DVB Logo
Home
မြန်မာသတင်း
နွားနှင့်သစ်မှောင်ခိုအကြောင်း ရေးသားမှုဖြင့် တရားစွဲခံရသည့် သတင်းထောက်ကိစ္စ သတင်းစာရှင်း
DVB
·
February 12, 2017
နွားနှင့်သစ်မှောင်ခိုအကြောင်း ရေးသားမှုဖြင့် တရားစွဲခံရသည့် သတင်းထောက်ကိစ္စ သတင်းစာရှင်း
Donate to DVB

တရားမဝင် နွားမှောင်ခို၊ သစ်မှောင်ခိုတွေအကြောင်း ဖော်ထုတ်ရေးသားခဲ့တဲ့ သတင်းထောက်ကို ပြည်သူ့စစ်၊ တပ်မတော်နဲ့ ရဲတပ်ဖွဲ့က တရားစွဲဆိုထားတဲ့အပေါ် ရန်ကုန်မြို့မှာ  ဖေဖော်ဝါရီ ၁၁ ရက်က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

ပြည်တွင်းထုတ် ဂျာနယ်တစ်စောင်ဖြစ်တဲ့ Hot News ဂျာနယ်ရဲ့ ဗန်းမော်အခြေစိုက် သတင်းထောက် တစ်ယောက်ကို ပြည်သူ့စစ်၊ တပ်မတော်နဲ့ ရဲတပ်ဖွဲ့တွေက တရားစွဲဆိုခဲ့တာပါ။

မြန်မာဂျာနယ်လစ်ကွန်ရက် အထွေထွေအတွင်းရေးမှူး ဦးဇေယျာလှိုင်က “ဒီ ဗန်းမော်အခြေစိုက် သတင်းထောက် ဦးဦးငြိမ်းက သူ့ဒေသမှာ ဖြစ်နေတဲ့ သစ်မှောင်ခိုတွေ၊ နွားမှောင်ခိုတွေ အကြောင်းကို တစိုက်မတ်မတ် ရေးသားတယ်။ သူ့ရဲ့ အထောက်အထား အချက်အလက်တွေ စစ်ကြည့်တဲ့အခါမှာ သတင်းမီဒီယာဥပဒေမှာ ပါတဲ့အချက်တွေနဲ့အညီ သေချာ တောင်းခံပြီး ရေးတယ်ပေါ့နော်။

“ဆိုတော့ သူ့ကို ခြိမ်းခြောက်မှုတွေ၊ သူ့အိမ်ကိုလာပြီး မိုင်းခွဲတာတွေလည်း မြင်ရတယ်။ ခု နောက်ဆုံး ရဲကနေ တရားလိုလုပ်ပြီး ပုဒ်မ ၁၇(၁) နဲ့ တရားစွဲတယ်ပေါ့။ အဲဒါကို ရန်ကုန်ကိုလာပြီး အကူအညီတောင်းတယ်။ သူ့ကို အကူအညီပေးမယ့်သူ မရှိတဲ့ခါကျတော့ ကျနော်တို့ မြန်မာဂျာနယ်လစ်ကွန်ရက်က သူ့ကို ကူညီတဲ့အနေနဲ့ ဒီမှာ ရှင်းလင်းပွဲလေး လုပ်ပေးတာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

သတင်းထောက် ဦးဦးငြိမ်း (ခေါ်) ဦးငြိမ်းချမ်းအေးဟာ နွားမှောင်ခိုအကြာင်းကို တစိုက်မတ်မတ် ရေးသားခဲ့လို့ ပထမအကြိမ် တရားစွဲဆိုခံခဲ့ရပါတယ်။

“ဒီကိစ္စတွေကို ကျနော်က ၂၀၁၄၊ ၁၅၊ ၁၆ တောက်လျှောက် အပတ်စဉ်နီးပါး ရေးခဲ့တယ်။ အဲဒီအတွက် ၂၀၁၅ မှာ လဝါယန် ပြည်သူ့စစ်က အမှတ် ၂ စီးပွားရေးဌာနက ဗိုလ်မှူးနော်ဆန်းဆိုတဲ့သူက အသရေးဖျက်မှု ပုဒ်မ ၅၀၀ နဲ့ တရားစွဲထားတယ်။ အခု တနှစ်ခွဲကျော် ကြာပြီ။ ဒီနေ့အချိန်ထိ ကျနော့်ကို စစ်တဲ့ အဆင့်ကို မရောက်သေးဘူး” လို့ ဦးဦးငြိမ်းက ပြောပါတယ်။

ပြီးတော့ “သစ်မှောင်ခိုတွေကို အစိုးရတပ်ကနေ ဖမ်းတယ်။ ဖမ်းတဲ့ သစ်၊ ကားတွေကို အပ်နှံတာနဲ့ ပတ်သက်တဲ့ သတင်းတစ်ပုဒ်ကို ရေးတယ်။ ဒါကြောင့် တပ်ရင်းမှူးက သတင်းမီဒီယာ ဥပဒေပုဒ်မ ၂၅ နဲ့ တရားစွဲထားတယ်။ ဒါကတော့ အမှုရင်ဆိုင်ဆဲပေါ့ဗျာ” လို့ ဆက်ပြောပါတယ်။

အဲဒီအမှုတွေကို တရားရင်ဆိုင်ဆဲမှာပဲ မတရားအသင်း အက်ဥပဒေ ပုဒ်မ ၁၇(၁) အမှုတစ်ခုမှာ အမှုတွဲအဖြစ် တရားစွဲ ခံရပြန်တယ်လို့ သူက ပြောပါတယ်။ နယ်မှာ သတင်းထောက်လုပ်နေရတဲ့အတွက် အသက်အန္တရာယ် ခြိမ်းခြောက်တာတွေလည်း ခံရတယ်လို့ သူက ဆိုပါတယ်။

“ ၂၀၁၃ မှာဆိုရင် ကျနော့် အိမ်မှာ M 20 ကျည်ဆန်တစ်တောင့်ပို့ပြီး ခြိမ်းခြောက်ခံရတယ်။ ၂၀၁၆ ဇူလိုင်မှာတော့ ကျနော်နဲ့ ၁၇(၁) အမှုတွဲဖြစ်တဲ့ ကိုဇော်မင်းလေးအိမ်ကို မိုင်းခွဲခံရတယ်။ ကျနော်တို့ တယောက်စီ အမှုဖွင့်ကြတယ်။ အခုအချိန်ထိ အဲဒီအမှုက မပေါ်သေးဘူး” လို့ ဦးဦးငြိမ်းက ဆက်ပြောပါတယ်။

သူရဲ့ သတင်းရင်းမြစ်ဖြစ်တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကိုလည်း မိုင်းခွဲသတ်မယ်လို့ ခြိမ်းခြောက်ခံခဲ့ရပါတယ်။ ဒီအကြောင်းတွေကို သတင်းမီဒီယာကောင်စီကို တင်ပြခဲ့ပေမယ့် ကောင်စီရဲ့ လုပ်ပိုင်ခွင့် ကျော်နေလို့ အကူအညီမပေးနိုင်ဘဲ ဖြစ်နေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013