DVB Logo
Home
မြန်မာသတင်း
အပစ်ရပ်ကြောင်း တပ်မတော်ကစတင်ကြေညာရန် မွန်အမျိုးသားပါတီတိုက်တွန်း
DVB
·
February 15, 2017
အပစ်ရပ်ကြောင်း တပ်မတော်ကစတင်ကြေညာရန် မွန်အမျိုးသားပါတီတိုက်တွန်း
Donate to DVB

 

လတ်တလောဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ အပစ်အခတ်ရပ်စဲကြောင်း တပ်မတော်ဘက်က စတင်ကြေညာပြီး အာမခံချက်ပေးမှ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA) လမ်းကြောင်း အကောင်အထည်ပေါ်မယ်လို့ မွန်အမျိုးသားပါတီက ပြောပါတယ်။

အပစ်ရပ်လက်မှတ်ထိုးဖို့ကျန်ရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲမှာ မွန်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ မွန်ပြည်သစ်ပါတီလည်းပါဝင်နေတဲ့အတွက် မွန်အမျိုးသားပါတီက အခုလို ပြောဆိုတာလည်းဖြစ်ပါတယ်။

မွန်အမျိုးသားပါတီ ဒုဥက္ကဋ္ဌ နိုင်ငွေသိန်းက“တဖက်နဲ့တဖက်သံသယဖြစ်စရာမလိုအောင် အာမခံချက်ပေးပါ။ ဖက်ဒရယ်ကိုသွားမယ်။ တန်းတူရေး ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်မယ်၊ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုကို သွားမယ်။ သူတို့ဘက်က အာမခံချက်အပေါ်မူတည်ပြီး ဒါတွေကဖြစ်ကိုဖြစ်ရမယ်။ စစ်တပ်ဘက်က အပစ်ရပ်စဲတယ်ဆိုတာ အရင်ကြေညာပေးစေချင်ပါတယ်” လို့ပြောပါတယ်။

နိုင်ငံရေးဆွေးနွေးပွဲတွေဆောင်ရွက်နိုင်ဖို့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအားလုံး NCA မှာ ပါဝင်လက်မှတ်ရေးထိုးဖို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းထားတာပါ။

လက်ရှိတိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့တွေကြားထဲမှာ အပစ်ရပ်လက်မှတ်ထိုးပြီး နိုင်ငံရေး ဆွေးနွေးပွဲကိုသွားတဲ့ လမ်းကြောင်းနဲ့ အပစ်ရပ်လက်မှတ်မထိုးသေးဘဲ နိုင်ငံရေးဆွေးနွေးပွဲတွေ ကိုသွားတဲ့ လမ်းကြောင်းဆိုပြီး အယူအဆနှစ်မျိုးကွဲပြားနေပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်ပြီး မွန်ပြည်နယ်လွှတ်တော်ဒုဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက အပစ်ရပ်ထား တဲ့အဖွဲ့တွေရော မပစ်မရပ်ရသေးတဲ့အဖွဲ့တွေရော အစုအဖွဲ့နှစ်ခုလုံးရဲ့ အယူအဆ တွေဟာ မှားယွင်းမှုမဟုတ် ဘူးလို့သုံးသပ်ပါတယ်။

“မွန်ပြည်သစ်ပါတီက သူ့တစ်ယောက်တည်းမဆုံးဖြတ်တာက သူ့နောက်က မိတ်ဖက်အဖွဲ့တွေနဲ့ ညီညွတ် သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC ရဲ့သဘောထားအပေါ် အခြေခံ ပြီးတော့မှ ဆုံးဖြတ်ပုံ ရတယ်လို့ကျွန်တော်ယူဆတယ်။ ဒါကြောင့်သူတို့မှားတယ်လို့တော့ ယူဆလို့မရဘူး”

မွန်ပြည်သစ်ပါတီအပါအဝင်လက်မှတ်မထိုးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ မြေပြင်တိုက်ပွဲတွေ ဆက်ရှိနေတဲ့အတွက် အပစ်ရပ်လက်မှတ်ထိုးဖို့ နှောင့်နှေးနေတာဖြစ်ပါတယ်။

မြေပြင်တိုက်ပွဲတွေကိုရပ်ဆိုင်းဖို့ နည်းလမ်းရှာနိုင်မှ အားလုံးပါဝင်တဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA ကိုအကောင်အထည် ဖော်နိုင်မယ်လို့ မွန်ဒေသ လုံးဆိုင်ရာ ဒီမိုကရေစီပါတီ အထွေထွေအတွင်းရေးမှူး ဒေါက်တာမင်းနွယ်စိုးကပြောပါတယ်။

“အမှန်တော့ လက်မှတ်ထိုးတဲ့လမ်းကြောင်းကတော့ နိုင်ငံရေးယဉ်ကျေးမှုအနေနဲ့ကတော့ အကောင်းဆုံးနည်း လမ်းပါပဲ။ ဒါပေမယ့် မျှတဖို့လိုမယ်။ တစ်ခုတော့ရှိတာပေါ့လေ။ ပြည်သူတွေက ငြိမ်းချမ်းရေးကိုလိုချင်နေတာက တော့အမှန်ပဲ။ လက်မှတ်ထိုးပါလို့လည်းတိုက်တွန်းလို့မရဘူး။ မထိုးပါနဲ့လို့လည်း တားလို့မရဘူး”

အစိုးရနဲ့တိုင်းရင်းသားလက်နက်ကိုင် ၈ဖွဲ့ဟာ ၂၀၁၅ အောက်တိုဘာ ၁၅ ရက် က သမ္မတဦးသိန်းစိန်လက်ထက်မှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA မှာလက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။ လက်မှတ်ရေးထိုးဖို့ကျန်နေတဲ့အ ဖွဲ့တွေကတော့KIO၊ KNPP ၊ NDAA ၊ NMSP ၊ NSCN-K ၊ SSPP – SSA ၊ TNLA ၊ UWSA တို့ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013