DVB Logo
Home
မြန်မာသတင်း
ပအိုဝ်းတမျိုးသားလုံးဆိုင်ရာ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်နိုင်ရန် လူထုတွေ့ဆုံ
DVB
·
February 4, 2017
ပအိုဝ်းတမျိုးသားလုံးဆိုင်ရာ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်နိုင်ရန် လူထုတွေ့ဆုံ
1 / 6
Donate to DVB

ပအိုဝ်းတမျိုးသားလုံးဆိုင်ရာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်နိုင်ဖို့ ၁၀ ကြိမ်မြောက် နိုင်ငံရေးဆွေးနွေးပွဲအကြို လူထုတွေ့ဆုံမှုကို ဖေဖော်ဝါရီ ၃ ရက်နေ့ တောင်ကြီးမြို့ ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေးကွင်းမှာ ပြုလုပ်ကြတာပါ။

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအကြို လူထုတွေ့ဆုံပွဲမှာ UPDJC၊ NCA အကြောင်းအရာတွေ၊ ဖက်ဒရယ်ပြည်ထောင်စုအကြောင်းတွေ ဆွေးနွေးခဲ့ပြီး အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ တက်ရောက်နိုင်မယ့် ကိုယ်စားလှယ်တွေ ရွေးချယ်ခဲ့ပါတယ်။

“ကျနော်တို့က ၂၁ ရာစုပင်လုံကို တင်သွင်းနိုင်ဖို့အတွက် နိုင်ငံရေးကဏ္ဍကို အဓိကထားပြီး ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။ နိုင်ငံရေးကဏ္ဍအတွက်တော့ ကျနော်တို့အားလုံး ဆုံးဖြတ်ချက် မချမှတ်နိုင်သေးပါဘူး။ တူညီတဲ့ဘုံသဘောကတော့ ပြည်ထောင်စုသားတွေ အနေနဲ့ ကျနော်တို့ ပအိုဝ်းတိုင်းရင်းသားများက ပြည်ထောင်စုနဲ့ပတ်သက်တဲ့ တာဝန်ကို ရဲရဲယူမှာဖြစ်သလို ရသင့်ရထိုက်တဲ့ အခွင့်အရေးကိုလည်း ထိုက်ထိုက်တန်တန် ရယူချင်ကြတယ်ဆိုတဲ့ အခြေခံတော့ ရှိပါတယ်။ ပြည်ထောင်စုထဲက ကျနော်တို့ ခွဲမထွက်ဘူး။ ပြည်ထောင်စုကြီးကို စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းနဲ့ ဆောင်ရွက်မယ်။ အဲဒီအပေါ်မှာတော့ ကျရာတာဝန်ကို ရဲရဲယူမယ်ဆိုတာကတော့ အားလုံးမှာ တူညီတဲ့ဆန္ဒ ရှိပါတယ်။ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ အဓိကရည်မှန်းတဲ့ အမျိုးသား ပြည်လည်သင့်မြတ်ရေးကို ကျေကျေလည်လည် ဆွေးနွေးညှိနှိုင်းနိုင်မယ်လို့ ကျနော်တို့ မျှော်လင့်ချက် ထားပါတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ ပအိုဝ်းအမျိုးသားများသာမက ပြည်ထောင်စုဖွား ညီအစ်ကို မောင်နှမတွေအားလုံး သက်ဆိုင်ရာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ပါဝင်ဆောင်ရွက် ပေးကြဖို့ ကျနော် ပန်ကြားပါတယ်” လို့ PNLO ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက ပြောပါတယ်။

ပအိုဝ်းတမျိုးသားလုံးဆိုင်ရာ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲအကြိုကို ပအိုဝ်းတိုင်းရင်းသား နိုင်ငံရေးအဖွဲ့အားလုံး ဖိတ်ကြားထားပေမယ့် အခုထိ ပြည်ထောင်စုပအိုဝ်း အမျိုးသားအဖွဲ့ချုပ် (ပအမဖ) က ပါဝင်မှုမရှိသေးကြောင်း သိရပါတယ်။

ပအိုဝ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို အဓိကလူမျိုးအလိုက် ဆွေးနွေးမှုတခုသာ အရင်လုပ်ဆောင်သွားတာဖြစ်ကြောင်း သိရပါတယ်။

