DVB Logo
Home
မြန်မာသတင်း
ပုလဲမြို့ ကျေးရွာသမဝါယမအဆောက်ဦအား ပြည်သူပိုင်အဖြစ် ပြန်ရရေး ဆန္ဒထုတ်ဖော်
DVB
·
February 11, 2017
ပုလဲမြို့ ကျေးရွာသမဝါယမအဆောက်ဦအား ပြည်သူပိုင်အဖြစ် ပြန်ရရေး ဆန္ဒထုတ်ဖော်
1 / 6
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ပုလဲမြို့နယ်က လှော်ကားကျေးရွာပိုင် သမဝါယမအဆောက်ဦကို ပြည်သူပိုင်အဖြစ်  ပြန်လည်ရရှိရေးနဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူး ဖြုတ်ချရေးအတွက်  ကျေးရွာသူရွာသားတွေ ဖေဖော်ဝါရီ ၁၀ ရက်နေ့ မနက်က ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

အဆိုပါ လှော်ကားကျေးရွာမှ အုပ်ချူပ်ရေးမှူးဟာ ကျေးရွာပိုင် သမဝါယမအဆောက်ဦအား ၂၀၀၀-၂၀၀၁ ခုနှစ်က တခြားကို ရောင်းချခဲ့အတွက် အဆောက်ဦပြန်လည်ရရှိရေးအတွက် အခုလိုဆန္ဒထုတ်ဖော်ရတာလို့ လှော်ကားကျေးရွာသား ဦးဝေလင်းကျော် ဆိုပါတယ်။

"ဒါက အစိုးရပိုင် အဆောက်ဦပါ၊ ပြည်သူပိုင်ဆိုရင်လည်း မမှားပါဘူး။ အဆောက်ဦ ရောင်းစားချိန်တုန်းက စစ်အုပ်ချုပ်ရေးလက်အောက်မှာဆိုတော့ ကျေးရွာ အုပ်ချုပ်ရေးမှူးကို ဘာမှမပြောရဲကြဘူး။ အဲဒီ အုပ်ချုပ်ရေးမှူးက ၂၀၁၆ ခုနှစ် ပွင့်လင်းလာတဲ့ အရပ်သားအစိုးရလက်ထက်မှာလည်း အုပ်ချုပ်ရေးမှူး သူပဲပြန်ဖြစ်တယ်။ အခု ကျေးရွာပိုင် သမဝါယမအဆောက်ဦကို ပြန်လည်ရရှိအောင် သူ့ကို (လှော်ကားကျေးရွာအုပ်ချုပ်ရေးမှူး) လည်း တရားစွဲဆိုထားတယ်" လို့ လှော်ကားကျေးရွာမှ ဦးဝေလင်းကျော်က ပြောပါတယ်။

အဆိုပါ ဦးဝေလင်းကျော်ဆိုသူက ကျေးရွာအချုပ်ရေးမှူးအား အများပိုင်ပစ္စည်း အလွဲသုံးစားပြုလုပ်တယ်လို့ဆိုကာ၂၀၁၆ ခုနှစ် မတ်လ ၇ ရက်နေ့က ပုလဲမြို့နယ် တရားရုံးမှာ တရားလိုပြု လုပ်တရားစွဲဆိုခဲ့တာဖြစ်ပြီး ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့မှာတော့ စွပ်စွဲခံရသူ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်စိုးအား တရားရုံးမှ စွဲချက်တင် စစ်ဆေးနေပါတယ်။

"တရားစွဲဆိုခံထားရတဲ့ အုပ်ချုပ်ရေးမှူးကို မြို့နယ်တရားရုံးက ရာဇသတ်ကြီး ပုဒ်မ ၄၀၆ နဲ့ စွဲချက်တင်လိုက်တယ်။ ဒါကို စွပ်စွဲခံရသူအနေနဲ့ ခရိုင်တရားရုံးကို စွဲချက်အယူခံဆိုပြီးတက်တယ်။ ခရိုင်ရုံးရောက်တော့ ပုဒ်မ ၄၀၉ အဖြစ် ပြောင်းသွားတယ်။ အဲဒီပုဒ်မက အာမခံပေးလို့ ရတဲ့ ပုဒ်မမဟုတ်ဘူး။ နောက်ပြီး သူက (ကျေးရွာအုပ်ချုပ်ရေးမှူး) ရုံးချိန်းတွေ ပျက်ကွက်တဲ့အတွက် မြို့နယ်တရားရုံးက ဖမ်းဝရမ်းထုတ်ထားပါတယ်" လို့ ပုလဲမြို့နယ်တရားသူကြီး ဦးကြည်သာအောင်က ပြောပါတယ်။

ဆန္ဒထုတ်ဖော်ရာမှာတော့ ပုလဲမြို့နယ် သစ်တောရုံးအနီးမှ စတင်ကာ ပုလဲမြို့နယ်တရားရုံးရှေ့လမ်းတလျှောက် စီတန်းလှည့်လည်ပြုလုပ်ခဲ့ကြတာဖြစ်ပြီး လှော်ကား ကျေးရွာပိုင်သမဝါယမ အဆောက်ဦးအား ပြည်သူပိုင် အဆောက်ဦအဖြစ် ပြန်လည်ရရှိရေးနဲ့ လှော်ကားကျေးရွာအုပ်ချုပ်ရေးမှူးအား အလိုမရှိ စတဲ့ စာသားတွေ ရေးသားထားတဲ့ ဗီနိုင်းဆိုင်းဘုတ်တွေကို ကိုင်ဆောင်ကာ ကြွေးကြော်သံမပါပဲ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

အခုလို အများပိုင်ပစ္စည်းအလွဲသုံးစား ပြုလုပ်မှုနဲ့ တရားရုံးက စွဲချက်ကို ကျေနပ်မှုမရှိတဲ့အတွက် ဖေဖော်ဝါရီလ ၆ ရက်နေ့က စွပ်စွဲခံရသူ လှော်ကားကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်မြင့်က တရားရုံးအား ဆန္ဒထုတ်ဖော်မှုတွေလည်း ပြုလုပ်ခဲ့ပါသေးတယ်။

အဆိုပါအမှုကို တရားလိုဘက်မှ တရားစွဲဆိုတဲ့ အချိန်ကစတင်ကာ ရုံးချိန်းပေါင်း ၃၃ ချိန်းစစ်ဆေးခဲ့ပြီး တစ်ပတ်ကို ရုံးချိန်း တကြိမ်နှုန်းနဲ့ ချိန်းဆိုစစ်ဆေးရာမှာ စွပ်စွဲခံရသူဟာ ရုံးချိန်း လေးကြိမ် ပျက်ကွက်ခဲ့တဲ့အတွက် အခုလို ဝရမ်းထုတ်ရတာဖြစ်ကြောင်းလည်း သိရပါတယ်။

ရန်နိုင်စိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013