
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကိုးတန်ကောက် နယ်ခြားစောင့်ရဲစခန်းကို အကြမ်းဖက် စီးနင်းတိုက်ခိုက်ခဲ့တဲ့ မာမတ်နူရ် (ခေါ်)အူလာကို စစ်တွေခရိုင် တရားရုံးက သေဒဏ်အမိန့် ချလိုက်တယ်လို့ ဒီကနေ့ထုတ်နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြပါတယ်။
ကိုးတန်ကောက် ရဲစခန်း တိုက်ခိုက်မှုဖြစ်စဉ်မှာ ပါဝင်ခဲ့တဲ့ ဖမ်းဆီးရမိ တရားခံ အူရူးမား(ခ) မာမတ်နူရ် (ခ)အူလာ နဲ့ ရောရှီးအာမောက် အပါအ၀င် အကြမ်းဖက်သမားတွေကို စစ်တွေ ခရိုင်တရားရုံးမှာ စစ်ဆေးနေရာမှာ ဇန်န၀ါရီ ၁၀ရက်က မာမတ်နူရ် (ခေါ်)အူလာကို ရာဇသတ်ကြီး ပုဒ်မ ၃၀၂ (၁) (ဂ) အရ သေဒဏ်ကျခံစေရန်အပြင် ပုဒ်မ ၃၂၆ အရ အလုပ်နှင့် ထောင်ဒဏ် ၅ နှစ်ချမှတ် ခဲ့တာလို့ သတင်းမှာဖော်ပြပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၉ ရက်က ကိုးတန်ကောက်စခန်းကို အကြမ်းဖက်သမား အင်အား ၂၀ လောက်က အလစ်အငိုက် ၀င်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာမှာ ရဲတပ်ဖွဲ့ဝင် ၁ဦးသေပြီး ၂ ဦးဒဏ်ရာရခဲ့တာဖြစ်ပါတယ်။











