စပိန် အီဘီသာကျွန်းအနီး၌ ဆီတင်သင်္ဘော နစ်မြုပ်ပြီး သင်္ဘောသား ၁ ဦး သေဆုံး

စပိန်နိုင်ငံပိုင်၊ အီဘီသာကျွန်းအနီးမှာ ဒီဇယ်ဆီတင် သင်္ဘောတစင်း မှောက်ခုံအနေအထားနဲ့ နစ်မြုပ် နေတာကို စပိန်နိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၆ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ လေကြောင်း ကနေ ရိုက်ကူးထားတဲ့ ဗီဒီယိုမှတ်တမ်းမှာ တွေ့ရပါတယ်။
ဒေသခံ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေရဲ့ အဆိုအရ အဲဒီဖြစ်ရပ်မှာ သင်္ဘောသား အနည်းဆုံး တယောက် သေဆုံးခဲ့ပြီး လက်ရှိအချိန်ထိတော့ ပတ်ဝန်းကျင်ညစ်ညမ်းမှု ဖြစ်ပွားတဲ့ လက္ခဏာ တစုံတရာ မတွေ့ရသေးဘူးလို့ အစိုးရက ဆိုပါတယ်။
ဘယ်လီယာရစ်ကျွန်းစု ပြည်ထဲရေးဌာန ထုတ်ပြန်ချက်အရ မော်လ်တာနိုင်ငံအလံ တင်ထားတဲ့ မက်ဒ်အမ်မရေ အမည်ရှိ ဓာတုပစ္စည်းတင်သင်္ဘောဟာ အယ်လ်ဟယ်သီရက်စ်မြို့ကနေ ဘာသယ်လိုနာမြို့ကို ဦးတည်ခုတ်မောင်းလာရင်း အီဘီသာကျွန်းရဲ့ အနောက်မြောက်ဘက် ကမ်းရိုးတန်းကနေ ရေမိုင် ၃၀ (၅၆ ကီလိုမီတာ) လောက်အကွာမှာ နစ်မြုပ်သွားခဲ့တာ ဖြစ်ပါတယ်။
အဲဒီသင်္ဘောပေါ်မှာ ဒီဇယ်ဆီ မက်ထရစ်တန် ၇,၀၀၀ အထိ ပါဝင်သယ်ဆောင်လာခဲ့ဖွယ် ရှိပါတယ်။
အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေရဲ့ ပြောကြားချက်အရ သင်္ဘောသား ၁၇ ယောက်စလုံးကို ကယ်ဆယ်နိုင်ခဲ့ပေမဲ့ တယောက်ကတော့ အီဘီသာကျွန်းက ကန်မစ်ဆက်စ်ဆေးရုံကို ပို့ဆောင်ပြီးနောက် သေဆုံးသွားခဲ့ပါတယ်။
တခြား သင်္ဘောသား ၆ ယောက်ကတော့ ကိုယ်အပူချိန် အလွန်အမင်း ကျဆင်းတာ အပါအဝင် ဒဏ်ရာ အနည်းငယ်သာ ရရှိထားတဲ့အတွက် ဆေးရုံ ၂ ရုံကို ပို့ဆောင်ကုသပေးခဲ့ပါတယ်။
အာဏာပိုင်တွေက အစပိုင်းမှာ ဒီသင်္ဘောဟာ ရေအောက် မီတာ ၁,၀၀၀ အနက်အထိ နစ်မြုပ်သွားပြီ လို့ ယူဆခဲ့ကြပေမဲ့ နောက်ပိုင်း စစ်ဆေးတွေ့ရှိချက်တွေအရ ရေထဲမှာ တစိတ်တပိုင်းသာ နစ်မြုပ်နေပြီး သင်္ဘောအောက်ခြေတန်းက ရေမျက်နှာပြင်အပေါ်ကို ပေါ်နေတာကို တွေ့ရတယ်လို့ ဘယ်လီယာရစ်ကျွန်းစု အစိုးရရဲ့ အရေးပေါ်ကယ်ဆယ်ရေးဌာန အကြီးအကဲ ပါဘလို ဂါရစ်သ်က ပြောပါတယ်။
ဒီအခြေအနေကြောင့် ပင်လယ်ပြင်မှာပဲ သင်္ဘောဆယ်ယူရေးနဲ့ ညစ်ညမ်းမှု ထိန်းချုပ်ရေး လုပ်ငန်းတွေကို လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
စပိန်ရေကြောင်းကယ်ဆယ်ရေးဌာနဟာ အဲဒီနေရာကို စူးစမ်းစစ်ဆေးဖို့ လေယာဉ်တစင်းနဲ့ ဆီယိုဖိတ်မှု တုံ့ပြန်ရေး အထူးပြုသင်္ဘော ကလာရာ ကမ်ပိုအာမော်တို့ကို စေလွှတ်ခဲ့သလို ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ရဟတ်ယာဉ် ၃ စင်းနဲ့ အနီးအနားက ကုန်သွယ်သင်္ဘောတွေလည်း ပါဝင်ကူညီခဲ့ကြပါတယ်။
ဒါ့အပြင် စပိန်နိုင်ငံ ကုန်သွယ်ရေကြောင်း အာဏာပိုင်အဖွဲ့ကလည်း နိုင်ငံလုံးဆိုင်ရာ ရေကြောင်း ညစ်ညမ်းမှု အရေးပေါ်တုံ့ပြန်ရေး အစီအစဉ်ကို ဒုတိယအမြင့်ဆုံးအဆင့်ဖြစ်တဲ့ အဆင့် ၂ အဖြစ် စတင် အသက်သွင်းလိုက်ပြီ ဖြစ်ပါတယ်။
ဘယ်လီယာရစ် ဒေသန္တရအစိုးရကတော့ နောက်ထပ်လုပ်ဆောင်မဲ့ အစီအမံတွေကို မဆုံးဖြတ်ခင်မှာ ဒီမတော်တဆမှုနဲ့ လောင်စာဆီ ညစ်ညမ်းနိုင်ခြေ အပါအဝင် ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေနဲ့ ပတ်သက်ပြီး အချက်အလက်တွေကို စုဆောင်းနေသလို သင်္ဘောနစ်မြုပ်ရတဲ့ အကြောင်းရင်းကို တော့ ချက်ချင်း ထုတ်ပြန်ခြင်း မရှိသေးပါဘူး။
Source:Reuters











