DVB Logo
Home
Lead Story
နှင်းဆီနီနီ
DVB
·
February 14, 2017
နှင်းဆီနီနီ
Donate to DVB

 

နှင်းဆီနီတပွင့် ထောင့်ငါးရာ။ အဘိုးကြီးတွေ၊ အဘွားကြီးတွေ ယုံချင်ယုံ မယုံချင်နေ။ ဒီနေ့ ဒီအခါမှာတော့ ခင်ဗျားတို့ရဲ့ သားသမီးတွေ မြေးတွေကတော့ နီးစပ်ရာ စူပါမတ်ကတ် တွေ၊ စတိုးဆိုင်တွေမှာ အဲဒီနှင်းဆီ ပန်းအနီတွေကို အလုအယက် ၀ယ်နေကြပြီ။

ဘာကြောင့်ပါလဲ။ နှင်းဆီပန်းနီနီကလေးတွေဟာ ဖေဖော်ဝါရီလလယ်မှာ ကျရောက်မယ့် ဗယ်လင်တိုင်းဒေး အမှတ်တရလက်ဆောင် ဖြစ်လို့ပါ။ တနည်းပြောရရင် ဗယ်လင်တိုင်းဒေး ဆိုတာ ချစ်သူများနေ့လို့ လှလှပပ ဘာသာပြန်ထားတဲ့နေ့ပါ။ ချစ်သူများနေ့ဆိုလို့ ကျနော်တို့လို ချစ်သူနှစ်ယောက်၊ သုံးယောက်သာ ရှိတဲ့သူတွေ ၀င်ရောက်မဆင်နွှဲရဘူးလို့တော့ ကန့်သတ်မထားပါဘူး။ (မိန်းမ လစ်တုန်းကြွားရတာ)။ ချစ်သူနည်းနည်းရှိရင်လည်း ၀င်ရောက် ဆင်နွှဲနိုင်တယ်တဲ့။ ကျား၊ မ ကန့်သတ်ချက်၊ အသက်အရွယ် ကန့်သတ်ချက် မရှိဘူးတဲ့။ လူမျိုးရေး၊ ဘာသာရေး ကန့်သတ်ချက် မရှိဘူးတဲ့။ အနိမ့်ဆုံးအဆင့် သတ်မှတ်ချက်ကတော့ ကိုယ့်ကို ချစ်တဲ့သူ မရှိရင်တောင် ကိုယ်က ချစ်ရသူတွေရှိရင် ၀င်ရောက်ဆင်နွှဲခွင့်ရပြီတဲ့။ ကျနော်က မေတ္တာပွားတဲ့ အရွယ်ရောက်နေပြီဆိုတော့ ချစ်ရသူတွေ များနေပြီလေ။ ဘောင်းဘီတိုတို ကောင်မလေးတွေ များပြားလာတာလည်း ပါတာပေါ့။

ဖေဖော်ဝါရီ ၁၄ ရက်ဟာ ဗိုလ်ချုပ်မွေးနေ့ပါ။ ဖေဖော်ဝါရီ ၁၂ ရက်နေ့ဟာ ပြည်ထောင်စုနေ့ပါ။ ဖေဖော်ဝါရီ ၁၁ ရက်ဟာ သိပ္ပံနယ်ပယ်ထဲက အမျိုးသမီးတွေနဲ့ မိန်းကလေးတွေကို ဂုဏ်ပြုတဲ့ အပြည်ပြည်ဆိုင်ရာနေ့ပါ။

ဒီလို ရက်ကြီးအခါကြီးတွေကို မေ့ထားတာ ကြာပေါ့။ ဗိုလ်ချုပ်ကြီးတွေ ဘုန်းမီးနေလ တောက်ပနေချိန်မှာ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ကို မေ့ထားကြ။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးသမားတွေ တန်ခိုးထွားနေချိန်မှာ ပြည်ထောင်စုနေ့ကို ၀ါးတားတား လုပ်ထားကြ။ အဲဒါတွေကို အစားထိုးဖို့ ဗယ်လင်တိုင်းဒေး ဆိုတာကြီးကို သွင်းကုန် အစားထိုးခဲ့တယ် ထင်ပါတယ်။ စစ်အစိုးရလက်ထက် နှိပ်ကွတ်မှု အပြင်းထန်ဆုံးကာလမှာ ဗယ်လင်တိုင်းဒေးကြီးက လူငယ်တွေကြားမှာ ရေပန်းစားခဲ့တာပါ။ တည်းခိုခန်းတွေ အလုပ်ဖြစ်တဲ့နေ့။ ချောကလက်တွေ လက်ဆောင်ပေးတဲ့နေ့။ နှင်းဆီပန်း နီနီကလေးတွေ ရောင်းကောင်းတဲ့နေ့။

