DVB Logo
Home
Lead Story
တပွင့်ခြွေသော် အပွင့်တကုဋေပေါ်မည်
DVB
·
February 7, 2017
တပွင့်ခြွေသော် အပွင့်တကုဋေပေါ်မည်
Donate to DVB

 

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၉ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ဥပဒေ အကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ သေနတ်နဲ့ ပစ်ခတ်လုပ်ကြံခံခဲ့ရတဲ့ သတင်းကို ကြားရတဲ့အခါ ပြင်းစွာတုန်လှုပ်မိရသလို အထူးဝမ်းနည်းကြေကွဲရပါတယ်။ စာရေးသူက အဲဒီသတင်းဆိုးကို ကြားရတဲ့အချိန်တုန်းက ခရီးထွက်နေချိန်မို့ စာရေးချိန် မရခဲ့တာကြောင့် ဒီဆောင်းပါးကို ချက်ချင်း မရေးဖြစ်ခဲ့တာပါ။

နိုင်ငံရေးအသိဖြောင့်မတ်ပြီး၊ ရိုးသားရဲရင့်တဲ့၊ သမာသမတ်ရှိတဲ့၊ ရှေ့နေကြီးဦးကိုနီ အခုလို လူမြင်ကွင်းမှာ လုပ်ကြံသတ်ဖြတ်ခံရတယ်ဆိုတာ... မြန်မာနိုင်ငံရဲ့ နိုင်ငံရေးသီလပျက်ယွင်းမှု၊ သမိုင်းအမည်းစက်ကြီးတစက် ထပ်မံစွန်းထင်းရခြင်းဖြစ်သလို အဖိုးတန်တဲ့ မြန်မာနိုင်ငံသား တယောက် ဆုံးရှုံးရခြင်းလည်း ဖြစ်တယ်။

အကြောက်တရားကို ဖန်တီးပြီး အမှန်တရားကို ဖိနှိပ်မှုတခုလည်း ဖြစ်တယ်။ နိုင်ငံသားတွေရဲ့ ဘဝလုံခြုံမှု မရှိဘူးဆိုတာ ထင်ထင်ရှားရှား ပြသလိုက်တာလည်း ဖြစ်တယ်။ လက်နက်နဲ့ အကြမ်းဖက်ဖြေရှင်းတယ်၊ ဗိုလ်ကျစီးပိုးမှုဆိုတာ သီလချို့ယွင်းမှုနဲ့ ဉာဏ်ရည်နိမ့်ကျမှုရဲ့ ပြယုဂ် ဖြစ်ပါတယ်။

အမှန်တရားဆိုတဲ့ သစ္စာဖြူပန်းတွေဆိုတာ တပွင့်ကို ခြွေချလိုက်တိုင်း အပွင့်သစ် ကုဋေကုဋာဝေတတ်ပါတယ်။ အသိဉာဏ်နုန့်နဲ့တဲ့ လူ့ဗာလတွေ၊ အာဏာရမ္မက် ငမ်းဖမ်းနေသူတွေဟာ အဲဒီသဘာဝကို နားလည်သဘောပေါက်နိုင်တဲ့ အတွေးအခေါ် အသိအမြင် မရှိလေတော့ လာရိုက်တဲ့တုတ်ကို ပြန်ကိုက်ခဲတတ်တဲ့ မြွေဆိုးမြွေမိုက်လို အဆင်ခြင်တုံကင်းမဲ့စွာ ကျူးလွန်တတ်ကြပါတယ်။

ဒါကြောင့်လည်း သူတို့ထင်တာက ဦးကိုနီ ဆိုတဲ့ အမှန်တရားကို ရဲရဲရင့်ရင့် ထုတ်ဖော်ပြောဆိုနေတဲ့ သစ္စာဖြူပန်းတပွင့်ကို ခြွှေချဖျက်ဆီးလိုက်ရင် အကြောက်တရားတွေ ကြီးစိုးလာပြီး အမှန်တရားတွေ ဆိတ်သုဉ်းသွားလိမ့်မယ်လို့ မိုက်မဲစွာ တွေးထင်ကြပုံရတယ်။

နောက်တချက်က အဲဒီသစ္စာဖြူပန်းတပွင့် ကြွေလွင့်ရတာကို လူမျိုးခြား၊ ဘာသာခြား ဖြစ်တာက တကြောင်း၊ မိမိဘာသာကို မှန်စွာ မစောင့်ရှောက်တတ်တဲ့ ဝိဘဇ္ဇအမြင်မရှိကြတဲ့၊ မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တချို့ရဲ့ ယိုသူမရှက် မြင်သူရှက်ရအောင် အသိတရား နိမ့်ကျသူတွေရဲ့ ယုတ်ညံ့တဲ့ မှတ်ချက်ပေးမှု့တွေ၊ အတွင်းစိတ်မှာ ကျိတ်ဝမ်းမြောက်ပြီး အကုသိုလ်ပွားနေသူတွေ ရှိနေတာကလည်း မြန်မာနိုင်ငံရဲ့ ကိုယ်ကျင့်သီလနိမ့်ကျမှု၊ နက်နက်ရှိုင်းရှိုင်း အသိဉာဏ် အမှောင်ဖုံးမှုကို ကွင်းကွင်းကွက်ကွက် မီးမောင်းထိုးပြနေတာလည်း ဖြစ်ပါတယ်။

