DVB Logo
Home
Lead Story
အထွေထွေ မညီမျှမှုတွေနဲ့ မွန်းနစ်နေတဲ့မြေ
DVB
·
February 13, 2017
အထွေထွေ မညီမျှမှုတွေနဲ့ မွန်းနစ်နေတဲ့မြေ
Donate to DVB

 

အော့ခ်ဆ်ဖင်းမ် ထိုင်း(Oxfam Thailand) ရဲ့ ၂၀၁၆ ခုနှစ် အစီရင်ခံစာအရ ထိုင်းနိုင်ငံဟာ ရုရှားနဲ့ အိန္ဒိယနိုင်ငံပြီးရင် တတိယမြောက် မညီမျှမှုအကြီးမားဆုံး နိုင်ငံအဆင့်မှာ ရှိနေတယ်လို့ သိရပါတယ်။ ဆင်းရဲသူတွေနဲ့ ချမ်းသာသူတွေကြား ကွာဟမှု အစဉ်တစိုက် ကြီးမားကျယ်ပြန့်လာတဲ့ အကျိုးရလဒ်လို့ ပြောရမှာပါပဲ။ ထိုင်းနိုင်ငံမှာ ဆယ်စုနှစ် တခုကျော် နေထိုင်လာခဲ့တဲ့ ကျနော်အဖို့ အဲဒီ ဆင်းရဲ ချမ်းသာ ကွာဟမှုကို အတော်ကြီး ပွတ်တိုက်ကြုံတွေ့ခဲ့ရတဲ့အတွက် ဒီအဆင့်ရောက်လာတာကို ထူးပြီးအံ့သြစရာ မရှိပါဘူး။ ထိုင်းနိုင်ငံက ပြည်သူလူထုရဲ့ ဒီဆင်းရဲ့ ချမ်းသာ လူတန်းစား ၂ ရပ်အကြားက မညီမျှမှု တနည်းအားဖြင့် လူတန်းစား ကွာဟမှုက စီးပွားရေးသွင်ပြင်လက္ခဏာတွေကိုသာ မဟုတ်ဘဲ ဘ၀နေထိုင်မှုပုံစံ၊ ပညာရေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှု စတဲ့ နယ်ပယ်တွေမှာ ရှိတဲ့ မညီမျှ မှုတွေကိုလည်း ပြသလိုက်တာ ဖြစ်ပါတယ်။ ဒီအချက်ကို (ဒီမိုကရေစီ ကျင့်စဉ် အတော်ရင့်မာနေတဲ့ ထိုင်းနိုင်ငံမှာ နယ်မြို့တွေမှာ သိပ်မသိသာပေမယ့်) မြို့တော်နဲ့ မြို့ကြီးတွေမှာ အတော်ကြီး မြင်သာတာ တွေ့ရပါတယ်။

အော့ခ်ဆ်ဖင်းမ် ထိုင်းရဲ့ ရှေ့နေနဲ့ စီမံချက် တွဲဖက်ဆောင်ရွက်သူ ချာတ်ခ်ချိုင်းချောင်န်သုန်ဒီးကတော့ ဘန်ကောက်မြို့မှာ ကျင်းပခဲ့တဲ့ အော့ခ်ဆ်ဖင်းမ်အဖွဲ့ရဲ့ အစီရင်ခံစာ ထုတ်ပြန်မှု တွေ့ဆုံဆွေးနွေးပွဲမှာ မညီမျှမှုကို ကိုင်တွယ်ဖြေရှင်းဖို့ဆိုရင် အများပိုင်နဲ့ ပုဂ္ဂလိက ကဏ္ဍ နှစ်ခုစလုံးက ကူညီဆောင်ရွက်သင့်တဲ့အကြောင်းနဲ့ တဆင့်ထက်တဆင့် မြင့်မားသွားတဲ့ အခွန်ငွေကောက်ခံဖို့ လိုအပ်သလို ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ လုပ်ခ လစာတွေကို မြင့်မားတိုးတက်အောင် လုပ်ဆောင်ပေးသင့်တဲ့ အကြောင်း ပြောကြားခဲ့ပါတယ်။ သူ အလေးအနက်ထားပြီး ပြောသွားတာကတော့ မညီမျှမှုရဲ့ဒဏ်ကို အခံရဆုံးကတော့ ဆင်းရဲသားတွေပဲ ဖြစ်တယ် ဆိုတာပါပဲ။

