
မြန်မာနိုင်ငံရဲ့ ဘဂါင်္လီအရေးကိစ္စကို နိုင်ငံတကာအရေး ဖြစ်အောင်လုပ်နေတဲ့ ဘယ်ကြိုးစားအားထုတ်မှုကိုမဆို ထောက်ခံမှာမဟုတ်ဘူးလို့ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒက်တက်ဟို ဟွန်ဆန်က ပြောကြားလိုက်ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ရှိ ငြိမ်းချမ်းရေးနန်းတော်မှာ မြန်မာနိုင်ငံသမ္မတဦးထင်ကျော်နဲ့ တွေ့ဆုံစဉ်အတွင်း ဝန်ကြီးချုပ်က ကမ္ဘောဒီးယားနိုင်ငံရဲ့ သဘောထားကို ပြောခဲ့တာလို့ အစည်းအဝေးပြီးနောက် ကမ္ဘောဒီးယား ပြန်ကြားရေးဝန်ကြီးဖြစ်သူ ခီရူကန်ဟာရစ်သ်က သူ့ရဲဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားကြောင်း ဆင်ဟွာသတင်းမှာ ဖော်ပြပါတယ်။
“ဘဂါင်္လီအရေးကိစ္စကို နိုင်ငံတကာကိစ္စလို လုပ်ဆောင်ဖို့ ကြိုးစားနေတဲ့ ဘယ်ကိစ္စကိုမဆို ကျနော်တို့အနေနဲ့ သဘောတူမှာ မဟုတ်ဘူး၊ ဒီအရေးကိစ္စကို မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးအဖြစ်ပဲ စဉ်းစားရမှာဖြစ်တယ်။ အာဆီယံ (အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့) ရဲ့ လုပ်ပိုင်ခွင့်ကလည်း အဖွဲ့ဝင်နိုင်ငံတွေမှ အခြားအဖွဲ့ဝင်နိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမှ တားမြစ်ထားတယ်” လို့ ဝန်ကြီးချုပ်က မြန်မာနိုင်ငံသမ္မတကို ပြောကြားတဲ့စကားကို ညွှန်းဆိုပြီး ပြန်ကြားရေးဝန်ကြီးက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ဘဂါင်္လီလူမျိုးတွေကို မြန်မာစစ်တပ်က သတ်ဖြတ်နေတယ်လို့ မြန်မာအစိုးရကို ဝေဖန်နေကြပြီး မြန်မာအစိုးရကလည်း ဒီစွပ်စွဲမှုကို ငြင်းဆန်ထားတာပါ။
အစည်းအဝေးအတွင်းမှာ နှစ်နိုင်ငံခေါင်းဆောင် ၂ ဦးတို့ဟာ ခရီးသွားရေးဝန်ဆောင်မှု၊ ပညာရေးလုပ်ငန်းတွေနဲ့ပတ်သက်တဲ့ ၂ နိုင်ငံ ကုန်သွယ်ရေး ပိုမိုတိုးတက်ဖို့ ကတိကဝတ်ပြုကြတယ်လို့လည်း သိရပါတယ်။
ကမ္ဘောဒီးယားဘုရင် နိုရိုဒုမ်သီဟမိုနီရဲ့ ဖိတ်ကြားချက်အရ မန်မာသမ္မတဟာ ဖေဖော်ဝါရီ ၃ ရက်နေ့ကနေ ၇ ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံကို နိုင်ငံတော်အဆင့် အလည်အပတ် ရောက်ရှိနေတာပါ။











