DVB Logo
Home
Lead Story
ဒေါ်နယ်လ်ထရမ့်ရဲ့ ကစားပွဲအဖွင့် ရွှေ့ကွက်များ
DVB
·
February 6, 2017
ဒေါ်နယ်လ်ထရမ့်ရဲ့ ကစားပွဲအဖွင့် ရွှေ့ကွက်များ
Donate to DVB

 

၂၀၁၇ ခုနှစ် ဇန်န၀ါရီလ ၂၀ ရက်နေ့က အမေရိကန်သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီး မကြာခင်မှာပဲ သမ္မတ ဒေါ်နယ်လ်ထရမ့်က အုပ်ချုပ်မှုဆိုင်ရာ အမိန့်အတော်များများကို လက်မှတ်ရေးထိုးလိုက်ပါတယ်။ သမ္မတရဲ့ အိမ်ဖြူတော်အရာရှိချုပ် ရိန်းစီး ပရီးစ်ဘတ်စ်က “အပ်နှင်းထားသည့် အာဏာအရ မကြာခင်ပြုလုပ်မည့် ပြန်လည်သုံးသပ်မှုအတွက် ရပ်ဆိုင်းထားမှု” ခေါင်းစဉ်နဲ့ အုပ်ချုပ်ရေးဌာနတွေနဲ့ အေဂျင်စီတွေရဲ့ အကြီးအကဲတွေကို မဆုံးဖြတ်ရသေးတဲ့ စီမံခန့်ခွဲမှုတွေကို ချက်ချင်းဆိုင်းငံ့ထားဖို့နဲ့ သတင်းပြန်ကြားရေးနဲ့ စည်းမျဉ်းစည်းကမ်းရေးရာ ဌာနကို အရေးပေါ်အခြေအနေတွေနဲ့ လတ်တလော အခြေအနေတွေကလွဲလို့ ထရမ့်ရဲ့ အုပ်ချုပ်ရေးက ရှိထားနှင့်တဲ့ စည်းမျဉ်းအရ စီမံဆောင်ရွက်မှုတွေကို ပြန်လှန်သုံးသပ်ပြီးစီးတဲ့ အချိန်အထိ ‘ဘာစည်းမျဉ်းထိန်းချုပ်မှုမှ မပေးပို့ဖို့’ လက်မှတ်ရေးထိုး ညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။

ဇန်န၀ါရီလ ၂၃ ရက်နေ့မှာတော့ ပစိဖိတ်ဒေသလွန်စီးပွားရေးမိတ်ဖက်အဖွဲ့ (TPP) ကနေ နုတ်ထွက်ပစ်ခဲ့တဲ့အတွက် နိုင်ငံအတော်များများက အံအားသင့်သွားခဲ့ရပါတယ်။ တကယ်တော့ တီပီပီအေ ဆိုတာက ပစိဖိတ်အ၀န်းအ၀ိုင်း နိုင်ငံတွေဖြစ်တဲ့ သြစတြေးလျ၊ ဘရူနိုင်း၊ ကနေဒါ၊ ချီလီ၊ ဂျပန်၊ မလေးရှား၊ မက်ဆီကို၊ နယူဇီလန်၊ ပီရူး၊ စင်ကာပူနဲ့ ဗီယက်နမ်နိုင်ငံတွေ ပါဝင်တဲ့ ၁၁ နိုင်ငံသဘောတူအဖွဲ့ဖြစ်ပြီး ကမ္ဘာ့စီးပွားရေးရဲ့ ၄၀ ရာခိုင်နှုန်းလောက်ကို လွတ်လပ်တဲ့ ကုန်သွယ်ရေးဇုန်တခုအဖြစ် ဖန်တီးလုပ်ကိုင်နေတဲ့ အဖွဲ့အစည်းတရပ်ဖြစ်လို့ အရေးပါတဲ့ အဖွဲ့အစည်းတရပ်လို့ ပြောလို့ရတဲ့ ကုန်သွယ်ရေးသဘောတူစာချုပ်အဖွဲ့တခု ဖြစ်ပါတယ်။ ဒါဟာ သမ္မတဟောင်း ဘားရတ်အိုဘားမားရဲ့ ခြေရာ လက်ရာတွေကို ဖျက်သိမ်းပစ်ဖို့ သူ့ရဲ့ ကြိုးပမ်းအားထုတ်မှု အစိတ်အပိုင်းတရပ်လို့လည်း ယူဆလို့ရပါတယ်။

