
အိန္ဒိယနိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ကျောင်းသားဆန္ဒပြပွဲကို လူခွဲဖို့ မောင်းပြန်ရိုင်ဖယ်နဲ့ မိုးပေါ်ထောင်ပစ်ခဲ့တဲ့ ရဲအရာရှိတယောက်ကို တာဝန်ကနေ ဆိုင်းငံ့လိုက်ပါတယ်။
ဒါဟာ ပြည်ထောင်စု ပညာရေးဝန်ကြီးကိုပါ နုတ်ထွက်သွားရစေတဲ့ လူငယ်ဆန္ဒပြပွဲတွေရဲ့ နောက်ဆက်တွဲ ကိစ္စတရပ်လည်း ဖြစ်ပါတယ်။
ဇူလိုင် ၂၀ ရက်က မြို့တော် နယူးဒေလီမှာ လွှတ်တော်ဆီ ချီတက်ခဲ့ကြတဲ့ လူအင်အား သောင်းနဲ့ချီတဲ့ ကျောင်းသားတွေကို ရဲတွေက တုတ်နဲ့ရိုက်၊ မျက်ရည်ယိုဗုံးတွေသုံးပြီး အင်အားလွန်လွန်ကဲကဲ နှိမ်နင်းခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။
ဇူလိုင် ၂၅ ရက်က ဘီဟာပြည်နယ်၊ ဆီဝမ်မြို့မှာ ကျောင်းသားတွေနဲ့ တခြားသူတွေ တင်ထားတဲ့ ဗီဒီယိုဖိုင်တွေထဲမှာ ရဲအရာရှိတယောက်ဟာ AK-47 မောင်းပြန်သေနတ်ကို ကိုင်ပြီး ကျောင်းသား အုပ်စုဆီ ပြေးသွားကာ မိုးပေါ်ကို အနည်းဆုံး ၃ ချက် ထောင်ပစ်ခဲ့တာကို တွေ့ရပါတယ်။ အဲဒီဗီဒီယို မှန်ကန်ကြောင်း ရဲဘက်ကလည်း အတည်ပြုထားပါတယ်။
ဒီလို နှိမ်နင်းမှုတွေနဲ့ ပတ်သက်ပြီး အတိုက်အခံ ကွန်ဂရက်ပါတီ ခေါင်းဆောင် ကေစီ ဗေနုဂိုပါးလ်က ဘီဟာမှာ AK-47 နဲ့ ပစ်ဖို့၊ ဒေလီမှာ ခဲယမ်းကျည်တွေသုံးဖို့ ဘယ်သူအမိန့်ပေးခဲ့တာလဲဆိုတာ ပြည်ထဲရေးဝန်ကြီး အမိတ်ရှာ လွှတ်တော်ထဲ လာရောက်ရှင်းလင်းဖြေကြားပေးဖို့ တောင်းဆို ထားပါတယ်။
ဒါပေမဲ့ ဒုတိယဝန်ကြီး ရမ်နသ် သားကူးရ်ကတော့ ဒါဟာ စုံစမ်းစစ်ဆေးရမဲ့ကိစ္စဖြစ်ပြီး ထွက်ပေါ် လာတဲ့ ရလဒ်အပေါ် မူတည်ပြီးမှ အရေးယူ ဆောင်ရွက်သွားမယ်လို့ တုံ့ပြန်ထားပါတယ်။
ဘီဟာပြည်နယ် ရဲအရာရှိကြီး နီးလင်းရှ်ကူးမား ကတော့ ဘယ်သူမှ ထိခိုက်ဒဏ်ရာ မရခဲ့ကြောင်းနဲ့ အဲဒီရဲတပ်ကြပ်ဟာ “ကြောက်စရာကောင်းပြီး အန္တရာယ်များတဲ့ ရာဇဝတ်သားတွေကို ကိုင်တွယ် ရတဲ့” ထောက်လှမ်းရေးဌာနက ဖြစ်တာကြောင့် မောင်းပြန်ရိုင်ဖယ် ကိုင်ဆောင်ထားတာ ဖြစ်ကြောင်း ပြောပါတယ်။
ဒီဆန္ဒပြပွဲတွေဟာ ပြီးခဲ့တဲ့ မေလက ကျောင်းသား ၂ သန်းကျော် ဖြေဆိုခဲ့တဲ့ အမျိုးသားအဆင့် ဆေးတက္ကသိုလ်ဝင်ခွင့် စာမေးပွဲ မေးခွန်းပေါက်ကြားခဲ့ပြီး ပြန်ဖြေခိုင်းခဲ့ရာကနေ စတင်ဖြစ်ပွား ခဲ့တာပါ။
ဒါ့အပြင် လူငယ်အလုပ်လက်မဲ့ပြဿနာနဲ့ အိန္ဒိယရဲ့ အဓိကလုပ်ငန်းတခုဖြစ်တဲ့ IT ရုံးအကူအလုပ် တွေကို AI က လုယူသွားမှာကို စိုးရိမ်နေကြတာတွေလည်း ပါဝင်တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။
Source: Reuters