အခုလို မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင် ရှေ့နေကြီးဦးကိုနီတယောက် မြန်မာနိုင်ငံရဲ့ အိမ်အဝင်မုခ်ဝလို့ ပြောနိုင်တဲ့ လေဆိပ်မှာ လုပ်ကြံသတ်ဖြတ်ခံရတာကို ပြည်သူအများက ဘာကြောင့် ပူဆွေးကြရတာလဲ၊ နှမြောတသ လွမ်းဆွတ်ကြရတာလဲ ဆိုတဲ့အကြောင်းကို မြန်မာနိုင်ငံသားတိုင်း ရှင်းရှင်းလင်းလင်းသိဖို့ လိုအပ်ပါတယ်။

အတ္တစွဲအစွန်းမရောက်ဘဲ မတရားမှုနဲ့ အကြမ်းဖက်မှုကို လက်သင့်မခံကြတဲ့ မြန်မာနိုင်ငံသားတိုင်း ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရတဲ့အပေါ် ရင်ဘတ်ချင်းတူတဲ့ ခံစားချက်က ဥပဒေပညာရှင် ဦးကိုနီ ဆိုတဲ့ လူပုဂ္ဂိုလ်ကို နှမြောတသရတာထက် သူ့ရဲ့ ရှင်းလင်းမှန်ကန်တဲ့ နိုင်ငံရေးအမြင်ယုံကြည်ချက်နဲ့ မယိမ်းမယိုင် ပြတ်သားတဲ့ ရပ်တည်ချက်သဘောထား၊ နိုင်ငံရေးသတ္တိကိုပါပဲ။

ဆရာဦးကိုနီရဲ့ ရှင်းလင်းမှန်ကန်တဲ့ နိုင်ငံရေးအမြင် ယုံကြည်ချက်ဆိုတာကတော့ ၁၉၄၈ ခုနှစ်မှာ လွတ်လပ်ရေး ရပြီးကတည်းက လက်နက်ကိုင် အကြမ်းဖက်မှုတွေနဲ့ စစ်ကျိန်စာသင့်နေတဲ့ မြန်မာနိုင်ငံကို မျက်မှောက်ကာလမှာ တာရှည်ခံမယ့် စစ်မှန်တဲ့ ငြိမ်းချမ်းရေးရနိုင်ဖို့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံတနိုင်ငံ တည်ထောင်နိုင်ဖို့အတွက် အဓိကအကျဆုံးနဲ့ အကြီးမားဆုံး အဟန့်အတားဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပဲ ဆိုတာနဲ့ အာဏာရှင် စိတ်တိုင်းကျရေးဆွဲခဲ့တဲ့ အဲဒီအခြေခံဥပဒေကို ဖျက်သိမ်းပြီး ပြည်သူ့ဆန္ဒနဲ့အညီ အသစ်တဖန် ပြင်ဆင်ရေးသင့်ကြောင်းကို ဥပဒေကြောင်းရာ အချက်အလက်တွေနဲ မေ၀၀ါးဘဲ တိကျရှင်းလင်းစွာ သိမြင်တဲ့ နိုင်ငံရေးအမြင် ယုံကြည်ချက်ပါပဲ။

နောက်တခါ ဆရာဦးကိုနီရဲ့ ပြတ်သားတဲ့ ရပ်တည်ချက်သဘောထား၊ နိုင်ငံရေးသတ္တိက ဘာလဲဆိုတော့ အထက်မှာပြောခဲ့တဲ့ ပြည်သူအများစု လိုလားတဲ့ ဒီမိုကရေစီစနစ်ကို ဘယ်လိုမှ အာမခံမပေးနိုင်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံကို အမြန်ဆုံးပြင်ဆင်နိုင်ရေးအတွက် တိုက်တွန်း ဆော်သြရာမှာ မိမိအသက်ကိုတောင် မငဲ့ကွက်ဘဲ၊ အသိဉာဏ်အမှောင်ဖုံးနေတဲ့ အမည်းရောင် အင်အားစုတွေရဲ့ ဆဲဆိုခြိမ်းခြောက်မှုတွေကို ဂရုမထားဘဲ လူနည်းစု ဘာသာခြား ဖြစ်နေပေမယ့် ပြတ်သားစွာ တစိုက်မတ်မတ် ရေးသားပြောဆိုတိုက်တွန်းဝံ့တဲ့ နိုင်ငံရေးသတ္တိနဲ့ ရပ်တည်ချက် သဘောထား ဖြစ်ပါတယ်။

