
ကြားဖြတ်ရွေးကောက်ပွဲမှာ သတင်းယူကြမယ့် ပြည်တွင်းပြည်ပ သတင်းထောက်များ သတင်းရယူခွင့် အသိအမှတ်ပြု ကတ်ပြားများကို စတင်လျှောက်ထားနိုင်ကြပြီလို့ ကော်မရှင်က မနေ့က စာပို့ အကြောင်းကြားလိုက်ပါတယ်။
ပြည်တွင်းသတင်းထောက်များအတွက် အကြောင်းကြားစာကို သတင်းမီဒီယာကောင်စီထံ ပေးပို့ခဲ့တာဖြစ်ပြီး ပြည်ပသတင်းထောက်တွေအတွက်တော့ ပြန်ကြားရေးဌာနကို ပေးပို့ခဲ့တာလို့ ကော်မရှင်ရုံးညွှန်ကြားရေးမှုးချုပ် ဦးတင်ထွန်းက ပြောပါတယ်။
“ပြည်တွင်းသတင်းထောက်တွေအတွက် သတင်းကောင်စီကို ပို့လိုက်ပြီး ပြည်ပသတင်းထောက်တွေအတွက်ကတော့ ပြန်ကြားရေးကို စာပို့လိုက်ပါတယ်၊ပြန်ကြားရေးက ဖိတ်ခေါ် ဆောင်ရွက်ပေးဖို့၊ပြန်ကြားရေးကနေ အကြောင်းကြားပေးတယ်၊လာမယ့်လူတွေက ပြန်ကြားရေးကို ဆက်သွယ်ရင် ပြန်ကြားရေးက ဗီဇာတွေ ဘာတွေ အကုန်လုပ်ပေးပါတယ်။ပြီးတော့မှ ပြန်ကြားရေးက ကျနော်တို့ဆီ စာရင်းပေးတော့မှ သတင်းထောက်အတွက် သက်ဆိုင်တဲ့ လည်ဆွဲလေးတွေ ထုတ်ပေးပါတယ်။”
ရွေးကောက်ပွဲနေ့မှာ သတင်းယူကြမယ့် ပြည်တွင်း မီဒီယာသမားများအနေနဲတော့ သတင်းဌာနတခုကို ၃ ဦးနှုန်းနဲ့ ခရိုင် ကော်မရှင်အဖွဲ့ခွဲများမှာ လျှောက်ထားနိုင်ကြတယ်လို့ ကော်မရှင်ရဲ့ ဖေဖော်ဝါရီ ၁၀ ရက် အကြောင်းကြားစာမှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီအဖွဲ့ဝင် ဦးမြင့်ကျော်က ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲတုန်းကတော့ ပြည်တွင်းသတင်းထောက် ၃၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းလောက်ထိ အဲဒီလို ကတ်ပြားတွေ လုပ်ပြီး သတင်းယူခဲ့ကြတယ်လို့ ပြောပါတယ်။
ဒီတကြိမ်မှာလည်း အထူးသဖြင့် ဗီဒီယိုဂျာနယ်လစ်တွေအနေနဲ့ ကတ်ပြား လုပ်ထားသင့်တယ်လို့လည်း သူက ပြောပါတယ်။
“ရုပ်သံတို့ဘာတို့၊ အရုပ်ရမှတို့ ဘာတို့ဆိုရင် ကတ်ပြား လုပ်ထားတာက ပိုပြီးတော့ အဆင်ပြေမယ်။ ပရင့်သမားတို့ ဘာတို့က ဒီလောက် အရေးတကြီး မဟုတ်ဘူး။”
သတင်းရယူခွင့် အသိအမှတ်ပြုကတ်ပြားများကို မတ်လ ၂၀ ရက် နောက်ဆုံးထားပြီး လျှောက်ထားနိုင်ကြပါတယ်။
ဧပြီ ၁ရက် ကျင်းပပြုလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်နေရာ ၁၉ခုအတွက် ကိုယ်စားလှယ်ပေါင်း ၉၀ကျော် ၀င်ပြိုင်ကြမှာ ဖြစ်ပါတယ်။
ဖေဖော်ဝါရီလဆန်းပိုင်းစလို့ ရွေးကောက်ပွဲလုပ်မယ့် မြို့နယ် ၂၂ ခုမှာ မဲဆန္ဒရှင်စာရင်းများ ကပ်ထားပေးပေမယ့် လာရောက်ကြည့်ရှုသူနည်းလို့ လာကြည့်ကြဖို့ ကော်မရှင်က နှိုးဆော်တိုက်တွန်းနေရပါတယ်။










