
အီတလီနိုင်ငံ၊ မီလန်မြို့လယ်မှာ အောက်တိုဘာ ၁၇ ရက်က ကုန်ဈေးနှုန်းကြီးမြင့်မှုကို ဆန့်ကျင်ဆန္ဒပြပွဲအတွက် အီတလီရဲတပ်ဖွဲ့နဲ့ ဆန္ဒပြသူတွေ ထိပ်တိုက်ရင်ဆိုင် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။
ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှုကြောင့် ဆိုင်ခန်းတွေ ပိတ်ခဲ့ကြပြီး ကမ္ဘာလှည့်ခရီးသွားတွေလည်း မြို့လယ်ကောင်မှ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။
အဆိုပါ ထိပ်တိုက်ရင်ဆိုင်မှုတွေအတွင်း လူအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကာ လူအချို့လည်း ဖမ်းဆီးခံခဲ့ရတယ်လို့ အီတလီ မီဒီယာတွေမှာ ဖော်ပြပါတယ်။
အီတလီနိုင်ငံမှာ ကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့ ပြည်သူ့ဝန်ဆောင်မှုတွေ ကျဆင်းလာမှုအပေါ် ဒေါသထွက်နေကြတဲ့ သောင်းနဲ့ချီတဲ့ပြည်သူတွေက စနေနေ့က လမ်းမတွေပေါ်ထွက်ပြီး ဆန္ဒပြခဲ့ကြတာပါ။
အောက်တိုဘာ ၁၆ ရက်ကလည်း အစိုးရရဲ့ ပညာရေးမူဝါဒတွေကို မကျေနပ်လို့ ရောမမြို့မှာ ကျောင်းသူ၊ ကျောင်းသားတွေ ဆန္ဒပြခဲ့ကြပါတယ်။
အိမ်နီးချင်း ပြင်သစ်နိုင်ငံမှာလည်း လောင်စာဆီဈေးနှုန်းကြီးမြင့်မှုနဲ့ ကုန်ဈေးနှုန်း မြင့်တက်နေတာကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ နိုင်ငံတဝန်း ဖြစ်ပွားနေပါတယ်။
Source: Reuters