အဲဒီတွေ့ဆုံဆွေးနွေးပွဲမှာ ခံသာတဲ့ စီးပွားရေးလုပ်ငန်း အရှိန်မြှင့်တင်ရေးအဖွဲ့ရဲ့ စီမံအုပ်ချုပ်မှု ဒါရိုက်တာ ဆယ်လ်ဖောရက်၊ သယ်ယူပို့ဆောင်ရေးဝန်ကြီးဟောင်း ဆာရီနီအချာဗန်နန်တခူလ်နဲ့ ၄ ဘာသာ ဆင်းရဲသားရပ်ဝန်းကွန်ရက် ခေါင်းဆောင် နူချာနတ်တေသွန်တို့လည်း တက်ရောက်ဆွေးနွေးခဲ့ပါတယ်။

အဖွဲ့ရဲ့ အစီရင်ခံစာအရ ထိုင်းနိုင်ငံရဲ့ ၂၀၁၄ ခုနှစ် ပြည်တွင်း အသားတင် ထုတ်လုပ်မှုတန်ဖိုးဟာ ထိုင်းနိုင်ငံရဲ့ ဆင်းရဲမှုကို ဖယ်ရှား ရှင်းလင်းပစ်နိုင်လောက်အောင် မြင့်မားခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လို့ ထိုင်းပြည်သူလူထုရဲ့ ၁၀% ကတော့ ဆင်းရဲမှုမျဉ်းကြောင်းအောက်မှာ ရှိနေဆဲဖြစ်တယ်လို့လည်း ဖော်ပြထားတာ တွေ့ရပါတယ်။

နှိုင်းယှဉ်မှုအရ လွန်ခဲ့တဲ့ ၇ နှစ်က ထိုင်းနိုင်ငံမှာ ဘီလျံနာ အရေအတွက် ၅ ယောက်ကနေ ၂၈ ယောက် ရှိလာခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာ နိုင်ငံရဲ့ စုစုပေါင်းဝင်ငွေရဲ့  ၅၂% ကို အချမ်းသာဆုံး ထိုင်းလူမျိုး ၂၀% က ရယူခဲ့ပြီး အချမ်းသာဆုံးသူတွေရဲ့ ၁၀% က အဆင်းရဲဆုံးသူတွေရဲ့ ၁၀% ရဲ့ ရငွေထက် ၃၅ ဆ ရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။ ခယူဟောက်စ်(Q-House) ရဲ့ အမှုဆောင်အရာရှိချုပ် ချက်ဒ်ချတ်ကတော့ “မညီမျှမှုဟာ မညီမျှတဲ့ အခွင့်အလမ်းတွေကြောင့် ဖြစ်လာတာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။

