DVB Logo
Home
မြန်မာသတင်း
အင်းဝအပ်ချုပ်ဆိုင်တွင်နှိပ်စက်ခံရသည့် မိန်းကလေး၏ ဒဏ်ရာ ခွဲစိတ်ကုသမှုအောင်မြင်
DVB
·
February 10, 2017
အင်းဝအပ်ချုပ်ဆိုင်တွင်နှိပ်စက်ခံရသည့် မိန်းကလေး၏ ဒဏ်ရာ ခွဲစိတ်ကုသမှုအောင်မြင်
Donate to DVB

အင်းဝအပ်ချုပ်ဆိုင်မှာ ညှဉ်းပန်းနှိပ်စက်ခံရလို့ ဒဏ်ရာရခဲ့တဲ့ အိမ်အကူ မိန်းကလေးငယ်ကို ရန်ကုန်ဆေးရုံကြီးရဲ့ လက်ပိုင်းဆိုင်ရာ ခွဲစိတ်ကုဌာနမှာ ဆရာဝန်ကြီးတွေက အပြီးသတ်ခွဲစိတ်ကုသအောင်မြင်မှုရခဲ့ပါတယ်။

အင်းဝအပ်ချုပ်ဆိုင်အမှုမှာ ထိခိုက်ဒဏ်ရာရခဲ့တဲ့ ကလေးငယ်နှစ်ဦးထဲက မစန်းကေခိုင်ကို  ဘယ်ညာ လက်ချောင်းတွေ ဘယ်တံတောင်၊ ညာတံတောင်နဲ့ လက်မောင်းနှစ်ဖက်အပါအဝင် လည်ပင်းအနာရွတ်တွေကို စုစုပေါင်း အကြီးစားခွဲစိတ်မူ လေးကြိမ် ပြုလုပ်ခဲ့ရတာပါ။

လက်ချောင်းခွဲစိတ်ရာမှာ အခက်အခဲတွေ ရှိခဲ့ပေမယ့် အောင်မြင်ခဲ့တယ်လို့ ခွဲစိတ်မှုကို ဦးဆောင်ခဲ့တဲ့ ရန်ကုန်ဆေးရုံကြီး လက်ပိုင်းဆိုင်ရာ ခွဲစိတ်မူဌာနက ပါမောက္ခဒေါက်တာခင်မောင်မြင့်က ပြောပါတယ်။

“ပထမတုန်းကတော့ ကျနော်တို့ ထင်တာက မိမွေးတိုင်း ဖမွေးတိုင်း ပြန်မကောင်းတာတော့ သေချာတယ်။ ဒါပေမယ့် အလုပ်တွေအများကြီး လုပ်နိုင်ပါ့မလားလို့ ကျနော်တို့ သံသယရှိခဲ့တယ်။ ကလေးက ငယ်ငယ်ရွယ်ရွယ်နဲ့ အလုပ်ကို စလုပ်ခဲ့ရတယ်ဆိုတော့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ရှိကောင်းရှိခဲ့နိုင်မယ်။ ဒါအတွက်လည်း ကျနော်တို့ စိတ်ပူတယ်။ ဒါပေမယ့် ကလေးဆိုတာမျိုးက ပတ်ဝန်းကျင်နဲ့ အင်မတန် လိုက်လျောညီထွေဖြစ်တတ်ပါတယ်။ ဆေးရုံရောက်တဲ့အခါကျတော့ လေ့ကျင့်ခန်းလုပ်တဲ့ ဆရာမတွေ၊ တာဝန်ကျတဲ့ ဆရာမတွေနဲ့ ခင်ခင်မင်မင် ရင်းရင်းနှီးနှီး ဖြစ်လာပြီးတဲ့အခါမှာ သူ့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကြောင့် မြန်မြန်ပြန်ကောင်းလာတာ ရှိတယ်။ အခု ကျနော်တို့ မြင်နေရတယ်။ ဒီကလေးမလေး ပုံဆွဲသွားတယ်။ သူ စက်ချုပ်သင်ချင်တယ်။ သူ အာရုံရတာကို သေချာလုပ်နိုင်လာတဲ့သဘော ရှိတာကြောင့်မို့ သူ့ရဲ့ဘဝမှာ သေချာ လျှောက်လှမ်းနိုင်မယ်လို့ ကျနော် ယုံကြည်သွားပြီ။ သူဟာ အဓိကကတော့ သူ့မှာ Guide လိုတာပေါ့နော်။ သူ့ကို ဦးဆောင်လမ်းပြမယ့်သူက သေချာ ဦးဆောင်လမ်းပြနိုင်ရင် ဒီကလေးမဟာ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေရှိပြီးတော့ ဘဝမှာ အဆင်ပြေပြေ လျှောက်လှမ်းနိုင်မယ်လို့ ကျနော် ယုံကြည်ပါတယ်။”

