DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားလူငယ်များ ပင်လုံတွင် စကားဝိုင်းကျင်းပမည်
DVB
·
February 10, 2017
ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားလူငယ်များ ပင်လုံတွင် စကားဝိုင်းကျင်းပမည်
Donate to DVB

 

လာမယ့် ဖေဖော်ဝါရီ ၁၂ ရက်ပြည်ထောင်စုနေ့မှာ ရှမ်းပြည်နယ်ရှိ သမိုင်းဝင် ပင်လုံမြေမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့  တိုင်းရင်းသားလူငယ် ၁၂ ဦး တို့  ပင်လုံငြိမ်း ချမ်းရေးစကားဝိုင်းကျင်းပဖို့ ရှိနေပါတယ်။

လွန်ခဲ့တဲ့ ၁၉၄၇ ခုနှစ်က ဗိုလ်ချုပ်အောင်ဆန်း ပင်လုံညီလာခံကိစ္စနဲ့ ရောက်ရှိခဲ့စဉ် စာဖတ်ခဲ့တဲ့ ညောင်ပင်အောက်မှာပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား လူငယ်တွေ ငြိမ်းချမ်းရေး စကားဝိုင်း Panglong Peace Talk ကို ကျင်းပမယ်လို့  သမ္မတရုံးက သတင်းထုတ်ပြန်ထားပါတယ်။

ဖိတ်ကြားခံရတဲ့ လူငယ်တွေထဲမှာ တိုင်းရင်းသားလူငယ်များမဟာမိတ်အဖွဲ့၊ ကယား ၊ မွန်၊ ရှမ်း စတဲ့ ပြည်နယ်တွေက လူမှုကွန်ရက်အဖွဲ့၊ ညီနောင်တိုင်းရင်းသားမဟာမိတ်အဖွဲ့ NBF၊ ပြည်ထောင်စု အဆင့်ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC)၊ တောင်သူ လယ်သမားဖွံ့ဖြိုးရေးအသင်း၊ အမျိုးသမီးနဲ့ ငြိမ်းချမ်းရေးအဖွဲ့၊ စီးပွားရေးလုပ်ငန်းရှင် စတဲ့ အဖွဲ့အစည်းမှာ ပါဝင်လှုပ်ရှားနေတဲ့ တိုင်းရင်းသားလူငယ်ပေါင်း ၁၂ ဦးပါဝင်မှာ ဖြစ်ပါတယ်။

ကြုံတောင့်ကြုံခဲ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ အတူဆွေးနွေးခွင့်ရမှာမို့ စိတ်လှုပ်ရှား တက်ကြွ နေသလို မိမိပါဝင်ဆွေးနွေးလိုတဲ့ အကြောင်းအရာကို အချိန်တိုတိုအတွင်း အထိရောက်ဆုံးပြောနိုင်ဖို့ အချက်အလက်တွေ ကြိုတင်စုဆောင်းလေ့လာနေတယ်လို့  တိုင်းရင်းသားလူငယ်များမဟာမိတ်အဖွဲ့မှ ရှမ်းလူငယ် စိုင်းအောင်မြင့်ဦးက ဒီဗွီဘီကိုပြောပါတယ်။

“ဖိတ်ကြားခြင်းခံရတာ ၀မ်းလည်းသာတယ်၊ စိတ်လည်းလှုပ်ရှားပါတယ်။ ကျနော်တို့ ပြောချင်တာတွေ နိုင်ငံတကာထိ ရောက်သွားမယ်လို့ ထင်တယ်။  ငြိမ်းချမ်းရေး အကြောင်းဆွေးနွေးရမယ်ဆိုတော့ ပင်လုံစာချုပ်ကတိက၀တ် အကြောင်းတွေပါပြောဖို့လိုပါတယ်။ ဒါပေမယ့် အချိန်တိုတိုအတွင်း ထိထိရောက်ရောက်ဝင်ရောက်ဆွေးနွေးနိုင်ဖို့ တတ်သိတဲ့ လူကြီးတွေနဲ့ တိုင်ပင်ပါတယ်။  ပင်လုံစာချုပ်ရှင်းတမ်း လက်စွဲစာအုပ်တွေ၊ အတ္တလန္တိတ်ချာတာနဲ့ ရှမ်းပြည်နိုင်ငံရေး ဆိုင်ရာစာအုပ်တွေ ဖတ်ရှုလေ့လာပါတယ်ခင်ဗျ။ လူငယ်တယောက်အနေနဲ့ နိုင်ငံငြိမ်းချမ်းရေးအတွက် အစိတ်အပိုင်း လေးတစ်ခုအဖြစ် အားဖြည့်ဆွေးနွေးနိုင်ဖို့ မျှော်လင့်ပါတယ်။”

        ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီရုံးမှ အလုပ်အဖွဲ့ခေါင်းဆောင် ကချင်အမျိုးသမီး မလရှမ်းဆိုင်းပန်ကတော့ သူ့အနေနဲ့ လူမျိုးကိုအခြေခံတာ ထက်  ပြည်သူလူထုကို ဗဟိုပြုပြီး ပြည်သူများ ပူးပေါင်းပါဝင်လာရေးကို အဓိကထားဆွေးနွေးသွား မယ်လို့ ပြောပါတယ်။

