DVB Logo
Home
မေးမြန်းခန်း
ထပ်လွှတ်ပေးမယ်လို့ မျှော်လင့်နေပါတယ်
DVB
·
December 12, 2011
ထပ်လွှတ်ပေးမယ်လို့ မျှော်လင့်နေပါတယ်
Donate to DVB
ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း အစိုးရက ဖွဲ့စည်းပေးခဲ့တဲ့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ယုံကြည်ချက်ကြောင့် အကျဉ်းကျသူတွေကို အစိုးရက ထပ်လွှတ်ပေးဖို့​ ​မျှော်လင့်နေတယ်လို့ ပြောပါတယ်။ ​လောလောဆယ် ကော်မရှင်က ကချင်ပြည်နယ်က စစ်ပြေးဒုက္ခသည်တွေရဲ့ အခြေအနေကို လေ့လာခဲ့သလို၊ အကျဉ်းထောင်တွေက လူ့အခွင့်အရေး အခြေအနေတွေကိုလည်း​ ​လေ့လာသွားမယ်လို့​ ​ပြောပါတယ်။ ကော်မရှင်ရဲ့​ အဖွဲ့ဝင်တဦးဖြစ်တဲ့​ ​ဒေါက်တာ ဒေါ်သန်းနွဲ့ကို​ ​မေးမြန်းထားပါတယ်။ လူ့အခွင့်အရေးကော်မရှင်က ဘယ်လုပ်ငန်းတွေကို အဓိက ဦးစားပေး လုပ်နေပါသလဲ။ “နံပါတ်တစ်ကတော့  တဦးချင်းရဲ့ တိုင်ကြားချက်တွေပေါ့။ အဲဒါတွေကိုတော့ ဆရာမတို့က နေ့တိုင်း ကိုင်ပြီးတော့လေ လုပ်စရာရှိတာတွေလုပ်၊ ဆက်ပို့စရာ  ရှိတာတွေပို့တယ်၊ သူတို့ဆီ အကြောင်းပြန်စရာရှိတာတွေ ပြန်တယ်ပေါ့နော်။ ပညာပေးရေးပေါ့။ တင်လာတဲ့ဟာတွေ တချို့ကလေ လူ့အခွင့်အရေးနဲ့ မဆိုင်တာတွေပေါ့ သူတို့ တဦးချင်းအခွင့်အရေးတွေ၊ မိသားစုအရေးတွေလည်း ပါတယ်ဆိုတော့ သတင်းစာမှာ ဆရာမတို့က ဘာတွေ မပါဘူး ပါတယ်လို့ အကြမ်းဖျင်းပြောထားသော်လည်းပဲ သူတို့ နားမလည်ဘူးပေါ့။ အဲဒီတော့ လူ့အခွင့်အရေးဆိုတာ ဘာလဲဆိုတာ သိဖို့ သင်တန်းတွေ လုပ်ဖို့လည်း ကျမတို့ အစည်းအဝေးတွေ လုပ်နေတယ်။ ယူနီဆက်တို့ ဘာတို့နဲ့လည်း ညှိနှိုင်းနေပါတယ်။ “နောက်ပြီးတော့ တကယ်တမ်း နိုင်ငံတော်မှာ အခုနပြောသလိုပေါ့ အကျဉ်းသားလွှတ်ပေးရေးတို့ပေါ့နော် အဲဒါမျိုးတွေလည်း အချိန်အခါနဲ့ ဟတ်ပြီးတော့ ဘာတွေ ပြောပေးရရင် ကောင်းမလဲ ဆိုတာတွေ ဆွေးနွေးပြီး အဲဒါတွေလည်း လုပ်ပေးနေပါတယ်။ နောက်ပြီးတော့ ကချင်ပြည်နယ်တို့ ဘာတို့လည်းပဲ အုပ်စုနဲ့ သွားပြီးတော့ လေ့လာတာတွေ၊ ဆွေးနွေးတာတွေလည်း လုပ်နေပါတယ်။” ကျနော်တို့​ တော်တော်များများ စိတ်ဝင်စားကြတဲ့ အချက်ပေါ့။ ပထမ တခေါက်က ဆရာမတို့ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က အစိုးရကို မေတ္တာရပ်ခံတဲ့စာ ထွက်လာပြီးတာ့မှ အကျဉ်းသားတွေ လွတ်လာတယ်ပေါ့လေ။ ယုံကြည်ချက်ကြောင့် ပြောထားတာရှိတယ်။ နိုင်ငံရေးအကျဉ်းသား ဘယ်လိုပဲ သုံးသုံးပေါ့ တချို့လွတ်လာတာ ရှိတယ်ပေါ့လေ။ ပြီးခဲ့တဲ့ နိုဝင်ဘာလဆန်းပိုင်း​ လောက်က ထင်ပါတယ်။ ဆရာမတို့ တခါ ပန်ကြားတဲ့စာပေါ့။ အဲဒါပြီးတော့ လွတ်လာတာ မတွေ့ရသေးဘူးလို့လည်း ပြောကြပါတယ်။ “ဟုတ်ပါပြီ။ အဲဒီထဲမှာဆိုရင် ဆရာမတို့က နံပါတ်တစ်က ထပ်မံပြီးတော့ လွှတ်ပေးဖို့ရယ်၊ နောက်တချက်က လောလောဆယ် လွှတ်ပေးနိုင်တဲ့ အနေအထား မရှိဘူးဆိုရင်တောင်မှ သူတို့ မိသားစုတွေနဲ့ ဆက်သွယ်လို့ နေရာတွေ ပြောင်းရွေ့ပေးဖို့ ပေါ့နော် နှစ်ခု ပြောထားပါတယ်။ ဆရာမ သိရသလောက်ကတော့ အဲဒီလို မိသားစုနဲ့ ဆက်သွယ်လွယ်၊ သွားရေးလာရေး လွယ်တဲ့ နေရာတွေကိုတော့ တော်တော်များများ ရွှေ့ပြီးပြီးလို သိရှိရပါတယ်။ နောက်ပြီးတော့ ထပ်လွှတ် ပေးဖို့လည်း ဆရာမတို့ကတော့ မျှော်လင့်နေပါတယ်။ လွှတ်လည်း လွှတ်ပေးလိမ့်မယ်လို့လည်း ယူဆပါတယ်။”

ဆရာမတို့ စာထဲမှာလည်း ယုံကြည်ချက်တို့ ဘာတို့သုံးတာ ရှိတာပေါ့ ဆရာမရယ်။

“ဟုတ်ပါတယ် ယုံကြည်ချက်ဆိုတာကလည်းလေ သူတို့ တခုတခု ဖော်ပြလိုက်တာပေါ့ သိလား။ ဒါမျိုး ဘာရည်ညွှန်းတယ် ဆိုတာကတော့ ကိုယ်ကြိုက်သလို အဓိပ္ပာယ် ကောက်ကြတာပေါ့။” ဘယ်နှယောက် ဘယ်လို ရှိတယ်ဆိုတာမျိုးလည်း တယောက် တမျိုးစီ ဖြစ်နေကြတာပေါ့။ “အဲဒီ တယောက်တမျိုး ဖြစ်နေတဲ့ အတွက်ကြောင့် ဆရာမတို့ရဲ့ ဒုတိယအကြိမ် ဆရာမတို့ရဲ့ လွှတ်ပေးဖို့တဲ့ request (ပန်ကြားချက်) ထဲမှာလေ အကုန်လုံး အနီးစပ်ဆုံး ခန့်မှန်းချေ ဆိုပြီးတော့ ဆရာမတို့ ရေးထည့်ထားပါတယ်။ အဲဒါက လွှတ်ပြီးတာက ၂၀၀ ကျော် ရှိပါတယ်။ အရင်တုန်းက သူတို့ စာရင်းကတော့ ၅၀၀ ကျော်လောက် ရှိတယ်ပေါ့နော်။ ဆိုတော့ ကျန်တာကတော့ တော်တော်လေး ခိုင်မာ သေချာတာကတော့ ဆရာမ နားလည်တာကတော့ ၃၀၀ လောက်တော့ ရှိကောင်း ရှိမယ်ပေါ့နော်။ တိတိကျကျ ဆရာမတို့ကလည်း