ကျနော် တင်ပြချင်တာက ထိုင်းနိုင်ငံတနိုင်ငံတည်း မဟုတ်ပါဘူး၊ ၂၀၁၆ ခုနှစ်အတွက် အော့ခ်ဆ်ဖင်းမ် ထိုင်းရဲ့ အစီရင်ခံစာအရ မညီမျှမှုအဆင့်မှာ တတိယအဆင့် အကြီးမားဆုံးဖြစ်လာတဲ့ ထိုင်းနိုင်ငံအကြောင်းနဲ့ တိုက်ဆိုင်လို့ သူတို့နိုင်ငံကအကြောင်း နည်းနည်းဖော်ပြပေးလိုက်တာပါ။ တကယ်တော့ ကမ္ဘာပေါ်က နိုင်ငံအများစုမှာ ဆင်းရဲ ချမ်းသာ မညီမျှမှုတွေ ရှိနေကြတာပါပဲ။ ဒါပေမယ့် အဲဒိ ဆင်းရဲ ချမ်းသာ မညီမျှမှု ဒါမှမဟုတ် လူတန်းစားကွာဟမှု ကြီးလာလေ လူ့အဖွဲ့အစည်းတွင်း ပဋိပက္ခဟာ ကြီးမားလာလေပဲ ဖြစ်တယ်ဆိုတာကတော့ နိုင်ငံရေးဗဟုသုတ အခံရှိသူတိုင်း သိပြီး ဖြစ်ကြမှာပါ။ အဲဒီပဋိပက္ခဟာ ဖြေရှင်းမရတဲ့ အဆင့်အထိ ကြီးမားလာပြီဆိုရင်တော့ အဲဒီနိုင်ငံမှာ လူမှုတော်လှန်ရေးတရပ် ဖြစ်ပေါ်လာတတ်တာကို သမိုင်းစာမျက်နှာတွေမှာ ကျနော်တို့ ထင်ထင်ရှားရှား တွေ့မြင်ခဲ့ရပြီး ဖြစ်ပါတယ်။

မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ကတော့ ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့ စစ်တပ်အာဏာသိမ်းမှု ၂၄ နှစ်မြောက် နှစ်ပတ်လည်နေ့မှာ ဆောင်းပါးရှင် အာချာရာ ဒက်ဘွန်းမဲ့က ‘မြန်မာ၊ အခွင့်အလမ်းနဲ့ မညီမျှမှုများရဲ့ တိုင်းနိုင်ငံ’ ဆိုတဲ့ ဆောင်းပါးတပုဒ်ကို ရေးသားပြီး မြန်မာနိုင်ငံရဲ့မညီမျှမှုတွေကို တင်ပြခဲ့ဖူးပါတယ်။

သူက သူ့ရဲ့ဆောင်းပါးအစမှပဲ “ရန်ကုန်ကတော့ ဗြိတိသျှအုပ်စိုးမှုရဲ့ အမွေအနှစ် ဖြစ်တဲ့ ၈ လမ်းသွားလမ်းမကြီးတွေပေါ်မှာ ပြေးနေကြတဲ့ ကားတွေနဲ့ ဆူညံရှုပ်ထွေးနေပြီး ထိပ်တန်းစားသောက်ဆိုင်တွေကလည်း လာနေကျ ဖောက်သည်တွေကို ကြိုဆိုကြ၊ ဧည့်သည်တွေနဲ့ တရုန်းရုန်းဖြစ်နေတဲ့ အလွန်ဈေးကြီးတဲ့ ဟိုတယ်တွေကလည်း မှိုပေါက်သလို ပေါ်ပေါက်နေလေရဲ့လို့ ရေးသားထားတာ တွေ့ရပါတယ်။ မြို့တော်ရဲ့ တခြားအစိတ်အပိုင်းတွေနဲ့ တခြား မြန်မာနိုင်ငံတ၀န်းမှာတော့ ပြည်သူလူတွေဟာ အလွန့်အလွန် ဆင်းရဲမွဲတေနေတဲ့ အခြေအနေမှာ နေထိုင်နေကြရပါတယ်။ ရန်ကုန်မှာဆိုရင် ကမ္ဘာလှည့်ခရီးသည်တွေနဲ့ ဧည့်သည်တွေဟာ လမ်းဘေးမှာ ပိုက်ဆံတောင်းနေကြတဲ့ ဒေသခံတွေကြောင့် ခဏခဏ သူတို့စီးလာတဲ့ ယာဉ်တွေကို ရပ်တန့်ပေးကြရပါတယ်။ လူအတော်များများဟာ အခန်းငယ်လေးတွေမှာ စုပြုံနေနေရတာကို ပြသနေတဲ့ အ၀တ်တွေကို ဟိုနေရာဒီနေရာ နေရာအနှံ့ လှမ်းထားတာကိုလည်း တွေ့မြင်နိုင်ပါတယ်” လို့လည်း သူက ရေးသား တင်ပြထားပါတယ်။ အနီးကပ် လေ့လာရေးသားထား (စုံစမ်းမေးမြန်း သတင်းရေးသားတင်ပြမှု) တဲ့။ အထူးဆောင်းပါးတပုဒ် ဆိုတာကတော့ သေချာပါတယ်။ သူ့အရေးအသား တင်ပြချက်ကို ကျနော် အတော်သဘောကျပါတယ်။ သူ့ရဲ့ဆောင်းပါးကို ကျနော် ကိုးကားရတာကတော့ မြန်မာနိုင်ငံရဲ့အကြောင်းကို နိုင်ငံခြားသား တယောက်ကတောင် ဒီလို ဒီလောက် သိမြင်ထားပါရဲ့နဲ့။ ကျနော်တို့နိုင်ငံက အုပ်စိုးသူ စစ်အာရှင် အဆက်ဆက်က မသိချင်ယောင်ဆောင် ကိုယ်ကျိုးစီးပွားကိုပဲ ရှာသွားကြတယ် ဆိုတာကို ပြချင်လို့ပါ။ စစ်အစိုးရရဲ့ မြို့တော်သစ်မှာ ၂၄ နာရီ လျှပ်စစ်မီးပေးထားတဲ့ အချိန်မှာ ရန်ကုန်က နိုင်ငံခြားကုမ္ပဏီတွေရဲ့ ရုံးခန်းတွေမှာတော့ ကိုယ်ပိုင်မီးစက်တွေနဲ့ အလုပ်လုပ်နေကြရပြီး လူထုအတွက်ကတော့ လျှပ်စစ်မီး ပြတ်တောက်မှုက ဖြစ်ရိုးဖြစ်စဉ် အဖြစ်လို့ သူက ရေးသားဖော်ပြခဲ့ပါတယ်။