ဒီရေစီးထဲ ကျနော်လည်း ခုန်ချလိုက်တယ်။ စပ်စုကြည့်တယ်။ လေ့လာကြည့် တယ်။ သုတေသနပြုကြည့်တယ်။ (သူများ အထင်ကြီးမလားလို့ ပြောမိတာပါ)။ တကယ်တော့ ကိုယ် ၀ါသနာပါတာလေး လုပ်ကြည့်တာ။ အန္တရာယ်လည်း သိပ်မများဘူး။ ၆၆(ဃ) နဲ့ ငြိမှာလည်း မကြောက်ရဘူးလေ။

ဒီခေတ်။ ကြံဖန်ပြီး ကြီးကြီးကျယ်ကျယ်ပြောရရင် ၂၁ ရာစု အိုင်တီခေတ်။ ဒီခေတ်မှာ အချစ်ဟာ တော်တော် ကျယ်ပြန့်နက်ရှိုင်းလာတယ်။ ကောင်လေးနဲ့ ကောင်မလေး ချစ်တာ၊ ယောက်ျားချင်း ချစ်တာ၊ မိန်းမချင်း ချစ်တာ၊ ကျား၊ မ မရွေး လိင်မခွဲဘဲ တပြိုင်တည်း ချစ်တာတွေပါ ပါလာပါတယ်။ အချစ်နယ်ပယ်ဟာ ကျယ်ဝန်းလာတယ်။ ကျနော်တို့ အဘိုးကြီးတွေ အဘွားကြီးတွေ မျက်စိပြူးကုန်ကြတယ်။ ကျနော်တို့ခေတ်က အချစ်ဟာ လူတန်းစားမခွဲ၊ ဆင်းရဲချမ်းသာ မခွဲ၊ လူမျိုးမခွဲ၊ အသားအရောင်မခွဲ၊ ကိုးကွယ်တဲ့ ဘာသာမခွဲဘဲ ချစ်ခွင့်ရှိတယ်ဆိုတဲ့ အချစ်ယဉ်ကျေးမှုတော်လှန်ရေးခေတ်။ အဲဒီတုန်းကလည်း ကျနော်တို့ အဘိုးတွေ အဘွားတွေ မျက်ကလဲဆန်ပြာ ဖြစ်ခဲ့ကြတာ ပြန်သတိရတယ်။ ဒီတခါတော့ ကျနော်တို့ ခံရမယ့်အလှည့်။ ကိုယ်ခံရမယ့်အလှည့်ဆိုတော့ နည်းနည်းပါးပါး သက်သာလိုသက်သာငြား သူတို့ခေတ်သစ်ယဉ်ကျေးမှု ဖြစ်တဲ့ ဗယ်လင်တိုင်းကြီးကို လေ့လာထားမှ။ ထုံးစံအတိုင်း အင်တာနက်ကြီးပေါ် တက်ရှာတတ်တဲ့ ကျနော့်မိတ်ဆွေတွေကို အကူအညီတောင်းရတာပေါ့။ ကောင်းကင်ထက်က အင်တာနက်မှာ တက်ရှာနိုင်မှ အဆင့်မြင့်တဲ့ အချက်အလက်တွေ ရမှာလေ။ ဗယ်လင်တိုင်းနဲ့ ပတ်သက်လို့ ကျနော့်မိတ်ဆွေ အင်တာနက်ကြီး ပြောပြတဲ့ ပုံပြင်ကလေးကတော့ ဒီလိုပါ။