         “ကျမကို ဖိတ်တဲ့ခေါင်းစဉ်ကတော့ ပစ်ခတ်တိုက်ခိုက်မှုစောင့်ကြည့်ရေးပူးတွဲကော်မတီ အလုပ် အဖွဲ့ရဲ့ ဒုတိယညွန်ကြားရေးမှူးအနေနဲ့ ဖိတ်ထားတာဆိုတော့ ကျမအနေနဲ့တော့ ဒီပစ်ခတ်တိုက်ခိုက်မှု စောင့်ကြည့်ရေးဖြစ်စဉ်မှာ ပြည်သူလူထုကို ဗဟိုပြုပြီးတော့မှ ပြည်သူတွေပါဝင်လာအောင် ဘယ်လို တွေ လုပ်ဆောင်သွားကြမလဲ ဆိုတဲ့ ကဏ္ဍကနေပြီးတော့မှ ဆွေးနွေးသွားမှာပါ။ ဆွေးနွေးချိန်က ၄၅ မိနစ်မှာ ပုဂ္ဂိုလ် ၁၂ ဦးကပဲ ကဏ္ဍအသီးသီးကနေ ဆွေးနွေးမှာဆိုတော့ မြန်မာနိုင်ငံငြိမ်းချမ်းရေး အတွက် သက်ရောက်မှုအတိုင်းအတာ အများကြီးမျှော်လင့်ထားတာ မရှိပါဘူး။”

မွန်ပြည်နယ်လူမှုကွန်ရက်အဖွဲ့ဥက္ကဋ္ဌ ကိုမင်းအောင်ထူးကတော့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်က စတင်ဆွေးနွေးလာမယ့် အကြောင်းအရာတွေပေါ်မှာပဲ ပြန်ပြီးဆွေးနွေးမှာမို့ အထူးတလည် ပြင်ဆင်ထားတာ မရှိဘူးလို့ ပြောပါတယ်။

“နိုင်ငံတော်အတိုင်ပင်ခံက ဘာကို ဦးတည်ပြီး ဘယ်လိုပြောမလဲဆိုတာ မသိရသေးတော့ ကျနော့်အနေနဲ့ ပြောရခက်တာပေါ့နော်။ အဲဒီနေ့မှပဲ အကြောင်းအရာပေါ်မူတည်ပြီး ၀င်ရောက်ဆွေးနွေးရမှာဖြစ်တယ်။ ကျနော်တို့ အရပ်ဘက်အဖွဲ့အစည်းရဲ့ လုပ်ဆောင်ချက်တွေတော့ ပြောဖို့ရှိပါတယ်။”

တောင်သူလယ်သမားတယောက်အနေနဲ့ ဖိတ်ကြားခံရသူ ဒေးဒရဲမြို့နယ်မှ ဦးကျော်ထက်ကတော့ နိုင်ငံငြိမ်းချမ်းမှု မရှိတာကြောင့်  တောင်သူလယ်သမားတွေ တိုးတက်မှုနှောင့်နှေးရတာမို့ ဒီဆွေးနွေးမယ့်ခေါင်းစဉ်ဟာ သူတို့အတွက် အလွန်အရေးပါတယ်လို့ ပြောပါတယ်။

“ကျနော်က တောင်သူလယ်သမားဆိုတော့ တောင်သူလယ်သမားတွေရဲ့ ရင်တွင်းခံစားချက်၊ ဒေသမြေယာကိစ္စတွေ၊ ဒေသတွင်းမှာရှိတဲ့ သယံဇာတနဲ့ပတ်သက်တဲ့ ကိစ္စတွေ ဒါတွေတော့ ကျနော်ပြောဖို့ စဉ်းစားထားပါတယ်။ ကျနော်တို့ဆီမှာ ဖွံ့ဖြိုးဖို့အတွက် ငြိမ်းချမ်းဖို့ လိုပါတယ်၊  ငြိမ်းချမ်းရေး မရတဲ့ဒေသတွေမှာ ရင်းနှီးမြှုပ်နှံသူတွေလည်း မလာရဲဘူး၊ အာမခံချက်လည်းမရှိဘူး။ လုံခြုံစိတ်ချရတဲ့ တန်းတူအခွင့်အရေးတွေမရဘဲနဲ့ ဘယ်လိုမှ ဖွံ့ဖြိုးတိုးတက်အောင်မလုပ်နိုင်ပါဘူး။ ဒါကြောင့် ဒီငြိမ်း ချမ်းရေးစကားဝိုင်းက ကျနော်တို့အတွက် အရေးကြီးပါတယ်။”

ဖေဖော်ဝါရီ ၁၂ ရက် မနက်စတင်မယ့် နှစ် ၇၀ မြောက် ပြည်ထောင်စုနေ့ အခမ်းအနား (ပင်လုံ)နဲ့ ပင်လုံငြိမ်းချမ်းရေး စကားဝိုင်းကို နိုင်ငံပိုင် ရုပ်သံလိုင်းတွေနဲ့ Myanmar State Counsellor Office ဖေ့စ်ဘွတ်ခ်မှာ တိုက်ရိုက်ထုတ်လွှင့်ဖို့ရှိပါတယ်။

ရှမ်းပြည်နယ်၊ ပင်လုံမြို့မှာ ကျင်းပမယ့် နှစ်(၇၀)မြောက် ပြည်ထောင်စုနေ့ အခမ်းအနား (ပင်လုံ)ကို ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ပင်လုံစာချုပ်မှာ လက်မှတ်ရေးထိုးခဲ့ကြတဲ့ ခေါင်းဆောင်တွေရဲ့ မိသားစုတွေလည်း တက်ရောက်မယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013