ဒါဟာ ဆောင်းပါးရှင်ရဲ့ တစေ့တစောင်း အမြင်ပဲ ရှိပါသေးတယ်။

တကယ့်မညီမျှမှု ဖြစ်ရပ်မှန်အားလုံးကိုသာ သူ သိသွားရင်တော့ သတိမေ့မြော သွားလောက်တဲ့အထိ တုန်လှုပ်သွားလောက်ပါတယ်။

မြန်မာနိုင်ငံက စဉ်ဆက်စစ်အစိုးရ ထိပ်ပိုင်းလက်တဆုပ်စာ ဗိုလ်ချုပ်တွေနဲ့ သူတို့နဲ့ စီးပွားဖက် ခရိုနီတွေကတော့ ဥစ္စာဓနတွေ တောင်လိုပုံနေ ဗုန်းပေါလအော သုံးစွဲနေကြ၊ စည်းစိမ်ခံနေကြတဲ့အချိန်မှာ မြန်မာနိုင်ငံက တကယ့် အခြေခံအလုပ်သမား၊ လယ်သမား တွေနဲ့ လက်လုပ်လက်စားတွေကတော့ နေစရာမရှိ၊ စားစရာလည်း မလုံလောက်၊ ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာရေးနဲ့ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးတွေ မရှိသလောက် ဖြစ်နေကြတယ် ဆိုတာကိုတော့ တကယ်ခံစားနေရတဲ့ မြန်မာနိုင်ငံက ပြည်သူလူထုတွေက အစင်းသိ အတွင်းသိ ဖြစ်နေကြပါပြီ။ နိုင်ငံတကာ လူ့အဖွဲ့အစည်းတွေကလည်း စစ်အစိုးရ၊ စစ်တပိုင်းအစိုးရနဲ့ အခု ဒီမိုကရေစီ အစိုးရသစ်လို့ ပြောနေတဲ့ အမျိုးသားဒီမိုကရေစီ အစိုးရအထိ မညီမမျှ ဖြစ်နေတဲ့အခွင့်အရေးတွေနဲ့ ချမ်းသာကြွယ်ဝသူတွေနဲ့ အခွင့်ထူးခံ စစ်အာဏာရှင်လက်ဝေခံ ခေတ်ပျက်သူဌေးတွေ အကြား မညီမျှမှုတွေ ဘယ်လောက်မြင့်မားနေပြီဆိုတာကို သိစပြုလာကြပြီလို့ ပြောရမယ် ထင်ပါတယ်။