လက်ရှိမှာ မစန်းကေခိုင်ကို လေ့ကျင့်ခန်းတွေ ဆက်လက်လုပ်ဆောင်ပေးနေပြီးတော့ ပုံမှန်နေထိုင်လူပ်ရှားနိုင်တဲ့ဘဝ ပြန်ရောက်ဖို့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်မှုတွေ လုပ်ဆောင်ပေးနေပါတယ်။

ဆေးဘက်ဆိုင်ရာ ဆရာဝန်တွေအနေနဲ့ကတော့ မစန်းကေခိုင်ရဲ့ နစ်နာမူကို နောက်ထပ် ၆ လကြာ စောင့်ကြည့်ပြီးရင် ထုတ်ပြန်သွားမယ်လို့ ပါမောက္ခ ဒေါက်တာခင်မောင်မြင့်က ဆိုပါတယ်။

“ဒီကလေးမလေးကတော့ ညာဘက်လက်ချောင်းတွေအားလုံး ကျိုးတယ်။ ဘယ်ဘက်လက်ချောင်းတွေလည်း အားလုံး ကျိုးတယ်။ ကျိုးတဲ့အခြေအနေကလည်း ဖြစ်ဖြစ်ချင်း လာတာမဟုတ်ဘူး။ အကြာကြီးနေမှ လာရတယ်။ ကျနော်တို့ ခွဲစိတ်တာလည်း အများကြီးနောက်ကျတယ်။ ခွဲစိတ်ချိန်ပေါ့နော်။ နောက်ကျတော့ ဒီကလေးမလေးအတွက်ကို ကျနော်တို့ အနည်းဆုံး ၆ လ စောင့်ကြည့်ပါမယ်။ ၆ လ ကြာတဲ့အခါ သူ ဘယ်လောက် ပြန်ကောင်းလာသလဲ။ ဘယ်လောက် ပစ္စည်းတွေ ဆုပ်လာနိုင်လဲ။ သူ့လက်ကို နေ့စဉ်လုပ်ငန်းတွေမှာ ဘယ်လောက် အသုံးချနိုင်လာသလဲ။ အဲဒါကို ကြည့်ပြီးတော့ နစ်နာဆုံးရှုံးမှုကို ကျနော်တို့ ထုတ်ပြန်ပါ့မယ်။ နစ်နာဆုံးရှုံးမှုရှိတယ်ဆိုတာတော့ သေချာပါတယ်။ ရုပ်ပိုင်းဆိုင်ရာ နစ်နာဆုံးရှုံးမှုအပြင် စိတ်ပိုင်းဆိုင်ရာ နစ်နာဆုံးရှုံးမှုများလည်း ပါကောင်းပါမယ်။ အဲဒါကလည်း စိတ်ပိုင်းဆိုင်ရာ ဆရာဝန်များနဲ့ ကျနော်တို့ တိုင်ပင်ပါမယ်။ တိုင်ပင်ပြီးတဲ့ အခါကျမှသာ ကျနော်တို့အနေနဲ့ ထုတ်ပြန်ပါရစေ။ နစ်နာဆုံးရှုံးမှု ရှိတာတော့ ကျနော်တို့ သေချာပြောနိုင်ပါတယ်။”

အင်းဝအပ်ချုပ်ဆိုင်မှာ သုံးနစ်ကြာ အလုပ်လုပ်ကိုင်ခဲ့တဲ့  ကော့မှူးမြို့နယ် ရှာဘွားကျေးရွာက မိန်းကလေးငယ် နှစ်ဦးဖြစ်တဲ့ မစန်းကေခိုင်နဲ့ မသဇင်တို့ဟာ အိမ်ရှင်မိသားစုရဲ့ ညှဉ်းပန်းနှိပ်စက် မူကြောင့် ခန္ဓာကိုယ်မှာ ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် ဇူလိုင်လမှာ ဒီဖြစ်စဉ်အတွက် သတင်းပေးတိုင်ကြားမူတွေ ရှိခဲ့တာကြောင့် လက်ရှိမှာ အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင်တွေကို ရုံးတင်စစ်ဆေးမှုတွေလုပ်နေပြီး အမူကလည်း အပြီးသတ် အမိန့်ချတာ မရှိသေးပါဘူး။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013