ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှာ ဓာတ်မှန် ရိုက်ဖို့ လိုအပ်နေတဲ့ ပြည်သူလူထုတွေကို အခမဲ့ ဓာတ်မှန် ရိုက်ကူးပေးနေပြီဖြစ်ပါတယ်။
ရန်ကုန်တိုင်းထဲက ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွေထဲမှာ မင်္ဂလာတောင်ညွန့်မြို့နယ်ဟာ ဓာတ်မှန်စက် ပထမဆုံး တပ်ဆင်လိုက်တဲ့ မြို့နယ် ဖြစ်ပြီး မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေကနေ ကျန်းမာရေးဌာနအတွက် ဓာတ်မှန်စက်ကို တပ်ဆင်ပေးနိုင်ခဲ့တာပါ။
မင်္ဂလာတောင်ညွန့်မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ ဦးကျော်စိုးက “မြို့နယ်ထဲမှာ အများပြည်သူအတွက် အကျိုးရှိမယ့် လုပ်ငန်းတခုတည်းကိုပဲ စုစည်းဆောင်ရွက်ဖို့ ဆုံးဖြတ်တယ်။ ကျန်းမာရေး စက်ပစ္စည်း ဝယ်ဖို့ ဆုံးဖြတ်ဖြစ်သွားတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
လက်ရှိမှာတော့ တိုင်းကျန်းမာရေးဦးစီးဌာနက ဖလင်နဲ့ ဆေးတွေထောက်ပံ့ထားလို့ အခမဲ့ ရိုက်ပေးနေပြီး ထောက်ပံ့မှု မရှိတော့ရင်တော့ စက်ရေရှည်လည်ပတ်နိုင်ရေးအတွက် ဓာတ်မှန်တဆစ်ချပ်ကို ငွေတစ်ထောင် ဝန်းကျင်လောက်နဲ့ ရိုက်ပေးဖို့ စဉ်းစားထားတယ်လို့ ဦးကျော်စိုးက ဆက်ပြောပါတယ်။
ဖွံ့ဖြိုးရေး ရံပုံငွေ ကျပ်သိန်း ၁၀၀ ရရှိတာဖြစ်ပြီး အခု ဓာတ်မှန်စက်အတွက် ကျပ် ၇၆ သိန်း ကုန်ကျခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ တစ်ရက်ကို လူနာ ၅ ယောက်လောက်ကို ဓာတ်မှန် ရိုက်ပေးနေရပြီ ဖြစ်ပါတယ်။
မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဥမ္မာမြင့်က “တီဘီရောဂါ သံသယရှိတဲ့ လူနာကို သလိပ်အရင်စစ်မယ်။ သလိပ်စစ်ပြီးတော့မှ မတွေ့ရင် ဓာတ်မှန်ရိုက်တယ်ပေါ့။ ဓာတ်မှန်မှာတွေ့ရင် တီဘီဆေးကုသပေးချင်တယ်။ဓာတ်မှန်ရိုက်ဖို့ကျတော့ လသာ တီဘီရောဂါတိုက်ဖျက်ရေးဌာနတို့၊ အောင်ဆန်းတို့မှာ အခမဲ့ရိုက်လို့ရအောင် လွှတ်တဲ့အခါကျတော့ တချို့ကလည်း လမ်းစရိတ်ကြောင့် မသွားနိုင်ကြဘူး။ အပြင်မှာရိုက်ရင်လည်း ငွေကုန်ကြေးကျများမှာ ဖြစ်တဲ့အတွက် ဒီလိုမျိုး အလှူရှင် ရှိတဲ့ အချိန်မှာ ဓာတ်မှန်စက်ကို တပ်ဆင်ခဲ့တာပါ။အခု တပ်ဆင်ထားတဲ့ဓာတ်မှန်စက်ကို ရင်ခေါင်းဓာတ်မှန် ရိုက်ပြီးတော့ တီဘီရောဂါရှာဖွေဖို့အတွက်ပဲ အဓိက ပြင်ဆင်ထားပါတယ်”လို့ပြောပါတယ်။
လက်ရှိမှာ မနက်ပိုင်းပဲ ဓာတ်မှန် ရိုက်ပေးနိုင်သေးပြီး လာမယ့်လမှာတော့ ရုံးချိန်အတွင်း ရိုက်ပေးနိုင်အောင် စီစဉ်နေတယ်လို့လည်း သိရပါတယ်။