ဇန်န၀ါရီလ ၂၄ ရက်က အေပီသတင်းဌာနရဲ့ သတင်းဖော်ပြချက်အရ သမ္မတ ကျမ်းသစ္စာ ကျိန်ဆိုပြီး မကြာခင်ကလေးမှာတင် စိုက်ပျိုးရေးဌာန စိုက်ပျိုးရေးသုတေသနလုပ်ငန်းလိုမျိုး တချို့အစိုးရအေဂျင်စီတွေကို အုပ်ချုပ်ရေးက ‘အသေးစိတ်တိကျသည့် ဥပဒေအရ ပိတ်ပင်မှုများ တားဆီးခြင်း’ ဆိုပြီး အီးမေးလ်တွေ ပေးပို့ခဲ့ပါတယ်။ စိုက်ပျိုးရေးဌာနကို သတင်းထုတ်ပြန်တာတွေ၊ အေဂျင်စီရဲ့ ဆိုရှယ်မီဒီယာတွေ ဒါမှမဟုတ် ဘလော့ဂ်တွေမှာ အချိန်နဲ့အညီ အသစ်တင်တာတွေကို ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။ အေပီရဲ့ ဖော်ပြချက်အရ စီမံအုပ်ချုပ်မှုပိုင်းရဲ့ နယ်ပယ်အတွင်းက ဆက်သွယ်ရေးတွေကို ကျယ်ကျယ်ပြန့်ပြန့် တင်းကျပ်တဲ့ တားဆီးမှု ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ပြောရမှာပါပဲ။ အုပ်ချုပ်ရေးက သတင်းအမှောင်ချလိုက်တာပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

အိမ်ဖြူတော် သတင်းထုတ်ပြန်ရေးမှူး ရှောင်းစပိုက်ဆာရဲ့ ဇန်နဝါရီလ ၂၅ ရက်နေ့က ရှင်းလင်းညွှန်ကြားမှုမှာ အီးမေးလ်တွေက အုပ်ချုပ်ရေးက လာခဲ့တာမဟုတ်တဲ့အကြောင်းနဲ့ “သူတို့ဟာ ကျနော်တို့က တခုခုလုပ်ဖို့ ညွှန်ကြားတာကို ခံကြရတာ မဟုတ်ပါဘူး။ ညွှန်ကြားချက်က ဒီကလာတာ မဟုတ်ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။ သမ္မတဟောင်းရဲ့ ရှိနှင့်ပြီး ဖြစ်တဲ့ အုပ်ချုပ်ရေးယန္တရားကို ပိုပြီး ဗဟိုထိန်းချုပ်မှုလုပ်ပြီး ကိုင်တွယ်လိုက်တဲ့သဘောပါပဲ။ ဒီမတိုင်ခင် ဇန်န၀ါရီလ ၂၃ ရက်နေ့တုန်းကလည်း ၀န်ထမ်းရေးရာ စီမံခန့်ခွဲမှုဌာနရဲ့ စီမံကွပ်ကဲမှုအောက်မှာ ရှိတဲ့ အစိုးရတဖွဲ့လုံးဆိုင်ရာ အရပ်ဘက်ဝန်ထမ်း ငှားရမ်းမှုကို ရပ်စဲလိုက်တဲ့အကြောင်း သမ္မတက ညွှန်ကြားခဲ့ပါသေးတယ်။ အဲဒီလို ရပ်စဲလိုက်တဲ့အတွက် သမ္မတသစ်က ခန့်ထားတဲ့ဌာနတွေဖြစ်တဲ့ အမျိုးသားလုံခြုံရေး၊ စစ်တပ်နဲ့ လူထုလုံခြုံရေးဌာနတွေကလွဲလို့ ဖက်ဒရယ်အေဂျင်စီတွေရဲ့ လစ်လပ်နေရာတွေမှာ ၀န်ထမ်းအစားထိုးခန့်ထားမှုတွေကို တားဆီးခံလိုက်တာပဲ ဖြစ်ပါတယ်။

