DVB Logo
Home
မြန်မာသတင်း
စွန့်ပစ်ခံ မွေးကင်းစကလေးငယ် ဦးခေါင်းဒဏ်ရာများဖြင့် သေဆုံး
DVB
·
February 15, 2017
စွန့်ပစ်ခံ မွေးကင်းစကလေးငယ် ဦးခေါင်းဒဏ်ရာများဖြင့် သေဆုံး
Donate to DVB

ရန်ကုန် တာမွေမြို့နယ်မှာ တွေ့ရှိတဲ့ စွန့်ပစ်ခံကလေးငယ်ဟာ ဦးခေါင်းဒဏ်ရာကြောင့် သေဆုံးသွားတာဖြစ်တယ်လို့ ရန်ကင်း ကလေးဆေးရုံအုပ်ကြီးက ဒီဗွီဘီကို အတည်ပြုပြောပါတယ်။

ဖေဖော်ဝါရီ ၁၂ ရက်နေ့ မွန်းလွဲပိုင်းက တာမွေမြို့နယ် ဇောတိကလမ်းနဲ့ ဇဋိလလမ်းကြားက နောက်ဖေးလမ်းမှာ ချက်ကြိုးတန်းလန်းနဲ့ ငိုနေတဲ့ ကလေးငယ်ကို ရပ်ကွက်နေ ပြည်သူတွေ တွေ့ရှိပြီး ဆေးရုံကို ပို့ဆောင်ခဲ့ကြပြီးတဲ့နောက် အဲဒီညမှာပဲ ကလေးငယ်ဟာ သေဆုံးသွားခဲ့ပါတယ်။

ကလေးငယ် စွန့်ပစ်ခံရတာနဲ့ပတ်သက်ပြီး နေအိမ်တိုက်ခန်းပေါ်က ပစ်ချခံရတယ်ဆိုတာနဲ့ သာမန် လာရောက်စွန့်ပစ်တာ ဖြစ်တယ်ဆိုတဲ့ ဝေဖန်ပြောဆိုမှုတွေ ရှိနေပေမယ့် ဆေးစစ်ချက်အရ ကလေးငယ်ဟာ ဦးခေါင်းဒဏ်ရာနဲ့ သေဆုံးရတာဖြစ်တယ်လို့ ရန်ကင်း ကလေးဆေးရုံအုပ်ကြီး ဒေါက်တာမြင့်မြင့်ခိုင်က ဒီဗွီဘီကို အတည်ပြုပြောဆိုလိုက်တာပါ။

“၁၂ ရက် ၂ လ၊ ၂၀၁၇ ညနေပိုင်း ၃ နာရီလောက်မှာပေါ့နော်။ စွန့်ပစ်ကလေးငယ်တဦးကို တွေ့ရှိတဲ့လူတဦးက လာပို့ပါတယ်။ ပို့တဲ့အခါကျတော့ ဒီကလေးမှာ ဦးခေါင်းဒဏ်ရာနဲ့ ခန္ဓာကိုယ်တွေမှာလည်း တခြားဒဏ်ရာတွေ ရရှိလာတာ တွေ့ရပါတယ်။ မွေးကင်းစကလေးဆောင်ကိုပဲ ဆေးရုံတင်ပြီးတော့ ကုသတယ်။ ကုသပေးပြီးတော့ ဦးခေါင်းဒဏ်ရာတွေလည်း ရရှိနေတာ တွေ့ရတဲ့အတွက် အမတို့က ရဲကို အကြောင်းကြားခဲ့ပါတယ်။ သူတို့ လာပြီးတော့ကြည့်တယ်။ လိုအပ်တာ သူတို့လည်း စစ်ဆေးသွားတယ်ပေါ့နော်။ အခုတွေ့တာကတော့ ဦးခေါင်းတွေ၊ နဖူးတွေမှာ သွေးခဲဒဏ်ရာတွေ ရှိတယ်ပေါ့နော်။ နောက် ကျန်တဲ့ခန္ဓာကိုယ်မှာလည်း ပွန်းပဲ့ဒဏ်ရာတွေ တွေ့တာပေါ့။ ဆိုတော့ အမတို့အနေနဲ့ ဦးခေါင်းဒဏ်ရာ ရရှိပြီးတော့ သေဆုံးသွားတာလို့ ထင်ပါတယ်။”

အသက်ဆုံးရှုံးခဲ့တဲ့ စွန့်ပစ်ခံ ကလေးငယ်ဟာ မိန်းကလေးဖြစ်ပြီး သူ့ကိုတွေ့ချိန်မှာ ဦးခေါင်းမှာ ဒဏ်ရာအနည်းငယ်တွေ့ရကာ ငိုသံလည်း ကြားရကြောင်း မျက်မြင်တွေ့ရှိသူ ဒေါ်မြင့်မြင့်အေးက ပြောပါတယ်။

“တချို့ကလည်း အပေါ်ကပစ်ချတယ်လို့ ပြောတယ်။ အန်တီထင်တာတော့ အပေါ်က ပစ်ချတယ်ဆိုရင် ကလေးက သေမှာ။ ဘာလို့လဲဆိုတော့ အခုမှ မွေးကင်းစလေးလေ။ မိခင်ဝမ်းထဲက ကျွတ်ကျွတ်ချင်းနော်။ ဘာလို့လဲဆိုတော့ စည်ပင်မြောင်းထိုးတဲ့ ကောင်လေးက ပြောတယ်။ အရိအရွဲတွေနဲ့တဲ့၊ အဲဒီလို ပြောတယ်။”

ရဲတပ်ဖွဲ့အနေနဲ့တော့ ဒီကလေးငယ်နဲ့ပတ်သက်ပြီး ပုဒ်မ ၃၁၇ နဲ့ အမှုဖွင့်ထားကာ  ပြစ်မှုကျူးလွန်သူကို စုံစမ်းရှာဖွေနေဆဲဖြစ်ကြောင်း တာမွေမြို့နယ်ရဲတပ်ဖွဲ့က ဒီဗွီဘီကို ပြောပါတယ်။

ဒါ့အပြင် သက်ဆိုင်ရာ ရပ်ကွက်ထဲမှာလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ တာဝန်ရှိသူတွေက အိမ်အနီးမှာ ဧည့်စာရင်းစစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013