DVB Logo
Home
မြန်မာသတင်း
ချက်နိုင်ငံသမ္မတဟောင်း ကွယ်လွန်
DVB
·
December 19, 2011
ချက်နိုင်ငံသမ္မတဟောင်း ကွယ်လွန်
1 / 2
Donate to DVB

ချက်ပြည်သူ့သမ္မတနိုင်ငံရဲ့ သမ္မတဟောင်း ဘားကလက်ဟာဘယ် အသက် (၇၅) နှစ် ဟာ မနေ့က အဆုတ်ကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။

မြန်မာ့ဒီမိုကရေစီရေးကို အားပေးထောက်ခံခဲ့သူ ချက်သမ္မတဟောင်းဟာ ၁၉၉၀ ခုနှစ် နိုဘယ်လ်ငြိမ်းချမ်းရေးဆုအတွက် အမည်တင်သွင်းရာမှာ ဒေါ်အောင်ဆန်းစုကြည် အမည်ကို တင်သွင်းပေးခဲ့သူလည်း ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကုလသမဂ္ဂလုံခြုံရေး ကောင်စီကနေ အရေးယူနိုင်ဖို့ ၂၀၀၅ နှစ်ကုန်ပိုင်းမှာ တောင်အာဖရိက နိုင်ငံက ဘုန်းတော်ကြီး ဒက်စမွန်တူတူးနဲ့ မြန်မာပြည်ဆိုင်ရာ အစီရင်ခံစာ တစောင်ရေးသားပြီး ကုလသမဂ္ဂကို တိုက်တွန်းခဲ့ပါတယ်။

ဘားကလက်ဟာဘယ် အခုလို သေဆုံးသွားတာနဲ့ပတ်သက်ပြီး ပြည်ပရောက် လူ့အခွင့်ရေးလှုပ်ရှားသူတဦးဖြစ်တဲ့ ဒေါ်ခင်ဥမ္မာက အခုလို ပြောပါတယ်။

“ဘားကလက်ဟာဘယ်က ချက်သမ္မတနိုင်ငံမှာ သူ့နိုင်ငံရဲ့ နိုင်ငံခြားရေးပေါ်လစီကို လူ့အခွင့်အရေးကို ရှေ့တန်းတင်ပြီးတော့မှ လူ့အခွင့်အရေးဟာ အရေးအကြီးဆုံး ရှေ့တန်းတင် ဦးစားပေးစဉ်းစားရတဲ့ ပေါ်လစီအဖြစ် ချမှတ်ပေးခဲ့တဲ့ ခေါင်းဆောင်တယောက်ဖြစ်တယ်။ ဒါကြောင့်မို့ သူ့ကို အင်မတန်လေးစားတယ်။ အင်မတန် လူသားဆန်ပြီးတော့ မာန်မာနမရှိဘူး။ လူသားချင်း စာနာတဲ့ လူ့အခွင့်အရေးပေါ်မှာ လူ့အခွင့်အရေး စံချိန်စံနှုန်းပေါ်မှာပဲ မှန်မှန်ကန်ကန် ရပ်တည်သွားတာတွေ့ရလို့ အင်မတန်မှ နှမြောပါတယ်။”

ဘားကလက်ဟာဘယ်ဟာ ပြည်ပအခြေစိုက် မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေအတွက် နိုင်ငံတကာ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ အမြဲလို ကူညီခဲ့သူပါ။

ပြည်ပမှာ ဖွဲ့စည်းထားတဲ့ မြန်မာ့အမျိုးသမီးသမဂ္ဂရဲ့ ဒေါ်ခင်စန်းထွေက အခုလို ပြောပါတယ်။

“သူ့ကိုတွေ့တဲ့အခါ အကယ်၍သာ ကိုယ်က သတင်းတွေဖတ်မထားဘူး။ သူတို့နိုင်ငံနဲ့ ပတ်သက်ပြီး အကြောင်းအရာတွေ ဘာမှမသိဘူးဆိုရင် ဒီလူဟာ ချက်သမ္မတနိုင်ငံရဲ့ သမ္မတဟောင်း တယောက်ဖြစ်တယ်ဆိုတာကိုတောင်မှ မထင်ရက်ဘူး။ ဘာလို့လဲဆိုတော့ သူ့ရဲ့ပုံစံက အရမ်းကို အေးဆေးတည်ငြိမ်ပြီး သူ့ရဲ့ဝတ်စားပုံက အရမ်းကို ရိုးရှင်းတယ်။ ဒါပေမယ့် အားကျစရာ အရမ်းကောင်းတာက သူစကားပြောလိုက်တဲ့အခါမှာ သူ့ရဲ့စကားတွေက သူသုံးတဲ့စကားတွေက အရမ်းကို ခွန်အားဖြစ်စေတယ်။ အတုယူစရာကောင်းတဲ့ လူမျိုးဖြစ်တယ်။ ဘ၀မျိုးစုံကို ဖြတ်သန်းခဲ့ရတယ်။ အနုပညာပိုင်းမှာလည်း ပါဝင်ခဲ့ဘူးတယ်။ ဒါရိုက်တာတယောက်လည်းဖြစ်တယ်။ လူ့အခွင့်အရေး လှုပ်ရှားမှုမှာလည်း ပါခဲ့တယ်။ ​တော်လှန်ရေး​ ခေါင်းဆောင်တယောက်လည်း​ ​ဖြစ်တယ်။ ဒါပေမယ့် ဒီလိုလူတယောက်က ဟိတ်ဟန်မရှိပဲ ရိုးရိုးရှင်းရှင်းနဲ့ တကယ်ပဲ ကမ္ဘာက အသိအမှတ်ပြုထားတဲ့ ခေါင်းဆောင် တယောက်ဖြစ်တဲ့အပေါ်မှာ အရမ်းကို အားကျပြီးတော့မှ အတုယူချင်စရာလည်း ကောင်းတယ်ပေါ့။”

ဘားကလက်ဟာဘယ်ဟာ ချက်ကိုစလိုဘက်ကီးယားနိုင်ငံကို ကွန်မြူနစ် အစိုးရ အုပ်ချုပ်နေစဉ်မှာ ၅ နှစ်ကြာ အကျဉ်းချခံခဲ့ရပြီနောက် လွတ်လပ်တဲ့ ချက်သမ္မတနိုင်ငံရဲ့ သမ္မတအဖြစ် ၁၉၈၉ ခုနှစ်ကနေ ၁၉၉၂ ခုနှစ်အထိ တာဝန် ထမ်းဆောင်ခဲ့ပါတယ်။

သူဟာ ပြဇာတ်ရေးဆရာ၊ ရုပ်ရှင်ဒါရိုက်တာ၊ စာရေးဆရာ တဦးဖြစ်ပြီး သူရေးသားထားတဲ့ The Power of the powerless (အာဏာမဲ့သူတွေရဲ့ အစွမ်းသတ္တိ) စာအုပ်ဟာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် မကြာခဏ ကိုးကားလေ့ရှိတဲ့ စာအုပ် တအုပ်လည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013