DVB Logo
Home
မြန်မာသတင်း
ဒုတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံကျင်းပမည့်ရက် ရွှေ့ဆိုင်း
DVB
·
February 15, 2017
ဒုတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံကျင်းပမည့်ရက် ရွှေ့ဆိုင်း
Donate to DVB

 

ဖေဖော်ဝါရီလကုန်ပိုင်းကျင်းပဖို့ စီစဉ်ထားတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံကို လာမယ့် မတ်လထဲမှာ ကျင်းပဖို့ ရွှေ့ဆိုင်းလိုက်တယ်လို့ သမ္မတရုံး ၀န်ကြီးဌာန ဒုညွန်ကြားရေးမှူးချုပ်  ဦးဇော်ဌေးက ဒီဗွီဘီကိုပြောပါတယ်။

ခုသီတင်းပတ်တွေအတွင်း ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေ ကျင်းပဖို့ ရှိနေသလို၊ အရပ်ဖက်အဖွဲ့အစည်းဖိုရမ်နဲ့  ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) အစည်းအဝေးတွေလည်း ကျင်းဖို့ရှိနေတဲ့အတွက် ရွှေ့ဆိုင်း လိုက်တာလို့ ဦးဇော်ဌေးကပြောပါတယ်။  

“ရက်က အရမ်းနည်းနည်းကျပ်နေတယ်ပေါ့နော်၊ နည်းနည်း ကြားမှာလုပ်ရမယ့် လုပ်ငန်းစဉ်တွေ ရှိနေတော့ အဲဒါကြောင့် နောက်ကို နည်းနည်းရွှေ့လိုက်တာ။  ဆွေးနွေးနေတာပေါ့နော်၊  တိုင်းရင်းသား လက်နက်ကိုင်ရယ်၊ နိုင်ငံရေးပါတီရယ် ကျနော်တို့က သုံးဦးသုံးဖလှယ်ဆွေးနွေးရတယ်။ ဆွေးနွေးပြီးမှ ရွှေ့ရပါမယ်၊ အကြမ်းဖျဉ်းမတ်လထဲကို ရောက်သွားမယ်။”

ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UDPJC အဖွဲ့ဝင် ပဒိုကွယ်ထူးဝင်းကလည်း ကျင်းပမယ့်ရက်ကို ပြန်လည်ဆွေးနွေးရမယ်လို့ပြောပါတယ်။

“မူလက ကျနော်တို့ ရည်မှန်း ထားတာက ဖေဖော်ဝါရီ ၂၈ အစောဆုံး၊နောက်ပြီးတော့ သက်ဆိုင်ရာ အစုအဖွဲ့တွေရဲ့ လုပ်နိုင်တဲ့အနေအထား အချိန်ပေါ့။  ကျနော်တို့ကေအန်ယူမှာလည်း ညီလာခံရှိနေတယ်။ တခြား အဖွဲ့အစည်းတွေကလည်း ချင်းတို့ဆိုရင် အခုထက်ထိ မလုပ်ရသေးဘူး။ သူက ၂၄ လောက်မှ ပြီးမယ်ဆိုတော့ နောက်ပြီး ပအို့ကလည်း ၁၆- ၂၀ ကြား၊ ရှမ်းကလည်းရှိသေးတယ်။ ပဲခူးတိုင်းကလည်း ရှိသေးတယ်ဆိုတော့ သူတို့ရတဲ့ အဆိုပြုစာတန်းတွေကို တခါ လုပ်ငန်း ကော်မတီက ထိုင်ရဦးမယ်။ လုပ်ငန်းကော်မတီတီထိုင်ရင် လေးငါးရက်က ကြာဦးမယ်။ ပြီးလို့ရှိရင် ယူပီဒီဂျေစီက ပြန်ထိုင်ပြီးမှ အချောသတ်ပြီးမှ လုပ်ရမှာပေါ့။ လုပ်ရမယ့် လုပ်ငန်းအပေါ်မှာ ပြန်ချိန်ဆပြီးမှ လုပ်ရမယ့်ရက်ကို လိုက်ပြီး ညှိနေတုန်းပဲ။ ”

တချို့ဒေသတွေမှာ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေ မကျင်းနိုင်သေးတာနဲ့ အန်စီအေ လက်မှတ်မထိုး နိုင်သေးတဲ့အဖွဲ့တွေနဲ့ ညှိနှိုင်းဆောင်ရွက်ရန်လိုချက်အရ ဒုတိယအကြိမ် ၂၁ရာစု ပင်လုံညီလာခံကျင်းပမယ့်ရက်ကို ပြင်ဆင်ရွေ့ဆိုင်းလိုက်တယ်လို့ PNLO အဖွဲ့နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။

“ရွှေ့တာကတော့ တခြား ဥပမာ ချင်းတို့ဘာတို့ အဖွဲ့အစည်းတွေ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ လုပ်မယ့်အချိန်မမီမှာ စိုးလို့လည်းပါတာပေါ့။ နောက်ထပ်လည်း အန်စီအေ လက်မှတ်မထိုးသေးတဲ့ အဖွဲ့တွေ ညှိနှိုင်းဖို့ရက်တွေက ခွကျနေတော့ အားလုံးရဲ့ မေတ္တာရပ်ခံချက်အရရွေ့တယ်လို့တော့ သတင်းကြားတယ်။ မတ်လ ဒုတိယအပတ်မှာ ရွှေ့တယ်လို့တော့ သိရတယ်။ ဆုံးဖြတ်ပိုင်ခွင်က UPDJC မှာရှိတာ။ သို့သော် UPDJC အစည်းအဝေးမရှိသေးတော့ ဘာမှမပြောသေးတာဖြစ်မယ်။ သို့သော်လည်းပဲ အားလုံးညှိနှိုင်းဆွေးနွေးတာတော့ကြားနေရပါတယ်။”

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် အန်စီအေအရ အမျိုးသားအဆင့်နိုင်ငံ ရေးဆွေးနွေးပွဲတွေ ကျင်းပပြီးမှသာ ၂၁ ရာစုပင်လုံညီလာခံလို နိုင်ငံရေးဆွေးနွေးပွဲတွေကို ကျင်းပရမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက်က နေပြည်တော်မှာ ကျင်းပတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UDPJC အစည်းအဝေးမှာ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်မှာ လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပဖို့ မဖြစ်နိုင်သေးကြောင်းပြောဆိုခဲ့ ပေမယ့် နောက်ပိုင်းမှာ ချင်းပြည်နယ်မှာ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့် ပြန်ပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013