DVB Logo
Home
မြန်မာသတင်း
အလုပ်သမားတဦး၏ခေါင်းကို ကန်ကျောက်ခဲ့သူ တရုတ်လူမျိုး စက်ရုံတာဝန်ခံအား အမှုဖွင့်
DVB
·
February 6, 2017
အလုပ်သမားတဦး၏ခေါင်းကို ကန်ကျောက်ခဲ့သူ တရုတ်လူမျိုး စက်ရုံတာဝန်ခံအား အမှုဖွင့်
Donate to DVB

တရုတ်လူမျိုး စက်ရုံတာဝန်ခံတဦးက မြန်မာအလုပ်သမားတဦးရဲ့ ခေါင်းကို ခြေထောက်နဲ့ ကန်လိုက်တာကို မကျေနပ်လို့ အလုပ်သမားတွေက လှိုင်သာယာမြို့နယ်၊ အမှတ် ၆ ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။

ဖေဖော်ဝါရီ ၄ ရက် မနက်က လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန်ထဲက ဟန်ကျိုးပိုင်ရီ အထည်ချုပ်စက်ရုံမှာ စက်ရုံမန်နေဂျာ တရုတ်လူမျိုးတဦးက ထမင်းချက်အလုပ်သမားကို အလုပ်ချိန်ပြင်ပမှာ ကန်ကျောက်ခဲ့တာလို့ ကိုယ်ထိလက်ရောက် စော်ကားခံရတဲ့ ထမင်းချက်အလုပ်သမား ကိုကျော်ဇင်သက်က ပြောပါတယ်။

“သူက တံခါးလာဖွင့်ပြီးတော့ ကျနော့်ရဲ့ငယ်ထိပ်ကို ခြေထောက်နဲ့ကန်တယ်။ အဲဒီလိုကန်လိုက်တဲ့အချိန်မှာ ကျနော်က ဘာဖြစ်မှန်းမသိဘူး။ မိန်းကလေးတွေက ဝိုင်းအုံလာပြီး အော်တော့မှ သူမှန်း သိတာပေါ့နော်။ ကျနော့်ကို အပြစ်မရှိဘဲ ဒီလိုကန်တယ်။ ကျနော် မကျေနပ်ဘူး။ ကျနော် ဘာလုပ်ထားလဲဆိုတော့ ရုံးမှာ တိုင်ချက်ဖွင့်ထားတယ်။ တိုင်ချက်ဖွင့်ပြီးပြန်လာတော့ ဒေါ်ကြည်ကြည်လှိုင်ဆိုတဲ့ အဒေါ်တယောက်က လာသွားတယ်။ ဒီအမှုကို ပြန်ပိတ်ပေးဖို့အတွက် သူတို့က တောင်းဆိုပါတယ်။ ဒါပေမယ့် ကျနော် လက်သင့်မခံနိုင်ဘူး။”

ဟန်ကျိုးပိုင်ရီ အထည်ချုပ်စက်ရုံ အလုပ်သမားရဲ့ ငယ်ထိပ်ကို ခြေထောက်နဲ့ ကန်ခဲ့တာကြောင့် ပြန်လည်တောင်းပန်ဖို့ အလုပ်သမားတွေက တောင်းဆိုခဲ့ပေမယ့် စက်ရုံတာဝန်ခံက ငြင်းဆန်ခဲ့ပါတယ်။

မတောင်းပန်တဲ့အတွက် အလုပ်ရှင်နဲ့ အလုပ်သမားအကြား အခြေအနေတွေ ပိုမိုတင်းမာခဲ့တာလို့ စက်ရုံအလုပ်သမားတဦးဖြစ်တဲ့ အော်ပရေတာ ကိုစိုးသက်ပိုင်က ဆိုပါတယ်။

“သူတို့ဘက်ကလည်း မှားသေးတယ်။ ကိုယ်တွေကိုလည်း မှားတယ်လို့ သူတို့က ပြောချင်သေးတယ်။ ဒါပေမယ့် သူတို့ဘက်ကမှားတာကို သူတို့အမှားကို လုံးဝ ဝန်မခံဘူး။ သူတို့ဘက်က အမှားကို ဝန်ခံလိုက်ပြီဆိုရင် ကိုယ်တွေဘက်က ဘာမှ ဖြစ်စရာအကြောင်း မရှိပါဘူး။”

အခုဖြစ်စဉ်မတိုင်ခင်ကတည်းက ဟန်ကျိုးပိုင်ရီ အထည်ချုပ်စက်ရုံက နိုင်ငံခြားသား အလုပ်ရှင်တွေနဲ့ ပညာရှင်တွေက စက်ရုံအလုပ်သမားတွေကို တိုက်ရိုက်အုပ်ချုပ်တာတွေနဲ့ ဆဲဆိုကြိမ်းမောင်းတာတွေ ရှိနေတာကြောင့် လက်ရှိအချိန်မှာ အလုပ်ရှင်နဲ့ အလုပ်သမား အငြင်းပွားမှုတွေ ဖြစ်ပွားနေတာပါ။

ဒီအမှုကို လာမယ့် ဖေဖော်ဝါရီ ၆ ရက်မနက် လှိုင်သာယာမြို့နယ် တရားရုံးမှာ စစ်ဆေးသွားဖို့ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013