ဇန်န၀ါရီလ ၂၅ ရက်နေ့မှာ ပြည်တွင်းလုံခြုံရေးဌာနကို သွားရောက်လည်ပတ်ခဲ့တဲ့ အချိန်မှာ သမ္မတဒေါ်နယ်လ်ထရမ့်က လူဝင်မှုကြိကြပ်ရေးနဲ့ နိုင်ငံသားဆိုင်ရာဥပဒေအောက်မှာရှိတဲ့ လုံခြုံသော စည်းရိုးဥပဒေနဲ့ တရားမ၀င်ဝင်ရောက်မှု၊ တရားမ၀င်ထုတ်ကုန်ပစ္စည်း မှောင်ခိုလုပ်ငန်း တွေကို တားဆီးဖို့အတွက် မက်ဆီကို နယ်စပ်တံတိုင်းတည်းဆောက်ဖို့အတွက် လိုအပ်တဲ့ ‘တရားမ၀င်ရွှေ့ပြောင်းနေထိုင်မှု ပြုပြင်ပြောင်းလဲရေးနှင့် ရွှေ့ပြောင်းနေထိုင်သူတာဝန်ရှိမှု ဥပဒေ’ ကို လက်မှတ်ရေးထိုးပေးခဲ့ပါတယ်။

ဒီမက်ဆီကို အမေရိကန် နယ်စပ် တံတိုင်းဟာ ၂၀၁၆ ခုနှစ် မှာဒေါ်နယ်လ်ထရမ့်ရဲ့ ခန့်မှန်းချက်အရ မေရိကန်ဒေါ်လာ ၁၀ ဘီလျံ ကနေ ၁၂ ဘီလျံအထိကုန်ကျနိုင်ပြီး ဇန်န၀ါရီလ ၂၇ ရက်နေ့ထိ နောက်ဆုံးခန့်မှန်းချက်အရ ဒေါ်လာ ဘီလျံ ၂၀ ကုန်ကျမယ်လို့ဆိုပါတယ်။ အဲဒီကုန်ကျ စရိတ်ကို အဦးအစ စိုက်ထုတ်ရမှာကတော့ ကွန်ဂရက် ကပဲဖြစ်ပါတယ်။ ထရမ့်ကတော့ နောက်ဆုံး ညှိနှိုင်းဆွေးနွေးမှုလုပ်ပြီးရင် မက်ဆီကိုနိုင်ငံက ရင်းစားပြန်ရယူရမယ်လို့ စီစဉ်ထားတာပါ။ ဒါပေမယ့် သူသမ္မတဖြစ်ပြီးလို့ တံတိုင်းတည်ဆောက်ရေး အမိန့်ပေးတဲ့အချိန်မှာ မက်ဆီကို သမ္မတက သူတို့နိုင်ငံက လုံးဝကုန်ကျခံလိမ့်မယ် မဟုတ်ဘူးလို့ တုံ့ပြန်ပြောဆိုခဲ့တာ တွေ့ရပါတယ်။ တကယ်လို့များ အဲဒီနယ်စပ်တံတိုင်းကို ဒေါ်လ်နယ်ထရမ့်ပြောသလို တည်ဆောက်မယ် ဆိုရင်တော့ အမေရိကန်ပြည်သူလူထု မိသားစုတွေနဲ့ အသေးစားလုပ်ငန်းတွေအပေါ် အကောက်ခွန်တွေ အမေရိကန်ဒေါ်လာ ၁ ထရီလျံ ထက်ပိုပြီး  ၁၀ ကျော်ကြာ တိုးများလာမယ်လို့ ခန့်မှန်းရတယ်လို့ဆိုပါတယ်။ တံတိုင်းတည်ဆောက်ရေးဟာ တကယ်ပဲဖြစ်လာမလား ဘယ်လို ဆန့်ကျင်မှုတွေ တွေ့ကြုံလာရ နိုင်ပြီးဘာဖြစ်လာအုံးမယ်ဆိုတာကတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

ဇန်န၀ါရီလ ၂၇ ရက်နေ့မွန်းလွဲ  ၄း၄၂ မှာတော့ ဒေါ်နယ်လ်ထရမ့်က ‘နိုင်ငံကို နိုင်ငံခြားသား အကြမ်းဖက်တိုက်ခိုက်မှုများမှ ကာကွယ်ရေး’လို့ နာမည်ပေးထားပြီး အမေရိကန် ပြည်ထောင်စု ဒုက္ခသည်လက်ခံရေးအစီအစဉ်ကို ယာယီဆိုင်းငံ့စေလိုက်တဲ့ အုပ်ချုပ်ရေးအမိန့် ၁၃၇၆၉ ကို လက်မှတ်ရေးထိုးပေးခဲ့ပါတယ်။