ဗယ်လင်တိုင်း(Valentine) ဆိုတာက ရောမခေတ်က ခရစ်ယာန် ဘုန်းတော်ကြီးတပါးရဲ့ နာမည်လို့ ဆိုပါတယ်။ ဒါနဲ့ပတ်သက်လို့ ပုံပြင်တွေ အများအပြား ရှိတယ်တဲ့။ တခုသော ပုံပြင်ကတော့ ၃ ရာစုနှစ်မှာ  ရောမအင်ပါယာကြီးကို  ဒုတိယမြောက် ကရော့ဒစ် (Claudius II) အမည်ရှိတဲ့ မင်းကြီး စိုးစံသတဲ့။ အဲဒီမင်းကြီးလက်ထက်မှာ ရောမစစ်သည်တော်တွေကို အိမ်ထောင်ပြုခွင့်မပေးဘူးတဲ့။ စစ်သည်တော်တွေ အိမ်ထောင်ပြုလိုက်ရင် တိုက်စွမ်းရည် ကျသွားမှာစိုးလို့တဲ့။ အဲဒီခေတ်က ဒီထက်ပိုတိကျပြီး ပိုဆိုးတဲ့ အထူးဥပဒေဆိုတာကြီးကလည်း ရှိသေးတယ်။ ဥပဒေပြုခွင့်ရှိတဲ့သူတွေဟာ အဲဒီခေတ်ကတည်းက အထူးဥပဒေဆိုတာကြီးနဲ့  သူတို့ လုပ်ချင်တာ လုပ်နေကြတယ် ထင်ပါရဲ့။ အဲဒီအထူးဥပဒေကြီးကတော့ ရောမစစ်သည်တွေဟာ ခရစ်ယာန် မိန်းကလေးတွေနဲ့ လက်မထပ်ရ ဆိုတဲ့ ဥပဒေပါ။ အဲဒီလို လူမျိုးရေး ဘာသာရေး ခွဲခြားတဲ့ ခေတ်ဆိုးကြီးထဲမှာ ရောမစစ်သည်တွေနဲ့ ခရစ်ယာန် မိန်းကလေးတွေကို လက်ထပ်ပေးခဲ့တဲ့ အမှုနဲ့ ဘုန်းတော်ကြီး ဗယ်လင်တိုင်းဟာ ထောင်သွင်းအကျဉ်းကျခံရသတဲ့။ အဲဒီလို အကျဉ်းကျခံနေရစဉ်မှာပဲ ဘုန်းတော်ကြီး ဗယ်လင်တိုင်းဟာ ထောင်မှူးကြီးသမီးနဲ့ ချစ်ကြိုက်မိသတဲ့။ ဒီသတင်းကို မင်းကြီး ရွှေနားတော် ပေါက်ကြားသွားတော့ သူ့ကို ကွပ်မျက်ဖို့ အမိန့်တော်မှတ်လိုက်သတဲ့။ ဗယ်လင်တိုင်းဟာ သူ အသတ်မခံရခင်မှာ သူ့ချစ်သူဆီကို နောက်ဆုံး နှုတ်ဆက်စာလွှာကလေး ပါးလိုက်သတဲ့။ အဲဒီစာထဲမှာ ‘သင့်ရဲ့ ဗယ်လင်တိုင်း’ လို့ လက်မှတ်ရေးထိုးထားသတဲ့။ ဒီအဖြစ်အပျက်ကလေးကို သိတဲ့ ပြည်သူတွေဟာ ဗယ်လင်းတိုင်းကို အချစ်သူရဲကောင်းအဖြစ် ဂုဏ်ပြုပြီး ဖေဖော်ဝါရီ ၁၄ ရက်နေ့ရောက်တိုင်း ဗယ်လင်တိုင်းနေ့ကို ကျင်းပခဲ့ကြသတဲ့။ အဲဒီနေ့မှာ အချစ်သင်္ကေတ ဖြစ်တဲ့ အသည်းပုံလေးတွေ လက်ဆောင်ပေးကြ။ ချော့ကလက်တွေ လက်ဆောင်ပေးကြ၊ နှင်းဆီနီနီကလေးတွေ လက်ဆောင်ပေးကြနဲ့ အမှတ်တရ ကျင်းပကြပါတယ်။ အထူးသဖြင့် ပြင်သစ်နဲ့ အင်္ဂလန်နိုင်ငံမှာ ကျင်းပလေ့ရှိသတဲ့။

