DVB Logo
Home
မေးမြန်းခန်း
ကင်မ်ဂျုံအီအထ္ထုပ္ပတ္တိစာအုပ်ရေးသားခဲ့သူ စာရေးဆရာ ဟိန်းလတ်နှင့် မေးမြန်းချက်
DVB
·
December 19, 2011
ကင်မ်ဂျုံအီအထ္ထုပ္ပတ္တိစာအုပ်ရေးသားခဲ့သူ စာရေးဆရာ ဟိန်းလတ်နှင့် မေးမြန်းချက်
1 / 2
Donate to DVB

မြောက်ကိုရီးယားနိုင်ငံကို ၁၅ နှစ်ကြာ အုပ်ချုပ်ခဲ့တဲ့ ကင်မ်ဂျုံအီ အသက် ၆၉ နှစ်ဟာ နှလုံးရောဂါနဲ့ သေဆုံသွားတဲ့အကြောင်း အစိုးရမီဒီယာက ဒီကနေ့ အတည်ပြု ထုတ်ပြန်ပါတယ်။

ကင်မ်ဂျုံအီဟာ မြန်မာပြည်မှာ ၁၉၈၃ ခုနှစ်တုန်းက တောင်ကိုရီယားအရာရှိ ၁၇ ဦး သေဆုံးခဲ့ရတဲ့ အာဇာနည်ကုန်း ဗုံးပေါက်မှုကို အမိန့်ပေးခဲ့သူဖြစ်ပြီး အဲဒီ အဖြစ်အပျက်​ ​နောက်ပိုင်း မြန်မာက မြောက်ကိုရီးယားကို သံတမန် ဆက်ဆံရေး ဖြတ်တောက်ခဲ့ပါတယ်။

မကြာသေးခင်နှစ်တွေ​ အတွင်းမှာ နှစ်နိုင်ငံဆက်ဆံရေး​ ​ပြန်စခဲ့ပြီး​ ​မြောက်ကိုရီးယားက မြန်မာစစ်အစိုးရကို နျူးကလီးယားနဲ့​ ​လက်နက်နည်းပညာတွေ၊​ ​မြေ​အောက်လိုဏ်ခေါင်း နည်းပညာတွေ ကူညီပေးနေတယ်ဆိုတဲ့ သတင်းတွေဟာလည်း ကမ္ဘာ့မီဒီယာတွေမှာ ခေါင်းကြီး သတင်းဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် အမေရိကန် သမ္မတဘုရှ် အစိုးရလက်ထက်က မင်းဆိုးမင်းညစ်တွေရဲ့ ခြေကုပ်စခန်း (Outposts of tyranny) ၆ စာရင်းမှာ ဖော်ပြခဲ့ပါတယ်။

ကုလသမဂ္ဂနဲ့ အနောက်နိုင်ငံတွေရဲ့ ကန့်ကွက်မှုတွေကို အာခံပြီး မြန်မာပြည်နဲ့ လျှို့ဝှက် ဆက်သွယ်မှုတွေလုပ်ခဲ့တဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအီ အကြောင်း မြန်မာဘာသာနဲ့ “ကင်မ်ဂျုံအီ သို့မဟုတ် မြောက်ကိုရီယား၏ ချစ်လှစွာသောခေါင်းဆောင်ကြီး” စာအုပ်ရေးသားခဲ့သူ စာရေးဆရာ ဟိန်းလတ်ကို မေးမြန်းထားပါတယ်။

ကင်မ်ဂျုံအီက ဘယ်လိုလူမျိုးလဲ။ ဒီစာအုပ်ကို ဆရာဘာသာပြန်တာ ဘယ်လိုရည်ရွယ်ချက်နဲ့ ပြန်တာလဲ။

“ဘာသာပြန်တာမဟုတ်ဘူးပေါ့။ စာအုပ် ၂၀ လောက်ကို ဖတ်တယ်။ ဖတ်ပြီးတော့ မြင်တဲ့ဟာကို ကျနော်ရေးတယ်။ ကျနော်က နိုင်ငံရေးစာအုပ်တွေ နိုင်ငံရေးခေါင်းဆောင်တွေ အကြောင်းကို အများကြီးရေးတာကို။ ကင်မ်ဂျုံအီကို အနောက်အုပ်စု အများစုက၊ ကမ္ဘာတော်တော်များများက အယူသီးတဲ့ တဖက်စွန်းရောက်တဲ့သူ အနေနဲ့ အဲလိုစွပ်စွဲနေတဲ့ကာလမှာ သူမြောက်ကိုရီးယား အတွက် ဘာတွေလုပ်ပေးလဲ။ နောက် သူ့ရဲ့ ကောင်းကွက်တချို့နဲ့ သူ့ရဲ့အားနည်းချက် တချို့ကို တင်ပြရင်တော့ အထူးသဖြင့် မြန်မာနိုင်ငံရေးကို လေ့လာနေတဲ့ မြန်မာလူမျိုးတွေအတွက်၊ လူငယ်တွေအတွက် အကျိုးရှိမယ်လို့ ထင်လို့ရေးတာပါ။”