အဲဒီအမိန့်ကြောင့် အီရတ်၊ အီရန်၊ လစ်ဗျား၊ ဆိုမာလီယာ၊ ဆူဒန်၊ ဆီးရီးယားနဲ့ ယီမင် နိုင်ငံတွေက နိုင်ငံသားတွေရဲ့အမေရိကန်နိုင်ငံတွင်းဝင်ရောက်မှုကို သုံးလတာ ရပ်ဆိုင်းသွားစေခဲ့ပါ တယ်။ဆီးရီးယား ဒုက္ခသည်တွေအတွက်ကတော့ အချိန်ကာလအရ မပြောနိုင်တဲ့ကာလအထိ ဆိုင်းငံ့သွားမှာ ဖြစ်ပါတယ်။ ဒီအမိန့်ထွက်ပြီးတာနဲ့ အမေရိကန်ပြည်ထောင်စုတ၀ှမ်းက လေဆိပ်တွေနဲ့ တခြားနေရာတွေမှာ ထောင်သောင်းချီတဲ့ လူတွေဆန္ဒပြ ကန့်ကွက်ခဲ့ကြသလို သမ္မတဟောင်း အိုဘားမား၊ အမေရိကန် အစ္စလာမ် ဆက်ဆံရေးကောင်စီ၊ ပြည်နယ် ၁၂ ပြည်နယ်ကျော်က ရှေ့နေချုပ်တွေ၊ ပညာရှင်တွေ၊ ပညာရှင်တွေ၊ နိုဘဲလ်ဆုရှင်တွေ အပါအ၀င် ဒီမိုကရက်အများစုနဲ့ ထိပ်တန်းရီပတ်ဗလစ်ကန် ကွန်ဂရက်အမတ်တွေနဲ့ အီရန်၊ ပြင်သစ်၊ ဂျာမဏီနိုင်ငံတွေက နည်းပညာကုမ္မဏီတွေက ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။ ဗြိတိန်နိုင်ငံမှာလည်း ကန့်ကွက်သူပေါင်း ၈၀၀၀၀၀ ကျော်ရှိခဲ့တာကို တွေ့ခဲ့ရ ပါတယ်။

အမေရိကန် စက်မှုကုမ္ပဏီကြီးတွေကို ပြည်ပမှာအခြေမစိုက်ဘဲ ပြည်တွင်းမှပဲ အခြေစိုက်ဖို့ တကယ်လို့ ပြည်ပမှာဆက်အခြေစိုက်ခဲ့ရင် အခွန်အကောက်တိုးပြီး ကောက်ခံမှာ ဖြစ်သလိုအစိုးရ မျက်နှာသာပေးမှုကို မရရှိနိုင်ဘူလို့ပြောခဲ့တဲ့ သမ္မတသစ် ဒေါ်နယ်လ်ထရမ့်ရဲ့ အပြောတွေဟာ အရင်က ကမ္ဘာ့နိုင်ငံရေးမှာလူပြောသူပြောများ အပြောခံခဲ့ရတဲ့ ကိုယ်ကျိုးစီးပွား ကာကွယ်ရေး လမ်းကြောင်းအတိုင်းပြန်သွားဖို့ တာစူနေတာလားလို့လည်း စဉ်းစားစရာရှိလာပါတယ်။ အမေရိကန်နိုင်ငံရဲ့ကြီးကျယ် မြင့်မားမှုကိုပဲ အလေးအနက်ထားပြီး ကျန်တဲ့ ကမ္ဘာ့နိုင်ငံတွေနဲ့ ပြည်သူလူထုတွေ ကြုံတွေ့နေရတဲ့ ဆင်းရဲဒုက္ခတွေ၊ ဖိစီးနှိပ်စက် မတရားပြုခံရမှုတွေ၊ လူ့ အခွင့်အရေးချိုးဖောက်ခံရမှုတွေကို မျက်နှာလွှဲခဲပစ်လုပ်မယ့် မူဝါဒတွေကိုပဲ ချမှတ်ဆောင်ရွက်တော့ မှာလား။ ဒါတွေဟာ အမေရိကန်ပြည်ထောင်စုက ပြည်သူလူထုတွေသာမဟုတ်ဘဲ နိုင်ငံတကာ ပြည်သူလူထုတွေပါ စဉ်းစားသုံးသပ်ရမယ့် ကိစ္စဖြစ်လာနေပါပြီ။

