DVB Logo
Home
Lead Story
မီးနီမဖြတ်ရ
DVB
·
February 9, 2017
မီးနီမဖြတ်ရ
Donate to DVB

အောင်မင်္ဂလာလမ်းထိပ် မြင့်ကဖီး သတင်းလွှတ်တော်ကို ကျနော်ရောက်တော့ လူတော်တော်စုံနေပြီ။ သူတို့စားပွဲရှေ့မှာ မုန့်ဟင်းခါး လက်ဖက်ရည်တွေ ရောက်နေပြီ။ မျက်နှာသွယ်သွယ် အသားညိုညို မျက်မှန်သေးသေးနဲ့ ကိုကျော်စိုး၊ ဆံပင်ထောင်ထောင် မျက်မှန်ထူထူ အသားလတ်လတ်နဲ့ ကိုအောင်သူ၊ ဖြူဖြူနွဲ့နွဲ့ မသူဇာလင်း၊ ပိန်ပိန်သွယ်သွယ် မျက်နှာပိုင်ရှင် ကိုစိုးမိုးအောင်တို့ ရောက်နေပါပြီ။

ဒီနေ့ သတင်းလွှတ်တော်မှာ ဘာတွေ ပြောကြမလဲ။ အထွေအထူး စဉ်းစားစရာ မလိုပါ။ ဦးကိုနီ အလုပ်ကြံခံရတဲ့အကြောင်းပေါ့။ လူတွေအားလုံး ဒီအကြောင်းပဲ ပြောနေကြတာ။

ကျနော့်ဘေးစားပွဲက ပလတ်စတစ်ထိုင်ခုံ အနီပုကလေးကိုယူပြီး သူတို့စကားဝိုင်းထဲကို တိုးတိုးဝှေ့ဝှေ့ ထိုင်လိုက်ပါတယ်။

အရေးထဲ ဖုန်းက ဝင်လာပြန်တယ်။

‘ဟုတ်ပါတယ် ကျနော် ဇေယျပါ၊ ဒီဗွီဘီ သတင်းဌာနကပါ’

‘မင်းတို့သတင်းထောက်တွေ သတိထား၊ ကားနဲ့တိုက်သတ်လို့ရတယ်၊ ကားနဲ့တိုက်သတ်ရင် ကားတိုက်မှုပဲဖြစ်မှာ လူသတ်မှု မဖြစ်ဘူး၊ သိလား’

တဘက်က အသံမာမာပြတ်ပြတ်နဲ့မို့ ကျနော် လက်တွေ ခြေတွေ တုန်သွားပါတယ်။

ဘာပြန်ပြောရမှန်းမသိပါ။ တယ်လီဖုန်းနံပါတ်ကို ကြည့်လိုက်တော့လည်း နံပါတ်က အစိမ်းသက်သက်။

‘ဦးကိုနီကိုသတ်တဲ့သူတွေက ဥပဒေကို နားမလည်လို့ သေနတ်ပစ်သတ်တာ၊ နားလည်လား’

‘ဟုတ်ကဲ့’ ကျနော့်အသံက ရိုသေကျိုးနွံနေတဲ့အသံ။ အလိုလိုဖြစ်သွားတာပါ။

‘ဘာ ဟုတ်ကဲ့လဲ၊ မင်းက သတင်းထောက်ဖြစ်မှ တော်တော် ရိုသေတတ်နေတာလား’

‘မဟုတ်ပါဘူးခင်ဗျာ’

‘ဘာ ခင်ဗျာလဲ။ ငါပါ စိန်ကြီးပါ။ ဦးကိုနီ အသတ်ခံရလို့ စိတ်ပူပြီး မင်းဆီဖုန်းဆက်လိုက်တာ။ သတိပေးတာပါ’

‘မင်း သတိပေးတာကြီးကလည်း ခြိမ်းခြောက်သလိုကြီးပါလားကွာ’

ငယ်သူငယ်ချင်းတွေမို့ ပြောမနာ ဆိုမနာ၊ လူချင်း မတွေ့ရတာကြာတော့ အသံကိုမမှတ်မိ၊ ဖုန်းနံပါတ်တွေကလည်း ခဏခဏပြောင်း၊ အင်းလေ ပြောင်းလဲချိန်ဆိုတော့ ဒီလိုပဲ ပြောင်းနေကြတာပေါ့။