တိုင်းရင်းသားလူမျိုးစုတွေ အပါအ၀င် မြန်မာနိုင်ငံတ၀န်းလုံးက ပြည်သူလူထုဟာ သူတို့ နှစ်သက်ယုံကြည်ခဲ့တ၊ဲ့ မြန်မာနိုင်ငံကို ကိုလိုနီကျွန်ဘ၀က လွတ်မြောက်အောင် ကယ်တင်ပေးခဲ့တဲ့ ဦးအောင်ဆန်းရဲ့သမီးနဲ့ အတိုင်းအတာတခုထိ ကိုယ်ကျိုးစွန့်အနစ်နာခံပြီး ဒီမိုကရေစီရေး လှုပ်ရှားခဲ့တဲ့ သူ့ကို တိုင်းပြည်ကို ပုံအပ်ခဲ့ပါတယ်။ သူတို့ နှစ်ပေါင်းများစွာ ခံစားခဲ့ရတဲ့ အထွေထွေမညီမျှမှု၊ မတရားမှုတွေကနေ လွတ်မြောက်အောင် ကယ်တင်နိုင်မယ့်သူလို့ ယုံကြည်ခဲ့ကြပါတယ်။ ခုထိလည်း ယုံကြည်လက်ခံအားပေး ထောက်ခံနေကြဆဲ ဖြစ်တာကို တွေ့ရပါတယ်။

ပြောင်းလဲချိန်တန်ပြီဆိုတဲ့ ကြွေးကြော်သံနဲ့တက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည် အစိုးရကို ယုံမှတ်လို့ ပုံအပ်ခဲ့ပေမယ့် ခုထိဘ၀တွေက ဒုံရင်းက မတက်၊ ဖိနှိပ်မှု၊ အာဏာ အလွဲသုံးစားပြုမှု၊ ငွေကြေးနဲ့ အရှိန်သြဇာယူ ဗိုလ်ကျအနိုင်ကျင့်မှု စတဲ့ အခွင့်အရေး ရပိုင်ခွင့်မညီမျှမှုတွေကို ခံနေရဆဲဖြစ်လို့ ဒီမညီမျှမှုတွေကို အပြီးတိုင်ဖယ်ရှားရှင်းလင်းပစ်ဖို့ အပြင်းအထန် လိုလားတောင့်တနေကြပြီဆိုတာကို တွေ့မြင်နေရပါတယ်။

တကယ်လို့များ ဖောက်ပြန်တဲ့ စစ်အာဏာရှင်တွေကဆက်ပြီး အာဏာငန်းဖမ်း ကျားကုတ်ကျားခဲသူတို့ ကိုင်စွဲထားတဲ့ အာဏာနဲ့စည်းစိမ်ဥစ္စာကို ဆုပ်ကိုင်ထားဖို့ ကြိုးစားနေမယ်၊ ဒီမိုကရေစီအမည်ခံ၊ပြည်သူလူထု ရွေးချယ်တင်မြှောက်ခံ အစိုးရကလည်း စစ်အစိုးရကြိုးဆွဲရာက ရတဲ့ရုပ်သေးအစိုးရအဖြစ်ပဲ ရှိနေအုံးမယ်ဆိုရင်တော့ လူမှုမညီမျှမှု တို့ရဲ့ ဦးတည်ရာ လူမှုတော်လှန်ရေးတရပ်နဲ့ မလွဲမသွေ ကြုံတွေ့လာရလိမ့်မယ် ဆိုတာကို အခိုင်အမာ ဟောကိန်းထုတ်လိုက်ပါတယ်။

စိုးနေလင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013