ကောင်းတဲ့အချက်တွေက ဘာတွေဖြစ်မလဲဆရာ။

“ကင်မ်ဂျုံအီက သူ့ဖခင် ကင်မ်ယူအီစုန်းရဲ့ အရိုက်အရာကို ခံစားဆက်ခံတယ်။ တိုင်းပြည်စီးပွားရေးကတော့ ထုံးစံအတိုင်းပဲ မကောင်းဘူးပေါ့။ ဒီနေ့ချိန်ထိ မကောင်းသေးဘူး။ သို့သော် သူ့နိုင်ငံတည်မြဲရေးကတော့ ကောင်းကောင်း ဦးဆောင်ခဲ့တာ။ ပြည်သူအများစုကတော့ ခေါင်းဆောင်အစစ်အမှန်လို့ပဲ ယုံကြည်တယ်။ တောင်ကိုရီးယားနဲ့ စေ့စပ်ဖို့ကိစ္စတွေ အားလုံးမှာလည်း သူ့အဆုံးအဖြတ်က တခါတလေ မှားချင်မှားမယ်၊ မှန်ချင်မှန်မယ်။ ဒါပေမယ့် သူ့ပြည်သူ တရပ်လုံးက သူ့နောက်က တညီတညွတ်တည်း လိုက်ကြတယ်။ အဲဒီနေရာတွေမှာတော့ သူစည်းရုံးရေးကောင်းတယ်ပေါ့။ တဘက်က ကြည့်ရင်တော့ မလွတ်တော့ မလွတ်လပ်တဲ့ စနစ်ဖြစ်တယ်။ ပထမဆုံးအကြိမ် နျူကလီးယား စမ်းသပ်တာ အားလုံးသိတဲ့​ အတိုင်းပဲ။ ၂၀၀၆ ခုနှစ်လောက်တုန်းက စစမ်းတယ်။ သဘောအရ နျူကလီးယား စမ်းသပ်မှုကို ဟန်ပြလုပ်ပြီး သံတမန်နည်းအရ အသာရအောင် လုပ်လိုက်တဲ့သဘော။ အဲဒါကို သူ့ပြည်သူက နည်းနည်း နားလည်တယ်။ အပြင်ကလူတွေကတော့ သိပ်လက်မခံကြဘူးပေါ့။ အဲဒီအပိုင်း ရှိတယ်။ နောက် စီးပွားရေး​ ပုံစံအရတော့ ပိတ်ထားတယ်။ သူ့နိုင်ငံအနေနဲ့ စားဝတ်နေရေးက အစ ခက်ခဲတယ်။ အာဏာရှင်ဆန်တယ်။ လုပ်တဲ့ကိုင်တဲ့နေရာမှာ Transparency မရှိဘူးပေါ့။ သံခင်း တမန်ခင်း မဟာဗျူဟာတွေကို ကင်မ်ဂျုံအီကတော့ ခေါင်းမာနေတယ်။ သူ့ဘက်က​ ​ဖြစ်ချင်တာတွေကိုပဲ စေ့စပ်ဆွေးနွေးမှု မရှိတဲ့အတွက် လက်ရှိ ၆ နိုင်ငံဆွေးနွေးပွဲကြီးက ခုထက်ထိ မအောင်မြင်ဘူး။ ဒါတွေကတော့ တပါတီ အာဏာရှင်စနစ် အောက်မှာတော့ မထူးပါဘူး။ ဒီလိုပုံစံတွေပါပဲ။”

သူက စစ်တပ်အားနဲ့ ထိန်းထားတာလား။ တကယ်ပဲ သူ့အပေါ်မှာ​ ​ခေါင်းဆောင်တယောက်အနေနဲ့ ယုံယုံကြည်ကြည် ရှိကြသလား ဆိုတာ။ အဲဒါကို ဆရာလေ့လာတဲ့အခါကျတော့ ဘယ်လိုတွေ့ရလဲ။