ပုံပြင်ကလေးကတော့ ဒါပါပဲ။

ဗယ်လင်တိုင်းရဲ့ သမိုင်းအစဟာ ဖြူစင်တဲ့ လူငယ်ချင်း အချစ်အပေါ်မှာ အခြေခံထား ပါတယ်။ ဘာသာရေး၊ လူမျိုးရေး၊ ဂုဏ်ဓနတွေ ခွဲခြားမှုကို ဆန့်ကျင်ခဲ့တာပါ။ အချစ်စစ် အချစ်မှန်အတွက် စနစ်ဆိုးတွေကို အသက်ပေးပြီး ဆန့်ကျင်ခဲ့တဲ့ အကြောင်းအရာတွေမှာ မြစ်ဖျားခံခဲ့တာပါ။ ရိုးမြေကျပေါင်းဖို့ သစ္စာထားခဲ့ကြပါတယ်။ ခုတော့ ကျနော်တို့ သိနေ၊ မြင်နေသလို အလုံပိတ် ကော်ဖီဆိုင်တွေ၊ တည်းခိုခန်းတွေ၊ ကေတီဗွီတွေမှာ တွေ့ရတဲ့ အချစ်မျိုးမဟုတ်ပါဘူး။ ဗယ်လင်တိုင်းရဲ့ အနှစ်သာရကို ကျနော် သိလိုက်ရပါပြီ။ ကျနော်တို့ အဘိုးကြီးတွေ အဘွားကြီးတွေလည်း ဒီပွဲမှာ လိပ်ပြာသန့်သန့်နဲ့ ၀င်ရောက်ဆင်နွှဲနိုင်ပါပြီ။

အိမ်က အဘွားကြီးကို ဗယ်လင်တိုင်းအမှတ်တရ ဘာပေးရင် ကောင်းမလဲ။ အသည်းပုံလေး ပေးရင်ကောင်းမလား။ ဒါကတော့ ရိုးနေပြီ။ ဒါဆို ချောကလက် လက်ဆောင်ပေးရင် ကောင်းမလား။ အိမ်နားကဈေးမှာ ချောကလက် မရှိ။ ဒါပေမယ့် ထန်းလျက်ခဲတော့ ရှိတယ်။ သူလည်း ကြိုက်တယ်။ ဒါပေမယ့် ထန်းလျက်ခဲကလည်း အိမ်မှာ ရှိပြီးသား။ ဒီတော့ အလွယ်တကူ ၀ယ်ယူလို့ရတဲ့ နှင်းဆီပန်းနီနီကလေးတွေ ၀ယ်ပေးမှ။

အိမ်နားက လမ်းဘေးဈေးမှာ ရောင်းတဲ့ နှင်းဆီပန်းနီနီတစည်းဝယ်။ အိမ်လှေကားပေါ် ခြေသံမကြားအောင် တက်။ ပန်းစည်းကလေးကိုင်တဲ့လက်ကို နောက်ပစ်ထား။ သူနဲ့တွေ့မှ ဘွားခနဲ ထုတ်ပေးလိုက်။ ကိုရီးယားးကားထဲကလို စပရိုက် (suprice !) လို့ ပြောလိုက်။ သူ အံ့သြ၀မ်းသာ။ ဘယ်လောက်ကောင်းမလဲ။

အဲဒီလိုတွေးရင်း ကျနော် လှေကားပေါ် ခြေသံမကြားအောင်တက်လာ၊ သူ့ကိုတွေ့။ သူက ဘုရားရှိခိုးနေ။ ဟော သူ ဘုရားရှိခိုးပြီးပြီ။ ကျနော်က ကျောနောက်မှာ ၀ှက်ယူလာတဲ့ ပန်းစည်းကို သူ့ကို ပေးလိုက်။

သူ့မျက်နှာမှာ အံ့သြ၀မ်းသာတဲ့ မျက်နှာနဲ့ ကျနော့်ကို မော့ကြည့်။

‘သြော် ရှင်က ဘုရားပန်းတွေ ၀ယ်လာတယ်၊ ဘုရားတရားတွေ ဘာတွေ သိလို့ပါလား။ ဘုရား တရား သိရမယ့်အရွယ်လည်း ရောက်ပြီကိုး၊ သာဓုပါတော် သာဓုပါ’

အင်း… ယဉ်ကျေးမှု ဆိုတာ သူ့အရွယ်နဲ့ သူ။ သူ့ခေတ်နဲ့ သူပါလားဗျာ။

သားကြီးမောင်ဇေယျ

(၁၁-၀၂-၂၀၁၇)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013