ကိုယ်ကလည်း အရာရာကို ကြောက်နေရသူမို့ သတိပေးတာကို ခြိမ်းခြောက်တာလို့ ထင်မိတာပါ။

ကျေနာ် ဖုန်းပိတ်လိုက်ပြီး သတင်းထောက်တွေ စကားဝိုင်းထဲကို ဝင်ပြီး သူတို့ပြောတာကို နားထောင်နေပါတယ်။

ဦးကိုနီ အကြောင်းပါပဲ။ သူတို့ ဒီနေ့ ဦးကိုနီသတင်းကို ရဲအရာရှိတွေဘက်က သတင်းထုတ်တာ နှေးတဲ့အကြောင်း။ မနေ့က ဦးကိုနီသတ်တဲ့သတင်းနဲ့ ပတ်သက်ပြီး မြဝတီမှာ ဦးမြင့်ဆွေကို ဖမ်းမိတဲ့သတင်းတွေ အတည်ဖြစ်မဖြစ် ငြင်းခုန်နေကြပါတယ်။ တယောက်က ပြောပါတယ်။ မြဝတီမှာ ဦးမြင့်ဆွေ ဆိုတဲ့သူတွေကို အကုန်လိုက်ဖမ်းထားတယ်ဆိုတဲ့ သတင်းလည်း သူကြားတဲ့အကြောင်း ပြောပါတယ်။ ကျေနာ် စိုးရိမ်သွားပါတယ်။ ကျေန်ာတို့ ဒု-သမ္မတကြီး ဦးမြင့်ဆွေ မြဝတီကို အလည်သွားတာနဲ့ကြုံရင် ဒုက္ခပါပဲ။

ကျနော့်စိုးရိမ်စိတ်ကို မအောင့်နိုင်တော့ဘဲ စကားဝိုင်းမှာ ဖွင့်ပြောမိပါတယ်။

သူငယ်ချင်း သတင်းထောက်တွေလည်း ကျနော့်လိုပဲ စိုးရိမ်သွားကြပါတယ်။

ဒါပေမယ့် သတင်းထောက် ကိုကျော်စိုးကတော့ သူ မစိုးရိမ်ကြောင်း ပြောပါတယ်။ ဘာဖြစ်လို့လဲဆိုတာကို ပုံပြင်ကလေးတပုဒ်နဲ့ ရှင်းပြပါတယ်။

သူပြောတဲ့ပုံပြင်ကလေးက ဒီလိုပါ။

တခါက အနောက်နိုင်ငံတနိုင်ငံမှာ လုံခြုံရေး အကြီးအကဲတယောက်ရဲ့ ဆေးတံ ပျောက်သွားသတဲ့။ အကြီးအကဲဟာ စိတ်ဆိုးပြီး သူ့လက်အောက်က လုံခြုံရေးဝန်ထမ်းတွေကို ဆေးတံသူခိုးကို နှစ်ဆယ့်လေးနာရီအတွင်း အမိဖမ်းပေးဖို့ အမိန့်ပေးလိုက်ပါသတဲ့။

နှစ်ဆယ့်လေးနာရီ မပြည့်ခင်မှာပဲ လုံခြုံရေး အရာရှိငယ် တယောက်ဆီက သတင်းပို့လာပါတယ်။ မသင်္ကာသူ ဆယ်ယောက် ဖမ်းမိထားကြောင်း၊ တယောက်က ဝန်မခံသေးပေမယ့် ကိုးယောက်က ဝန်ခံထားပြီးဖြစ်ကြောင်း။ အဲဒါ အကြီးအကဲအနေနဲ့ ဘယ်တယောက်ကို သူခိုးဖြစ်စေချင်သလဲ။ အမြန်အကြောင်းပြန်ပါ။ အမိန့်နာခံရန် အသင့်လို့ အစီရင်ခံစာ တင်လိုက်သတဲ့။

ပုံပြင်ကလေးကတော့ ဒါပါပဲ။

ကျနော်တို့ လက်ဖက်ရည်ဆိုင်က ရုံးဘက်ကိုလာတော့ သတိကြီးကြီးနဲ့ ကားလမ်းဖြတ်ကူးခဲ့ကြပါတယ်။

ကျနော်တို့ သတင်းထောက်တွေ ကားလမ်းကူးတဲ့အခါ လမ်းစည်းကမ်းလိုက်နာပါ။ သတိနဲ့ လမ်းဖြတ်ကူးကြပါခင်ဗျာ။

သားကြီးမောင်ဇေယျ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013