DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တိုင်းဒေသကြီးအတွင်း စီမံချက်ဖြင့် ဝက်သက်ရောဂါကာကွယ်ဆေး ထိုးပေးနေ
DVB
·
February 7, 2017
Donate to DVB

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ် ၅ မြို့နယ်မှာ စီမံချက်နဲ့ ဝက်သက်ရောဂါကာကွယ်ဆေး ထိုးပေးနေပါတယ်။

လှိုင်သာယာမြို့နယ်၊ အင်းစိန်မြို့နယ်၊ တွံတေးမြို့နယ်၊ သာကေတမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်တွေမှာ ဖေဖော်ဝါရီ ၆ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ ဝက်သက်ရောဂါ ကာကွယ်ဆေးကို စီမံချက်နဲ့ ထိုးပေးနေတာပါ။

ဒီကာကွယ်ဆေးကိုတော့ ၉ လသားကလေးအရွယ်ကနေ အသက် ၁၅ နှစ်အထိ ထိုးပေးနေတာဖြစ်ပြီး လက်ရှိအဖြစ်များနေတဲ့ ဝက်သက်ရောဂါကတော့ အသက်ကြီးပိုင်းတွေမှာ အဖြစ်များတယ်လို့ သိရပါတယ်။

“ကလေးတွေ အသက် ၁ နှစ်ခွဲအထိထိုးတဲ့ ကာကွယ်ဆေးပေါ့။ ကလေးတွေ အဲဒီအရွယ်မှာ ပုံမှန်ထိုးဖို့ ကျမတို့ ပြောချင်ပါတယ်။ အခုလို အစုလိုက် ပြန်ထိုးရတယ်ဆိုတဲ့အကြောင်းက အရင်တုန်းက အကြောင်းကြောင်းကြောင့် လူကြီးတွေဆို မထိုးခဲ့ရဘူး။ ကလေးတွေဆိုလည်း မထိုးဖြစ်ခဲ့တာပေါ့နော်။ အဲဒါကြောင့် အလေးထားပြီး ပုံမှန်ထိုးခဲ့ရမယ်ပေါ့။ အခုကတော့ အပိုဆောင်းထိုးပေးတာ ဖြစ်ပါတယ်။ အခုထိုးပေးတာက အရင်တုန်းက ထိုးပြီးတာပဲဖြစ်ဖြစ်၊ မထိုးဘူးသေးတာဖြစ်ဖြစ် ထပ်ထိုးပေးတာ ဖြစ်ပါတယ်။ ၁ ကြိမ်ထိုးပေးရင် ရာနှုန်းပြည့် မကာကွယ်နိုင်ဘူး။ ၈၅ ရာခိုင်နှုန်းလောက်ပဲ ကာကွယ်နိုင်တယ်ဆိုတဲ့အတွက်ကြောင့် ကျမတို့က ထပ်ထိုးပေးနိုင်တဲ့ ကလေးတွေကို၊ အခွင့်အရေးရတဲ့ကလေး အကုန်လုံးကို ထိုးနိုင်အောင် ကျမတို့က စီစဉ်ဆောင်ရွက်ပေးရတာ ဖြစ်တယ်။ တကယ်လိုအပ်ချက်ကတော့ ကလေးငယ်တွေပေါ့နော်” လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အင်းစိန်မြို့နယ် ဦးစီးမှူး ဒေါ်နော်သန္တာဆွေက ပြောပါတယ်။

အင်းစိန်မြို့နယ်မှာတော့ ဝက်သက်ရောဂါကာကွယ်ဆေးကို စုရပ်နေရာ ၁၀၀ ကျော်ကနေ ကာကွယ်ဆေးထိုးပေးနေတာဖြစ်ပြီး တအိမ်ဝင်တအိမ်ထွက် စစ်တမ်းကောက် ကာကွယ်ဆေးထိုးပေးမှုကိုလည်း ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

“ရပ်ကွက်က လိုက်ထိုးပေးတာတို့ပေါ့၊ ကလေးဆိုရင် ပုံမှန်ထိုးဖြစ်တာ ၁ လခွဲ၊ ၂ လခွဲ၊ ၃ လခွဲ၊ ၆ လ၊ ၉ လ အဲဒီလိုအချိန် သူတို့ထိုးတဲ့အချိန် ပုံမှန်ထိုးရင် ကလေးက ကျန်းမာရေးကောင်းသွားတယ်။ အမတို့က အဲဒီအချိန်ရောက်ရင် ပုံမှန်ထိုးပေးတယ်။ ကလေး ၃ ယောက်လုံး ကာကွယ်ဆေးကတော့ မလွတ်ဘူး။ ပြီးတော့ ဂျိုက်သိုးကာကွယ်ဆေးတွေဆို ရပ်ကွက်က စီမံချက်တွေရှိတဲ့ ကာကွယ်ဆေးတွေဆိုရင် အမြဲထိုးပေးပါတယ်” လို့ အင်းစိန်မြို့နယ် ကမ်းနားအလယ်ရပ်ကွက်နေ ဒေါ်မြင့်မြင့်အေးက ပြောပါတယ်။

လှိုင်သာယာမြို့နယ်မှာတော့ ဝက်သက်ရောဂါ အစုလိုက်အပြုံလိုက် ဖြစ်ပွားနေပြီး အင်းစိန်မြို့နယ်မှာတော့ တယောက်၊ နှစ်ယောက် ဖြစ်ပွားနေတယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရပါတယ်။

ဒါကြောင့် အင်းစိန်မြို့နယ် ၂၁ ရပ်ကွက်က အသက် ၉ လသားအရွယ်ကနေ ၁၅ နှစ်သားအထိ ကလေးဦးရေ ၅ သောင်းကျော်ကို ကာကွယ်ဆေးထိုးပေးနိုင်ဖို့ ခန့်မှန်းထားပါတယ်။

“ညက ရပ်ကွက်ရုံးက လိုက်ကြေညာတယ်လေ။ နှစ်ကတော့ အတိအကျ မသိဘူးပေါ့နော်။ ၁၅ နှစ်အောက်လို့ အဲဒီလို ကြားလိုက်တယ်။ ကလေးတွေကို မနက် ဆေးလာထိုးရမယ်တဲ့။ အခုမှ ကျောင်းလွှတ်တာ။ သွားကြိုပြီး ထမင်းစားပြီး အခု လာထိုးတာ။ ကောင်းပါတယ်။ ဘာလို့လဲဆိုတော့ ရောဂါတွေ တကယ်ဖြစ်သွားတဲ့အခါကျတော့ ကျနော်တို့ဘက်တွေက ခြင်တွေများတယ်။ နောက် ကလေးတွေလည်း ခဏခဏ ဖျားတာတွေ ဖြစ်ကြတယ်။ အခုလို ကာကွယ်ဆေးထိုးပေးတဲ့အခါကျတော့ ကောင်းပါတယ်။ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ဆေးရုံမှာ သွားထိုးဖို့ကျတော့လည်း မလွယ်ဘူးလေ” လို့ အင်းစိန်မြို့နယ်၊ ကမ်းနားအလယ်ရပ်ကွက်မှ ကိုဇော်ဝင်းလတ်က ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ် ၅ မြို့နယ်က အသက် ၉ လမှ ၁၅ နှစ်အတွင်း ကလေး ၄၁၁,၆၆၆ ဦးကို ဝက်သက်ရောဂါ ကာကွယ်ဆေးထိုးပေးနိုင်ဖို့ ခန့်မှန်းထားတယ်လို့  ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှတဆင့် သိရပါတယ်။

သတင်း - ဟေမာဝင်း

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013