DVB Logo
Home
မြန်မာသတင်း
အမေရိကန်နှင့် မြန်မာ တိုက်ရိုက်လေယာဉ်ပျံသန်းနိုင်ရန် ဆွေးနွေးညှိနှိုင်း
DVB
·
February 8, 2017
အမေရိကန်နှင့် မြန်မာ တိုက်ရိုက်လေယာဉ်ပျံသန်းနိုင်ရန် ဆွေးနွေးညှိနှိုင်း
Donate to DVB

အမေရိကန်နဲ့ မြန်မာ တိုက်ရိုက်လေယာဉ်ပျံသန်းဖို့ နှစ်နိုင်ငံအစိုးရချင်း ဆွေးနွေးနေတယ်လို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

၁၉၄၈ ခုနှစ်ဝန်းကျင်က ချုပ်ဆိုခဲ့တဲ့ အမေရိကန်နဲ့ မြန်မာ နှစ်နိုင်ငံသဘောတူစာချုပ်ကို ပြင်ဆင်ဖို့အတွက် အစိုးရချင်း ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်နေတယ်လို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

အဲဒီသဘောတူစာချုပ် ပြင်ဆင်ပြီးပါက အမေရိကန်-မြန်မာ နှစ်နိုင်ငံ တိုက်ရိုက်လေယာဉ်ပျံသန်းနိုင်ဖို့ ဖြစ်လာနိုင်ပြီး လာမယ့် ၂၀၁၈ ခုနှစ်အတွင်းမှာတော့ သဘောတူစာချုပ်ပြင်ဆင်မှု ပြီးမြောက်မှာဖြစ်တယ်လို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ပြောပါတယ်။

အမေရိကန် ကုမ္ပဏီတွေက လာရောက် တိုင်းထွာစစ်ဆေးပြီး ဘယ်လေကြောင်းက ဆွဲမယ်ဆိုတာကို ဆုံးဖြတ်ကြမှာပါ။ အခုထိတော့ ဘယ်ကုမ္ပဏီက ဆွဲမယ်ဆိုတာ မသတ်မှတ်ရသေးပါဘူး။
“အမေရိကန်နဲ့ မြန်မာနိုင်ငံ နှစ်နိုင်ငံ လေကြောင်းသဘောတူစာချုပ်ကို ၁၉၄၈ ကတည်းက ချုပ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ နှစ်နိုင်ငံ လေကြောင်းသဘောတူစာချုပ်ကို အခု ပြည်ဆင်ရေးဆွဲပြီးတော့ ခေတ်နဲ့အညီ နှစ်ဖက် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါတယ်။ အဲဒီနှစ်နိုင်ငံ လေကြောင်းသဘောတူစာချုပ်ကို ပြင်ဆင်ရေးဆွဲပြီးတဲ့အခါကျရင်တော့ အမေရိကန်နိုင်ငံက လေကြောင်းလိုင်းတွေနဲ့ ကျနော်တို့ မြန်မာနိုင်ငံကို တိုက်ရိုက်ပျံသန်းပြေးဆွဲဖို့ အလားအလာတွေ တိုးတက်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်” လို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ပြောပါတယ်။

မြန်မာနိုင်ငံ လေကြောင်းလိုင်းတွေအနေနဲ့ ဒေသတွင်း အိမ်နီးချင်းနိုင်ငံတွေကိုပဲ ပျံသန်းမှုတွေ ပြုလုပ်နေတာ ဖြစ်ပြီး အမေရိကန်ကို သွားရောက်လိုသူတွေအနေနဲ့ ထိုင်းနိုင်ငံနဲ့ စင်္ကာပူနိုင်ငံတွေမှာ လေကြောင်းလိုင်း ပြောင်းလဲစီးနင်းရမှာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ နိုင်ငံတကာလေယာဉ် အစီးရေ ၆၀၀ လောက်ဟာ မြန်မာနိုင်ငံ လေပိုင်နက်အတွင်းကနေ နေ့စဉ် ဖြတ်သန်းသွားလာလျက်ရှိပြီး အဲဒီလေယာဉ်တွေကနေ အခွန်ငွေကောက်ခံပြီး နိုင်ငံတော်အစိုးရကို အပတ်စဉ် ပေးအပ်လျက်ရှိတယ်လို့လည်း ဒုတိယဝန်ကြီး ဦးကျော်မျိုးက ပြောပါတယ်။
“လေယာဉ် ဖြတ်ကျော်ပျံသန်းမှု ရရှိငွေများကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးမှတဆင့် နိုင်ငံတော်ကို အပတ်စဉ် ကျနော်တို့ ပေးသွင်းလျက်ရှိပါတယ်။ ရရှိလာတဲ့ ဝန်ဆောင်ခတွေကို နိုင်ငံတော်ရဲ့ စီမံချက်နဲ့ စနစ်တကျ ခွဲဝေသုံးစွဲလျက်ရှိပါကြောင်း ဖြေကြားအပ်ပါတယ် ခင်ဗျား။”

မြန်မာနိုင်ငံလေပိုင်နက်အတွင်းကနေ နေ့စဉ်ပျံသန်းနေတဲ့ နိုင်ငံတကာ လေယာဉ်တွေကနေ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်နဲ့ ၂၀၁၆- ၂၀၁၇ ဘဏ္ဍာနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့အထိ အခွန်ငွေကောက်ခံရရှိမှုဟာ အမေရိကန်ဒေါ်လာ ၁၄၁ သန်းကျော် ရရှိခဲ့တယ်လို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
သတင်း - အောင်ဆန်းဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013