“ကျနော်တော့ ၂ မျိုးလုံး တွေ့ရတယ်။ စစ်တပ်အားကလည်း ကျိန်းသေပါတယ်။ သူတို့တွေက တိုင်းပြည်ကို ငြိမ်ဝပ်ပိပြားအောင် အုပ်ချုပ်တာ။ ဒါပေမယ့် တပိုင်း။ အဲဒါလည်း သူတို့က လွတ်လပ်ရေး အစီအစဉ်မှာ ခေါင်းဆောင် ၂ ယောက်ပဲ ရှိတယ်လေ။ ကင်မ်ယူအီစုန်းနဲ့ ကင်မ်ဂျုံအီ ၂ ယောက်ပဲရှိတယ်။ ကင်မ်ဂျုံအီက အရိုက်အရာကို ဆက်ခံပြီးတော့ ကင်မ်ယူအီစုန်း လမ်းစဉ်ကို လိုက်ပြီး လုပ်တယ် ထင်တဲ့အတွက်လည်း ပြည်သူအများစုက လက်နက်အင်အား စစ်တပ်အင်အား မပါပေမယ့်လည်း ထောက်ခံကြတယ်။ ဘာကြောင့်လဲဆိုတော့ တချို့သိတယ်။ တောင်ကိုရီးယားက စီးပွားရေးအင်အား အရမ်းထွန်းကားနေပြီ။ ကမ္ဘာ့နိုင်ငံ အလယ်မှာလည်း တင့်တယ်နေပြီ။ ဒါပေမယ့် အများစုက လက်ရှိ ပေါင်းစည်းရေးကို မလုပ်ချင်ကြတဲ့ သဘောတွေ ရှိနေတာလည်း သူတို့ ခေါင်းဆောင်ရဲ့စကားကို နာယူချင်တဲ့သဘောတွေ တွေ့ရပါတယ်။ တချိန်ချိန်ကျရင် နောက်ခေါင်းဆောင် တယောက်က ပြောင်းလဲရေး လုပ်ပြနိုင်ရင်တော့ ဖြစ်တာပေါ့။ တရုတ်ပြည်မှာ မော်စီတုန်းလက်ထက်နဲ့ တိန့်ရှောင်ဖိန်လက်ထက်၊ ကွာသွားသလို၊ အဲလိုလုပ်နိုင်တဲ့ ခေါင်းဆောင် အနေနဲ့တော့ မရှိဘူးပေါ့။”

ကမ္ဘာ့မီဒီယာတွေမှာ ပြောလို့ရှိရင် အဆိုးဆုံး​ နိုင်ငံတွေထဲမှာ မြန်မာပါတယ်။ ​မြောက်ကိုရီးယားပါတယ်။ ဇင်ဘာဘွေ စသည်ဖြင့်ပေါ့။ မြန်မာပြည်ရဲ့ အခြေအနေကကော အခု အစိုးရသစ်တွေဘာတွေ ပြောင်းသွားပြီးနောက်ပိုင်းမှာ မြောက်ကိုရီးယားကနေ ဘာတွေများ သင်ခန်းစာ ယူနိုင်တာရှိမလဲ။

“မြောက်ကိုရီးယားက ခုထိ ကင်မ်ဂျုံအီ ဘ၀ထဲမှာပဲ သောင်တင်နေတယ်။ ကျနော်တို့ဆီက ပြောင်းစပြုပြီပေါ့။ ဒါခုနက ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း ပြောနေတာပဲ။ အဲတော့ မတူတာတွေကို ခဏဘေးဖယ်ထားပါ။ တူတာတွေကို လုပ်ခွင့်ရသမျှ လုပ်မယ်ဆိုပြီးတော့ လုပ်မယ့်ပုံစံမျိုးပေါ့။ အဲလို ညီညွတ်ရေး တချို့ရတယ်။ မြောက်ကိုရီးယားလောက်တော့ မဆိုးဘူး။ ရလဒ်က အမြန်ဖြစ်မလား။ နည်းနည်းကြာမလား ဆိုတာပဲ စောင့်ကြည့်ရမှာပဲ။ လမ်းကတော့ စပွင့်ပြီ၊ စဖွင့်ပြီပေါ့။ အဲဒီအပေါ်မှာ မူတည်ပြီးတော့ လက်ရှိအနေအရတော့ အကောင်းမြင်ရှုရမှာပဲ။ အစိုးရသစ် ၈ လ၊ ၉ လ အဲဒီအချိန်နဲ့ အရင် အခြေအနေနဲ့တော့ ကွာသွားပြီ။ အရင်က ဒီလောက်တောင်မှ မဖြစ်တာ။ အဲတော့ ကင်မ်ဂျုံအီလောက်နဲ့ မြောက်ကိုရီးယားလောက်နဲ့တော့ ကျနော်တို့ အခြေအနေက မတူတော့ပါဘူး။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013