အမေရိကန်ဟာ ဒီကနေ့ တခုတည်းသော မဟာအင်အားကြီး နိုင်ငံဖြစ် နေတဲ့အတွက် သူ့နိုင်ငံရဲ့အုပ်ချုပ်ရေးနဲ့အခြေခံသဘောတရား၊ နိုင်ငံခြားရေးမူဝါဒ စတာတွေဟာ တခြားကမ္ဘာ့ နိုင်ငံအားလုံးအတွက်ပါ သက်ရောက်မှု ရှိလာမယ်ဆိုတာကတော့ ဒီကနေ့ပြောင်းလဲလာတဲ့ ကမ္ဘာ့နိုင်ငံရေး အပြောင်းအလဲ၊ ပထ၀ီနိုင်ငံရေးအရ အဆက်အစပ် သက်ရောက်မှုတွေကို ထည့်သွင်း စဉ်းစားရမယ်။ သတိထားရမယ် ဆိုတာကိုတော့ နိုင်ငံရေးဆိုတာကို နားလည်သိရှိပြီး ဖြစ်တဲ့ စာဖတ်သူတွေ နားလည်ထားရှိပြီး ဖြစ်ပါလိမ့်မယ်။

ကျနော်အထက်မှာ တင်ပြခဲ့ပြီးဖြစ်တဲ့ အကြောင်းအရာတွေမှာ မပါသေးတဲ့ အကြောင်းအရာ တရပ်ကို ဥပမာပြရရင် အမေရိကန် အထက်လွှတ်တော် လူနည်းစုခေါင်းဆောင် နန်စီ ပယ်လ်စီ မကြာခင်က ထရမ့်ရဲ့လုပ်ရပ်တခုနဲ့ပတ်သက်ပြီး “အခုဆို နိုင်ငံခြား အင်ဂျီအိုတွေဟာ အမေရိကန်ရဲ့ နိုင်ငံရပ်ခြား ကူညီပံ့ပိုးမှုတွေ ရရှိဖို့ အမျိုးသမီးတွေကို မပြည့်စုံတဲ့ ဆေးဖက်ဆိုင်ရာ သတင်းအချက်အလက်၊ အကြံဉာဏ်နဲ့စောင့်ရှောက်မှုတွေကိုပဲ ပေးအပ်ဖို့ တွန်းအားပေးတာကို ခံနေရပါပြီ၊ နောက်ဆုံးရောက်လာတာကတော့ ကမ္ဘာတ၀ှမ်းကိုယ်ဝန်ရယူရေး စည်းမျဉ်းဥပဒေသ က ကမ္ဘာတ၀ှမ်းလုံးမှာ မိသားစုစီမံကိန်းကို ရယူသုံးစွဲခွင့်ကို လျှော့နည်းကျဆင်းသွားစေခဲ့ပြီ ဆိုတာပါပဲ။ လေ့လာမှုအဆင့်ဆင့်အရ အမျိုးသမီးတွေဟာ သန္ဓေတားဆေးလိုဟာမျိုးတွေကို ရယူနိုင်တဲ့ မိသားစုစီမံကိန်း ၀န်ဆောင်မှုတွေနဲ့ ထောက်ပံ့ပစ္စည်းတွေကို များများရရှိနိုင်လေ ကလေးဖျက်ချမှု ဖြစ်ရပ်မျိုးတွေကို လျော့နည်း သွားစေလေပဲဆိုတာပါပဲ” လို့ ပြောကြားခဲ့ပါတယ်။

ပြောလိုရင်းကတော့ အမေရိကန်သမ္မတသစ် မစ္စတာဒေါ်နယ်လ်ထရမ့် ရက် ၉၀ အတွင်းဆောင်ရွက်လာမယ့်၊ ခုသမ္မတအဖြစ်တာဝန်ယူယူခြင်း သူ့ရဲ့သမ္မတ အုပ်ချုပ်ရေး အာဏာကို သုံးစွဲလိုက်တဲ့ ကိစ္စတွေဟာ အမှန်များသလား အမှားများသလား။ တကမ္ဘာလုံးက ပြည်သူလူထုတွေအတွက်ရော ကောင်းကျိုးဆိုးပြစ် ဘယ်လိုဖြစ်လာမယ် ဆိုတာကို မကြာမတင် တွေ့မြင်လာရတော့မှာဖြစ်ပါတယ်။   

စိုးနေလင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013