အဲဒီလိုမျိုး  မှန်ကန်တဲ့ နိုင်ငံရေးအမြင်၊ နိုင်ငံရေးသတ္တိနဲ့ ပြတ်သားတဲ့ ရပ်တည်ချက်ရှိသူ ဆိုတာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ထဲမှာတောင် များများစားစား မရှိပါဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဟံသာဝတီဦးဝင်းတင်တို့ ပြီးရင် ဆရာဦးကိုနီဟာ အထင်ရှားဆုံးပါပဲ။

အာဏာကို လက်မလွှတ်ချင်တဲ့ အခွင့်ထူးဆက်ခံလိုသူတွေက သူတို့ရဲ့ မတရား သိမ်းပိုက်ထားတဲ့ အာဏာပလ္လင်ကို လာလှုပ်သူတွေ၊ မတရားမှုကို ဆန့်ကျင်သူတွေကို အတွေးအမြင် အားနည်းပြီး လူမျိုးစွဲ၊ ဘာသာစွဲ ပြင်းထန်တဲ့ ပြည်သူတချို့နဲ့ ဘာသာရေးမှိုင်းတိုက်ပြီး သွေးခွဲမုန်းတီးစေခဲ့ပါတယ်။

ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဟာ ဗုဒ္ဓဘာသာကို အကာအကွယ်မပြုနိုင်သယောင် အတွေးအခေါ် အဆိပ်ခတ်ခဲ့ကြပါတယ်။ ဒါကြောင့်လည်း တချို့သော ဗုဒ္ဓဘာသာဝင်တွေက အစ္စလာမ်ဘာသာဝင်တဦးဖြစ်တဲ့ ဦးကိုနီရဲ့ နိုင်ငံ့အကျိုးအတွက် ပြောကြားချက်တွေအပေါ် အမှန်အတိုင်း မမြင်နိုင်ဘဲ မျိုးစောင့်ဥပဒေတို့၊ အချုပ်အခြာအာဏာတို့၊ မွတ်ဆလင်နိုင်ငံ ဖြစ်လိမ့်မယ်တို့ စတဲ့ အကျိုးအကြောင်း မဆီလျော်တဲ့ သည်းခြေကြိုက်စကားလုံးတွေနဲ့ လမ်းမှားကို ပို့ခဲ့ကြတယ်။

တကယ်တော့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုစနစ်အောက်မှာ လူမျိုးတိုင်း လူမျိုးတိုင်း၊ ကိုးကွယ်ရာဘာသာတိုင်းဟာ မျှမျှတတနဲ့ တရားဥပဒေနဲ့အညီ အကာအကွယ် အစောင့်အရှောက်တွေရလို့ နိုင်ငံသားတိုင်း ငြိမ်းချမ်းစွာ အတူယှည်တွဲနေထိုင်လို့ သဟဇာတကျကျ ချစ်ချစ်ခင်ခင် နေနိုင်ပါတယ်။

ဘယ်လူ့အဖွဲ့အစည်းမှာမဆို အဖြူရောင်အင်အားစုနဲ့ အမည်းရောင်အင်အားစုတွေဆိုတာ ထာဝစဉ် ဒွန်တွဲတည်ရှိလေ့ရှိပါတယ်။ အခြေခံသဘာဝအားဖြင့်တော့ အဖြူရောင် အင်အားစုတွေဟာ နိုင်ငံရေးအာဏာဆိုတဲ့ ပြည်သူအများစုရဲ့ အသိဉာဏ်နဲ့ယှဉ်တဲ့ ယုံကြည်ကိုးစားမှုကို စွန့်လွှတ်အနစ်နာခံခြင်းတွေနဲ့ သိမ်းပိုက်လေ့ရှိပါတယ်။ အဲဒါနဲ့ ဆန့်ကျင်ဘက် အမည်းရောင်အင်အားစုတွေကတော့ အာဏာနိုင်ငံရေးဆိုတဲ့ လုပ်ပိုင်ခွင့်၊ အုပ်ချုပ်ပိုင်ခွင့်၊ အခွင့်ထူးခံခွင့်၊ ဗိုလ်ကျပိုင်ခွင့်တွေ ရယူပိုင်ဆိုင်ဖို့ မိုက်မဲရမ်းကားပြီး လက်နက်အားကိုးနဲ့ သော်လည်းကောင်း၊ အကြမ်းဖက်၍သော် လည်းကောင်း အရယူလေ့ရှိကြပါတယ်။

