DVB Logo
Home
မြန်မာသတင်း
၁၀ တန်းစာမေးပွဲ ခိုးချဖြေဆိုသူများကို မှတ်တမ်းရေးသွင်းအရေးယူမည်
DVB
·
February 8, 2017
၁၀ တန်းစာမေးပွဲ ခိုးချဖြေဆိုသူများကို မှတ်တမ်းရေးသွင်းအရေးယူမည်
Donate to DVB

 

အစိုးရသစ်လက်ထက်မှာ ပထမဆုံးအကြိမ်ကျင်းပမယ့် တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ခိုးချဖြေတဲ့ ကျောင်းသားတွေကို သိမ်းဆည်းထုတ်ပယ်တာမလုပ်တော့ဘဲ မှတ်တမ်းရေးသွင်း အရေးယူ သွားမယ်လို့ ၀မ်းတွင်းမြို့နယ်ပညာရေးမှူး ဦးဝင်းမြင့်က ပြောပါတယ်။

မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကြီးကြပ်ရေးမှူးတွေ၊ လက်ထောက်ကြီးကြပ်ရေးမှူးတွေနဲ့ ဒီကနေ့ မနက် တွေ့ဆုံပွဲမှာပြောသွားတာဖြစ်ပါတယ်။

“လူ့အခွင့်အရေးနဲ့အညီ စည်းကမ်းရှိရှိစနစ်တကျဆောင်ရွက်ပါမယ်၊ စာမေးပွဲမှာ ခိုးချဖြေဆို သူကျောင်းသား/သူကို အရင်ကလို သိမ်းဆည်းတာ၊ ထုတ်ပယ်တာမလုပ်တော့ဘဲ မှတ်တမ်းရေးသွင်း အရေးယူသွားမယ်။ ကျောင်းသူသီးသန့် ကျောင်းသားသတ်သတ်ရှာဖွေခန်းတွေ ထားရှိပေမယ်။ ယခင်နှစ်ကလို အဝင်ပေါက်နားမှာ ထရံကာပြီးရှာဖွေတာ မရှိတော့ပါဘူး။ အပြစ်ကျူးလွန်သူကို မှတ်တမ်းရေးသွင်းအရေးယူမှာဖြစ်တယ်”လို့ ပညာရေးမှူး ဦးဝင်းမြင့်က ပြောပါတယ်။

အရေးယူမယ့် အစီအစဉ်သစ်ကြောင့် ကျောင်းသားနဲ့ဆရာအကြား ထိပ်တိုက်တွေ့မှုတွေကို ရှောင်ရှားနိုင်လိမ့်မယ်လို့ တက္ကသိုလ်ဝင်တန်း လက်ထောက်ကြီးကြပ်ရေးမှူးဟောင်း ဆရာဦးအောင်မျိုးက ပြောပါတယ်။

“ဆယ်တန်းစာမေးပွဲစောင့်ရမှာကို ဆရာဆရာမတွေအနေနဲ့ ကြောက်ကြတယ်။ စာမေးပွဲဖြေတဲ့ ကျောင်းသားကလည်း အောင်ချင်တယ်ဆိုတဲ့ စိတ်ဆန္ဒနဲ့ လုပ်ဆောင်ကြတယ်။ ဆရာတွေကလည်း မိမိကိုကြီးကြပ်သူက အရေးယူခံရမှာကြောက်တယ်။ ကျောင်းသားနဲ့ အထက်ကလူနဲ့ကြားမှာ ဆရာတွေ ညှပ်နေတယ်။ အခုတော့ မှတ်တမ်းရေးသွင်းအရေးယူမယ်ဆိုတော့ ကျောင်းသားနဲ့ဆရာ ထိပ်တိုက်မဖြစ်တော့ဖူးပေါ့။”

ပြင်ပကျူရှင်ဆရာဦးမျိုးဝင်းက “မှတ်တမ်းရေးသွင်းအရေးယူမယ့် စနစ်ကကျောင်းသားကျောင်းသူတွေ သိရှိစေချင်တယ်။ ငါအပြစ်လုပ်ရင်ဆရာက မှတ်တမ်းထဲရေးထားမယ်။ အဒီကျောင်းသားရဲ့ အဖြေလွှာဟာ တရားမဝင်တော့ဖူး။ စာမေးပွဲဖြေထားလဲ မဖြေတာနဲ့အတူတူဘဲဆိုတာကို ကျောင်းသားတွေ သိထားမှ ဆရာက လာမပြောလဲ၊ ငါအပြစ်လုပ်ရင်ငါခံရမယ်လို့ ကျောင်းသားတွေ ကျယ်ကျယ်ပြန့်ပြန့်သိအောင် ကျနော်ကတော့ သတိပေးထားတယ်”လို့ပြောပါတယ်။

စာမေးပွဲကျင်းပမယ့်ရက် လုံခြုံရေးအခြေအနေနဲ့ပတ်သက်ပြီး ရဲနဲ့ရပ်ကွက်အုပ်ချုပ်ရေး ဆယ်အိမ်မှူး တွေနဲ့ ဌာနဆိုင်ရာတွေပူးပေါင်းပြီး အပြင်စည်းလုံခြုံရေးကို စနစ်တကျဆောင်ရွက်ဖို့ စီစဉ်ထားပြီး ဖြစ်တယ်လို့  မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးလွင်က ပြောသွားပါတယ်။

မြန်မာနိုင်ငံတဝန်းလုံး စာဖြေဌာန ၁ ထောင်ကျော်၊ စာဖြေကျောင်းသား ၇ သိန်း ၆ သောင်းကျော်၊ မန္တလေးတိုင်းအတွင်း စာဖြေဌာန ၁၈၀ နဲ့ စာဖြေကျောင်းသား ၁ သိန်း ၅ ထောင်ခန့်၊ ဝမ်းတွင်းမြို့နယ်မှာ စာဖြေဌာန ၇ ခုနဲ့ စာဖြေကျောင်းသား ၂၈၆၇ တို့  တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုကြမှာဖြစ်ပါတယ်။

သတင်း၊ ဓာတ်ပုံ - မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013