DVB Logo
Home
မြန်မာသတင်း
မောင်တောတွင် ရောဂါကာကွယ်ရေးလုပ်ငန်းများ အခက်အခဲနှင့် ရင်ဆိုင်နေရ
DVB
·
February 14, 2017
မောင်တောတွင် ရောဂါကာကွယ်ရေးလုပ်ငန်းများ အခက်အခဲနှင့် ရင်ဆိုင်နေရ
Donate to DVB

 

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ထဲမှာ ကလေးငယ်တွေအတွက် တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းစီမံချက်ကို ကျန်းမာရေးဌာနက ဆောင်ရွက်ပေးနေပေမယ့် ဆေးလာတိုက်သူ အရေအတွက် နည်းပါးနေသေးတယ်လို့ မောင်တောမြို့နယ် ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။

ဇန်န၀ါရီလထဲမှာ လတ်တလော ပျော့ခွေအကြောသေရောဂါလက္ခဏာ (AFP) ရှိတဲ့ ကလေးတစ်ယောက်ကို မောင်တောတောင်ပိုင်းမှာ တွေ့ရှိခဲ့တဲ့အတွက် ပိုလီယိုကြောင့် အကြောသေတာ ဟုတ်၊ မဟုတ် အမျိုးသားကျန်းမာရေးဓာတ်ခွဲခန်းကို နမူနာတွေ ပေးပို့စစ်ဆေးထားသလို မောင်တောခရိုင်မှာ ပိုလီယိုနဲ့ အသည်းရောင်အသားဝါဘီ အပါအဝင် ကာကွယ်ဆေး ၁၀ မျိုးကို ကျေးရွာတွေအရောက် လိုက်လံတိုက်ကျွေးတာ၊ ဆေးထိုးပေးတာတွေကို ဇန်နဝါရီလကတည်းက တပြိုင်နက် ဆောင်ရွက်နေပါတယ်။

မောင်တောမြို့နယ်မှာ ဇန်နဝါရီလအတွင်း ကလေးဦးရေ ၁၃၀၀ ကျော်ကို ကာကွယ်ဆေးထိုး၊ ဆေးတိုက်ဖို့ လျာထားခဲ့ပေမယ့် အမှန်တကယ် ဆေးတိုက်နိုင်တဲ့ ကလေးဦးရေက ၄၀၀ ကျော်ပဲ ရှိခဲ့တဲ့အတွက် ဖေဖော်ဝါရီလထဲမှာ အရှိန်မြှင့် စည်းရုံးဆောင်ရွက်နေတာပါ။

မောင်တောမြို့နယ် ကျန်းမာရေးမှူးဦးမောင်အေးသာက "တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း စီမံချက်ထဲမှာ ပါတာပေါ့။ လစဉ် ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းပေါ့။ အခုက ကာကွယ်ဆေးထိုးနှုန်း တွေက ကျဆင်းနေတယ်လေ။ အဲ့ဒါကို ပိုပြီးအရှိန်အဟုန်မြင့်လာအောင်ဆိုပြီး လုပ်နေတာပါ။ ရွေ့လျားဆေးခန်းရော၊ ကျန်းမာရေးစောင့်ရှောက်မှုတွေပါ ဆရာဝန်တွေပါဆင်းပြီး အဖွဲ့လိုက် ကွင်းဆင်းပြီး ဆောင်ရွက်နေတာပါ" လို့ ပြောပါတယ်။

ကာကွယ်ဆေးတိုက်ကြဖို့ ဒေသခံ စေတနာ့ဝန်ထမ်း ကျန်းမာရေးလုပ်သားတွေ၊ ဘာသာရေးခေါင်းဆောင်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေပါ လူထုစည်းရုံးရေးလုပ်ပြီး ဆောင်ရွက်နေပေမယ့် ကျေးရွာတော်တော်များများမှာတော့ စုရပ်တွေကို လာရောက်တာ မရှိသေးတဲ့အတွက် ကျန်းမာရေးဝန်ထမ်းတွေမှာ အခက်အခဲများစွာ ရင်ဆိုင်နေရပါတယ်။

"၁၀ ရက်နေ့က အလယ်သံကျော် ပညောင်ပင်ကြီးတို့မှာကျတော့ အဆင်ပြေတယ်။ ဆေးကုဖို့ရော၊ ကာကွယ်ဆေးထိုးဖို့ရော တော်တော်ရောက်ပါတယ်။ ဒါပေမယ့် ၁၁ ရက်နေ့ ကံပုရွာမှာကျတော့ မလာကြလို့ ၁၂ ရက်နေ့မှာ နောက်တစ်ကြိမ် ထပ်သွားပြီး ရွာထဲမှာ နေရာပြောင်းပြီးလုပ်မှ အဆင်ပြေတယ်။ အဆင်မပြေတဲ့ရွာတွေဆို ကျေးရွာလူထုကို ပညာပေးစည်းရုံးပြီး နောက်တကြိမ် ထပ်သွားဖို့ စီစဉ်ထားတယ်" လို့ ဦးမောင်အေးသာက ပြောပါတယ်။

အခုလို ကာကွယ်ဆေးထိုး ဆေးတိုက်လုပ်ငန်းတွေ ကျဆင်းနေရတာဟာ ၂၀၁၆ အောက်တိုဘာလ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် စိုးရိမ်မှုတွေနဲ့ အသွားအလာနည်းပါးနေတဲ့အပြင် ကာကွယ်ဆေးကြောင့် သေဆုံးမှုရှိတယ်ဆိုပြီး သတင်းမှားဖြန့်ချိတာတွေရှိခဲ့ပါတယ်။

မောင်တောမြို့နယ် ဆရာဝန်ကြီးဒေါက်တာကျော်မောင်မောင်သိန်းကတော့ “သေဆုံးတဲ့ကလေးဟာ ကာကွယ်ဆေးတိုက်တဲ့ ကလေးမဟုတ်ဘဲ ၀မ်းပျက်ရောဂါကြောင့် သွေးအဆိပ်တက်ပြီး သေဆုံးတာဖြစ်တယ်” လို့ ပြောပါတယ်။

မောင်တောမြို့နယ်ထဲမှာ မြို့နယ်ဆေးရုံ ၁ ရုံ၊ တိုက်နယ်ဆေးရုံ ၄ ခု၊ ကျေးလက်ကျန်းမာရေးဌာန ၅ ခု၊ ကျေးလက်ကျန်းမာရေးဌာနခွဲ ၄၁ ခု၊ မိခင်နှင့်ကလေးဌာန ၁ ခု ဖွင့်လှစ်ပြီး ကျန်းမာရေး စောင့်ရှောက်မှု ပေးနေတယ်လို့ ကျန်းမာရေးဌာနက သိရပါတယ်။

သတင်း၊ ဓာတ်ပုံ - ကိုအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013