NLD ရဲ့ ဥပဒေအကြံပေး ဦးကိုနီကို လုပ်ကြံသတ်ဖြတ်တာဟာ အပြင်ပန်းက ကြည့်ရင် လူမျိုးရေး၊ ဘာသာရေး အစွန်းရောက်မှုကြောင့် အမုန်းတရားနဲ့ အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်ခဲ့တာလို့ မြင်ရပေမယ့် အဲဒီလူမဆန်တဲ့ လုပ်ရပ်အဖြစ်အပျက်ရဲ့ တကယ့် အနှစ်သာရဟာ မြန်မာပြည်သူအများစုရဲ့ ရည်မှန်းချက်အိပ်မက်ဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စရပ်ကြီးကို ဖျက်ဆီးလိုတဲ့ စေတနာရည်ရွယ်ချက်ဆိုးက မြစ်ဖျားခံလာတာ ဖြစ်တယ်။

တနည်းအားဖြင့်ပြောရရင်... ဒီလူသတ်မှုဟာ... ပြည်သူလုထုရဲ့ဆန္ဒကို နှိပ်ကွပ် သတ်ဖြတ်လိုရင်းသာ ဖြစ်တယ်။ အနှစ်သာရအားဖြင့် ဖက်ဒရယ်ပြည်ထောင်စု ဒီမိုကရေစီစနစ်ကို ဖော်ဆောင်မပေးနိုင်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတရပ်လုံးကို ပြင်ဆင်ဖို့ လိုတယ်ဆိုတာ ဥပဒေပညာရှုထောင့်ကနေ ပြည်သူတွေကိုယ်စား တစိုက်မတ်မတ် ပြောလာခဲ့တဲ့ ရှေ့နေကြီး ဦးကိုနီကို သတ်ဖြတ်တာဟာ မိဘပြည်သူအများစုရဲ့ဆန္ဒကို ဆန့်ကျင်ခြေဖျက်ဖို့ အားထုတ်ခြင်း ဖြစ်တယ်။

အရုဏ်ဦးနဲ့ ရောင်နီကို ကြိုနိုင်ဖို့ ကြယ်တွေကြွေရတတ်တယ်ဆိုပေမယ့် ဒီတခါ ကြွေတဲ့ ကြယ်ကြီးကိုတော့ နှမြောတသမိပါတယ်။ ဆရာဦးကိုနီဟာ ဆရာကြီးဟံသာဝတီဦးဝင်းတင်တို့လို ရှားပါးတဲ့ ထူးခြားလမ်းပြကြယ်ကြီးတလုံးမို့လို့ပါ။

ဘာသာခြားဆိုပေမယ့် ပညာ၊ ကိုယ်ကျင့်သီလ၊ နိုင်ငံရေးသတ္တိ၊ အမှန်တရားမြတ်နိုးမှု၊ ရိုးသာဖြောင့်မတ်မှု ဗဟုသုတ၊ စကားပြောစွမ်းရည်တွေနဲ့ ပြည့်စုံရုံမက နိုင်ငံရေးသစ္စာနဲ့ ရပ်တည်ချက် မှန်တယ်။ လွယ်လွယ်နဲ့ မရတတ်တဲ့လူမျိုးဆိုတော့ နိုင်ငံအတွက် နှမြော ဝမ်းနည်းမိတယ်။

လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံနဲ့ စုစည်းတည်ထောင်ထားတဲ့ ပြည်ထောင်စုနိုင်ငံတနိုင်ငံမှာ ငြိမ်းချမ်းသာယာဖို့နဲ့ ဒုဿီလနိုင်ငံရေးသမားတွေကို အမြစ်လှန်နိုင်ဖို့ဆိုရင် လူထုခေါင်းဆောင် ရှိနေရုံနဲ့ မလုံလောက်ဘူး။ အသိဉာဏ်ဦးစီးပြီး လူမျိုးရေး ဘာသာရေး အစွန်းမရောက်တဲ့၊ ကိုယ်ကျင့်သီလ အားကောင်းတဲ့၊ နိုင်ငံရေးသတ္တိကြီးကြီးရှိတဲ့ ဆရာဦးကိုနီတို့လို  ပြည်သူတွေ များများစားစား ရှိဖို့လိုတာမို့ သစ္စာဖြူပန်းတွေတပွင့်ကြွေရင် အပွင့်တကုဋေ ဝေလာပါလိမ့်မယ်။

ဒီမိုကရေစီလမ်းပြကြယ်သို့ ဦးညွှတ်အလေးပြုပါ၏။

ဆရာဦးကိုနီ ငြိမ်းချမ်းတဲ့ဘုံဘဝမှာ အနားယူနိုင်ပါစေ။

 

မင်းကောင်းချစ်

ဖေဖော်ဝါရီလ ၂ ရက်နေ့  ၂၀၁၇ ခုနှစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013