အခုန ကျမ UPDJC အဖွဲ့ဝင်တယောက်နဲ့ မေးမြန်းတဲ့အခါမှာ ရခိုင်ပြည်နယ်ဘက်က အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပဖို့က အဆင်သင့်မဖြစ်ဘူးလို့ ပြောတယ်ရှင်။ အဲလို ဒီအပေါ် ဘယ်လိုမျိုး ပြောချင်လဲရှင်။

“အဆင်သင့်မဖြစ်တာက ဘာမှ အကြောင်းမရှိဘူး။ အဆင်သင့်ဖြစ်အောင် လုပ်လို့ရတယ်။ အဓိကက အစိုးရဘက်က အဆင်သင့်ဖြစ်ဖို့ပဲ လိုပါတယ်။ ဦးဆောင်ကော်မတီကို ချက်ချင်း ဖွဲ့စည်းလိုက်၊ ကျန်တာအားလုံး လုပ်လို့ရတယ်။”

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲလုပ်ဖို့ အစိုးရဘက်က ဘယ်လို့ အခန်းကဏ္ဍကနေ ပါဝင်ပူးပေါင်းရမှာလဲ။

“ဦးဆောင်ကော်မတီမှာ ၉ ဦးနဲ့ ဖွဲ့စည်းရမှာဖြစ်ပါတယ်။ အစိုးရဘက်က ၃ ဦး ပါရမယ်။ နိုင်ငံရေးပါတီတွေက ၃ ဦး ပါရမယ်။ လက်နက်ကိုင်အဖွဲ့အစည်းက ၃ ဦး ပါရမယ်။ ဒီလိုဖွဲ့စည်းခွင့်ကို ဖွဲ့စည်းလိုက်ပြီဆိုလို့ရှိရင်တော့ ကျန်တာအားလုံးက အလွယ်တကူဖြစ်သွားနိုင်တယ်။ လုပ်လို့ ရသွားနိုင်တယ်။”

ဆိုတော့အစိုးရဘက်က မဖွဲ့ပေးတာပေါ့ အဲလိုလား။

“ဟုတ်တယ်။ ဟုတ်တယ်။ အစိုးရဘက်က ဒီလို ကြီးကြပ်ရေးကော်မတီကို ဖွဲ့စည်းဖို့အတွက်ကို ညွန်ကြားချက်မရှိသေးတာ။”

ချင်းပြည်နယ်မှာကတော့ ခွင့်ပြုလိုက်ပြီးတော့ ရခိုင်ပြည်နယ်ကိုကော ခွင့်ပြုဖို့ရှိလား။

“ရခိုင်ကိုလည်း ခွင့်ပြုလာရလိမ့်မယ်လို့ ကျမ ယုံကြည်တယ်။ ခွင့်ပြုလာရမှာပါ။ ဘာဖြစ်လို့လဲ ဆိုလို့ရှိရင် ရခိုင်မှာဆိုရင် တိုင်းနဲ့ ပြည်နယ်ထဲမှာ တည်ရှိနေတဲ့ ပြည်နယ်တခု ဖြစ်တယ်။ ထိုနည်း လည်းကောင်း ရခိုင်လူမျိုးစုဆိုတာကလည်း တည်ရှိနေတဲ့ လူမျိုးတမျိုး ဖြစ်တယ်။ ထိုနည်း လည်းကောင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီဟာ ဆိုလို့ရှိရင် အန်စီအေကို လက်မှတ်ထိုးထားတဲ့ အဖွဲ့အစည်း ဖြစ်တယ်။ အန်စီအေရဲ့မူအရ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို လုပ်ကိုလုပ်ရမှာ ဖြစ်ပါတယ်။”

အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013