“ပအိုဝ်းတအမျိုးသားလုံးဆိုင်ရာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို မကျင်းပမီမှာ ကျနော်တို့ ကျင်းပရေးကော်မတီကို အရင်ဦးဆုံး အရက်ဘက် လူ့အဖွဲ့အစည်းရော၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းရော၊ ပါတီပေါင်းစုံရော ဖိတ်ပြီးတော့ ကျနော်တို့ ကျင်းပရေးကော်မတီတရပ် အနေနဲ့ ဆွေးနွေးမှုတွေ လုပ်ပါတယ်။ ဒါပေမယ့် ဖြစ်စဉ်တွေရဲ့ လွဲမှားမှုကြောင့်လားဆိုတာကို စဉ်းစားစရာ ဖြစ်တယ်ပေါ့။ ခုအချိန်ထိတော့ ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ပါတီအနေနဲ့တော့ ပါမလာသေးဘူးပေါ့ဗျာ။ ဆွေးနွေးပွဲကော်မတီအဖွဲ့အနေနဲ့တော့ ပါလာရေးကိုတော့ အခုချိန်ထိ ဖွင့်ထားပေးတာတွေတော့ ရှိတယ်။ နောက် CSO က ကျင်းပရေးကော်မတီအဖွဲ့ထဲမှာ ပါတယ် ဆိုတော့ သူတို့အနေနဲ့ ဒီထဲမှာ ပူးပေါင်းပြီးတော့လုပ်ကြတယ်။ ပအိုဝ်းလူထုတွေမှာတော့ တန်းတူရေး ကိုလည်း သူတို့လိုချင်ကြတယ်။ နောက် ပြည်နယ်ရရှိဖို့ပုံစံမျိုးတွေလည်း တော်တော်များများ တွေ့ရ တယ်ပေါ့။ အဓိကကတော့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်တဲ့နေရာမှာ ကျနော်တို့ ပအိုဝ်းအမျိုးသားတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေရဖို့ အချက်အလက်တွေနဲ့ ဆွေးနွေးဖို့ရှိပါတယ်” လို့ ပအိုဝ်းလူငယ် ခွန်ခေတ်စံက ပြောပါတယ်။

“ဒီပွဲကတော့ အမတို့ ပအိုဝ်းအမျိုးသားအတွက် ပထမဆုံးပေါ့နော်။ ဒီလို နိုင်ငံရေးဆွေးနွေးပွဲ စားပွဲခုံမှာ ပါဝင် ဆွေးနွေးခွင့်ရတာက ဒါ ပထမဆုံးအကြိမ်ပါ။ ဒီလိုဆွေးနွေးခွင့်ရတာနဲ့ အမတို့သွားမယ့် ပအိုဝ်း အမျိုးသားတွေရဲ့ အနာဂတ်၊ အမတို့ရဲ့ ရပိုင်ခွင့်တွေ၊ နောက် အမတို့ ပအိုဝ်ပြည်နယ်လိုမျိုးပေါ့နော်။ အဲဒီမှာ အမတို့အတွက် ပိုင်ဆိုင်ခွင့်တွေ၊ စီမံခန့်ခွဲခွင့်တွေ၊ အကျိုးခံစားခွင့်တွေ ဘယ်လောက်ထိ ရှိလာမလဲပေါ့နော်။ အမတို့ ရရှိမယ့် တန်းတူအခွင့်အရေးတွေက ဘယ်လောက် အထိ ရှိလာမယ်ဆိုတာက ဒီဆွေးနွေးပွဲကနေ တာသွားမယ်လို့ ထင်ပါတယ်။ ဒီကနေတဆင့်ပဲ တက်သွားလို့ရမယ်” လို့ ဆွေးနွေးပွဲတက်ရောက်သူ နန်းမိငယ်က ပြောပါတယ်။

ပအိုဝ်း တိုင်းရင်းသားအများစုက တန်းတူရေးနဲ့ ပြည်နယ်သစ် ပေါ်ထွန်းရေးကို လိုလားကြပြီး ပြည်ထောင်စုအတွင်း တောင်းဆို သွားမယ်လို့လည်း သိရပါတယ်။

ပအိုဝ်းတမျိုးသားလုံး ဆိုင်ရာအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်ဖို့ အစိုးရက ခွင့်ပြုလိုက်ပြီ ဖြစ်ပြီး ဖေဖော်ဝါရီ ၁၆ မှာ စတင်ကျင်းပမယ်လို့ သိရပါတယ်။

ဒီနေ့ လူထုတွေ့ဆုံပွဲမှာ တောင်ကြီး၊ ကျောက်သလုံး၊ ညောင်ရွှေမြို့ နယ်က လူထုကိုယ်စားလှယ် ၆၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။

တောင်ကြီးမြို့မှာ ပြုလုပ်ပြီးပါက အကြိုဆွေးနွေးပွဲ လူထုတွေ့ဆုံပွဲ နောက်ဆုံးအကြိမ်ကို မောက်မယ်မြို့နယ်မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

သတင်း - ခွန်ရာဇာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013