
ရခိုင်ပြည်နယ် မောင်တောမြို့မှာ ဆန်ရေစပါးပေါများဖို့ ရပ်ရွာ အေးချမ်းသာယာဖို့နဲ့ ဘေးအန္တရာယ် ကင်းရှင်းဖို့ ရည်ရွယ်ပြီး ရခိုင်ရိုးရာရထားဆွဲပွဲ ကျင်းပနေပါတယ်။
မောင်တောမြို့မှာ နှစ်စဉ် တပို့တွဲလမှာ ကျင်းပလေ့ရှိတဲ့ ရခိုင်ရိုးရာ ရထားဆွဲပွဲကို ဖေဖော်ဝါရီ ၉ ရက်နေ့က ၁၁ ရက်နေ့ထိ ကျင်းပနေတာပါ။
“ဒီပွဲဟာ ဘာသာရေးအခြေခံတဲ့ ပွဲတခုမဟုတ်ပါဘူး။ တပို့တွဲလဟာ မာဃနက္ခတ် ဖြစ်တယ်၊ မာဃနက္ခတ်အရ တွက်ချက်ပြီးကျင်းပတဲ့ နက္ခတ်ပွဲတခုဖြစ်တယ်လို့ သိရပါတယ်။ ယောကျာ်းတဖက် မိန်းမတဖက် အပြိုင်ဆွဲရတယ်။ နိုင်တဲ့အဖွဲ့က သံချပ်ထိုးပြီး စကားနာထိုးကြတယ်။ ရိုင်းရိုင်းစိုင်းစိုင်း တော့ မပြောကြပါဘူး။ ရယ်စရာလည်းဖြစ် ပြုပြင်စရာတွေကိုလည်း ပြင်ဆင်နိုင်အောင် ထောက်ပြတာလည်း ပါတာပေါ့”လို့ ပွဲကျင်းပရေးကော်မတီဝင် ဦးလှဖြူသံက ပြောပါတယ်။
ရိုးရာ ရထားဆွဲပွဲတွေ ကာလရှည်ကြာ ပျောက်ကွယ်နေပြီးမှ ရခိုင်ပြည်နယ်ထဲက စစ်တွေ၊ မင်းပြားစတဲ့ မြို့တွေမှာပါ ပြန်လည်ဖော်ထုတ် ကျင်းပလာနေကြပါတယ်။
သတင်း၊ ဓာတ်ပုံ - ကိုအောင်










