DVB Logo
Home
မေးမြန်းခန်း
သမ္မတက… စစ်ဆင်ရေးရပ်ဖို့ ပြောကြားပေမယ့် စစ်တပ်တွေ… အလုံးအရင်းနဲ့ ၀င်လာတုန်းပါပဲ
DVB
·
December 13, 2011
Donate to DVB

ကချင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်အနေနဲ့ ထိုးစစ်တွေရပ်ဖို့ သမ္မတဦးသိန်းစိန်က ကာကွယ်ရေးဦးစီးချုပ်ထံ စာပို့ထားပေမယ့် ကချင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပြီး မြန်မာစစ်တပ်ဘက်က တပ်အင်အားတွေ တိုးချနေတယ်လို့ သိရပါတယ်။

ကေအိုင်အိုပြောခွင့်ရ ဦးလနန်းကို မေးမြန်းချက်။

ကချင်ပြည်နယ်ထဲမှာ ထိုးစစ်တွေရပ်ဖို့ စာထုတ်တယ်ဆိုတော့  ဦးလနန်းတို့ စာအပေါ် ဘယ်လိုသဘောထားပါလဲ။

“အဲဒါသူတို့တွင်းမှာတော့ ထုတ်ချင်ထုတ်မှာပါ။ ဒါပေမယ့် သူတို့ဒီကိစ္စကို နိုင်ငံတကာကနေပြီးတော့ တရားဝင် တည်ရှိအောင်လုပ်တာမျိုးတော့ ခုထိတော့ မတွေ့ရသေးဘူး။ ဆိုလိုတာက သတင်းစာမှာ ထည့်ပြီး ဖော်ပြထာမျိုး၊ တီဗွီထဲမှာ ထည့်ပြီးကြေညာတာမျိုး မတွေ့ရသေးဘူး။ ဒါပေမယ့် အဲဒီကိစ္စတွေကို တရားဝင် မဟုတ်ဘဲနဲ့ တခြားနည်းလမ်းနဲ့ လူထုတွေအားလုံးကို သိရှိအောင်၊ နောက်ပြီးတော့ နိုင်ငံတကာကလည်း သိရှိအောင်ဆိုပြီး လုပ်နေတယ်လို့ မြင်ရတယ်ခင်ဗျ။ ဒီကိစ္စက သူတို့အတွင်းမှာပဲ စောင့်ကြည့်ရမှာပါ။ သမ္မတရေးတဲ့စာပေါ်မှာ စစ်တပ်ကနေပြီးတော့ တကယ်ပဲ လိုက်လိုက်လျောလျောနဲ့ သမ္မတရဲ့ ပေးစာပေါ်မှာ သူတို့လက်ခံမလားဆိုတာ စောင့်ကြည့်ရမယ်။ ဘာကြောင့်လဲဆိုတော့ သူတို့သမ္မတလည်း ရေးထားတဲ့စာကတော့ ဒီဇင်ဘာ ၁၀ ရက် နေ့စွဲနဲ့ဆိုတာ သိရတယ်။ ဒါပေမယ့် အဲဒီနောက်ပိုင်းမှာကို တိုက်ပွဲတွေက ဆက်ဖြစ်နေတာပဲ။ အခုလည်း တပ်မဟာ ၃ ဘက်မှာ တိုက်ပွဲက ဖြစ်နေတုန်းပဲ။”

တပ်မဟာ ၃ ဘက်မှာ မနေ့ကဆိုရင် လေးငါးနာရီကြာ တိုက်ပွဲကြီး ဖြစ်နေတယ်လို့တောင်​ ​ကြားတယ်။ အဲဒီနောက်ဆက်တွဲက ဘာကြားပါသေးလဲ။

“အဲဒီတိုက်ပွဲရဲ့ နောက်ဆက်တွဲအနေနဲ့ ဒီနေ့မနက် တိုက်ပွဲပြန်ဖြစ်နေပြီ။ သူတို့ထဲကနေ ထိုးစစ်လုပ်ဖူးတဲ့ သူတို့ရှေ့တန်းမှာရှိတဲ့ အချင်းချင်း ညွှန်ကြားချက် ကျနော်တို့ရထားတယ်။ အခုလောက်ဆိုရင် တိုက်ပွဲပြင်းထန်နေပြီ။”

သမ္မတက ကာကွယ်ရေး ဦးစီးချုပ်ကို ထိုးစစ်မလုပ်ဖို့ စာပို့တယ်လည်း သတင်းကြားတယ်။ တဖက်ကလည်း အခု ထိုးစစ်ဆင်နေတယ်ဆိုတော့ အဲဒီအပေါ်မှာ ဦးလနန်းတို့ ဘယ်လိုမြင်လဲ။

“အဲဒီအချက်ပေါ်မှာ တိုက်ရိုက်သုံးသပ်လို့မရဘူး။ ဒါပေမယ့် အခုဖြစ်ပျက်နေတဲ့ ဖြစ်အင်ကို ကြည့်တဲ့အခါမှာ တောထဲက စစ်တပ်တွေက မြန်မာပြည်အောက်ပိုင်းက စစ်တပ်တွေက ကချင်ပြည်နယ်ထဲကို အလုံးအရင်းဝင်လာဆဲပါပဲ။ ​မနေ့ကလည်း မြစ်ကြီးနားကို ရထားနှစ်စီးနဲ့ဝင်လာတယ်။ နောက်ပြီးတော့ ဗန်းမော်ဘက်ကိုလည်း မန္တလေးကနေ ရေလမ်းကနေ သင်္ဘော ၂ စီးနဲ့လာတယ်။ သင်္ဘော ၂ စီးအပြင် နောက်သင်္ဘော ၁ စီးပါသေးတယ်။ အဲဒီသင်္ဘော ၁ စီးမှာတော့ စက်ယန္တရားတွေ မိုးကာနဲ့​ အုပ်ထားပြီး​ ပါလာတာ တွေ့တယ်။ နောက်ပြီး ရှမ်းပြည်ဘက်ကလည်း လားရှိုးဘက်ကနေ မူဆယ်၊ နမ့်ခမ်းဘက်ကို သူတို့တပ်တွေ စကခ (၁၀) က ၁၀၇ တပ်ရင်းကိုပို့တယ်။ ထူးခြားချက်​ တခုကဘာလဲဆိုတော့ အခုနောက်ပိုင်း တက်လာတဲ့ တခြားတပ်မတွေက တခြား စကခက တပ်ဖွဲ့ဝင်တွေ​ အားလုံး ကချင်ပြည်နယ် မြောက်ပိုင်းတိုင်းရဲ့ ဒေသခံတံဆိပ်တွေ ယူနီဖောင်းမှာ တခါတည်း​ ကပ်ပြီးတော့ တက်လာတာမျိုး​ ​တွေ့ရတယ်။ ဒါကို​ ​ကြည့်ခြင်းအားဖြင့် သူတို့ဘက်မှာ ဘာတွေ​ လုပ်ဆောင်နေတယ်ဆိုတာ သိပ်ပြီး​ စဉ်းစားရမယ့်အပိုင်း အများကြီး​ ရှိလာတယ်။ သမ္မတကနေ ထိုးစစ်မလုပ်ဘူး။ စစ်ဆင်ရေးရပ်ဖို့ ပြောကြားပေမယ့် ဒီမှာ စစ်တပ်တွေ တက်လာတဲ့​ အရှိန်ကတော့ မလျှော့သေးပါဘူး။ အလုံးအရင်းနဲ့ ၀င်လာတုန်းပါပဲခင်ဗျ။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013