အကျဉ်းထောင် ဦးစီးဌာနတို့ ဘာတို့ သေသေချာချာ သွားမေးပါတယ် ပြည်ထဲရေးရော။ သူတို့ ညှိနှိုင်းထားတာတွေ၊ နှစ်ဦးနှစ်ဖက် လက်ခံထားပြီးသားတွေ ဖြစ်ပါတယ်။” ဆရာမတို့ ကော်မရှင်က တိတိကျကျ သိချင်လို့ ဒီတလောမှာ လေ့လာတာတွေ လုပ်တယ်လို့ ပြောတယ် ဟုတ်ပါသလား။ “လုပ်တယ်။ ပြည်ထဲရေးကိုလည်း သွားတယ်၊ နေပြည်တော်ကို သွားတာပေါ့နော်။ အခုလည်းပဲ ဆရာမတို့ မြစ်ကြီးနား ဝိုင်းမော်တို့အထိ ဆရာမတို့ အဖွဲ့တွေ သွားပြီး ပြန်လာပါပြီ။ အဲဒီဘက်လည်း သွားပြီး အကုန်ကြည့်ခဲ့ပါပြီ အနေအထားတွေလေ။” အဲဒါလေး ကျနော်တို့ ကြားလို့ပါ။ ဆရာမတို့ ထောင် တော်တော်များများ ရောက်ပြီးပြီလား။ “ထောင် အထဲထိတော့ ဆရာမတို့ မရောက်သေးပါဘူး။ အခုဆရာမတို့ ဒီလထဲမှာပဲ သွားဖို့ အစီအစဉ် လုပ်ထားပါတယ်။ ဆရာမတို့ သွားမှာက အဲဒီအတွင်းထဲမှာ ရှိနေတဲ့ လူတွေရဲ့ နေထိုင်ရေးပေါ့။ သူတို့ နေရထိုင်ရတဲ့ ပုံစံတွေကို ဆရာမတို့က ကြည့်မှာပေါ့နော်။ ထောင်တွေကို လေ့လာတယ် ဆိုတာကလေ။ ဒီနေ့ပဲ ဆရာမတို့ စာရင်းချသေးတယ်။ ဆရာမ ဒီလထဲမှာတော့ ဖြစ်တယ် သေချာတယ်။” နောက်တချက်က ဆရာမတို့ အရင်လုပ်သလိုမျိုးပေါ့လေ။ ပန်ကြားချက်တွေ ဘာတွေ ထပ်ထုတ်ဖို့ ရှိပါသေးလား။ “လိုအပ်တာလေးတွေကိုတော့ ဆရာမတို့ ထုတ်သွားမှာပါ။ ဘယ်ဟာ ဘယ်အတိအကျ ဆိုတာကတော့ အရေးကြီးမယ် ထင်တဲ့ဟာတွေကိုတော့ ဦးစားပေးပြီး လုပ်သွားမှာပါ။ အခု ကချင်ပြည်နယ်ကိုသွားတာ။ ဆရာမတော့ မပါဘူးပေါ့နော် အဖွဲ့တဖွဲ့ပေါ့နော်။ အဲဒီက အခြေအနေတွေ အကုန်သွားကြည့်ခဲ့ပါပြီ။ နောက် ကူညီမှုတွေလည်း လုပ်သင့်တာတွေ လုပ်ခဲ့ပါပြီ။” ဘယ်လိုမျိုးတွေ အဓိက တွေ့​ရှိတယ်လို့ ပြောလို့ရမလဲ ကချင်ဘက် သွားတာက။ “အဲဒါ ကြေညာပေးလိုက်ပါလိမ့်မယ် တရားဝင်လေ။ သူတို့ပြောတာကတော့ ဒီဘက်ကို ဝင်လာတဲ့လူတွေပေါ့နော်။ အဲဒီလူတွေကို ကယ်ဆယ်ရေးစခန်းတွေ ဘာတွေမှာတော့ ကလေးတွေ ပါလာရင်ကအစ  ကလေးတယောက်မကျန် ကျောင်းထဲကို ရောက်အောင် စာသင်ဖို့ အချိန်မပျက်အောင် အဲဒီအထိ လုပ်ပေးထားတယ်လို့ ပြောကြပါတယ်။”
Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013