
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ မီးဇာကျေးရွာကို ဩဂုတ် ၂၆ ရက် ညနေပိုင်းမှာ စစ်အာဏာရှင်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှုအတွင်း ကျေးရွာသား သားအမိ ၂ ယောက် သေဆုံးပြီး ၆ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိတယ်လို့ ပလက်ဝဒေသခံတွေက ပြောပါတယ်။
မီးဇာကျေးရွာနဲ့ အနီးပတ်ဝန်းကျင်ကို ဩဂုတ် ၂၆ ရက် ညနေ ၄ နာရီခွဲကနေ ၅ နာရီအထိ ဂျက်တိုက်လေယာဉ် ၄ စင်း၊ Y-12 တစင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကျေးရွာသား ၂ ယောက် သေဆုံးကာ ၆ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိတယ်လို့ ပလက်ဝဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
“မီးဇာ ဗုံးကြဲခံရစဉ် အသက်ရှင်ထွက်ပြေးလာတဲ့ စက်လှေသမားတွေ ပြောတာက ဗုံးကြဲခံရလို့ သေဆုံးတာ သားအမိနှစ်ဦး ရှိတယ်။ နောက်ထပ်လည်း ရွာသား ၆ ဦးထက်မနည်း ထိခိုက်မှု ရှိတယ်လို့ ပြောကြတယ်။ ရွာထဲကို ဗုံးကြဲခံရတာဖြစ်ပြီး သူတို့လည်း အသက်လု ထွက်လာကြတာ ဆိုတော့ အသေးစိတ် အခြေအနေတော့ မသိခဲ့ရဘူး။ ဆက်သွယ်ရေးလိုင်းတွေလည်း ပြတ်တောက်နေတော့ နောက်ဆက်တွဲ အခြေအနေတွေတော့ မသိရသေးဘူး ဖြစ်နေသေးတယ်။”
စစ်အာဏာရှင်တပ်က မီးဇာကျေးရွာနဲ့ ရွာအနောက်ဘက်က တောင်တန်းတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး လက်ရှိမှာ ကုန်သည်နဲ့ စက်လှေသမားတွေ မသွားရဲကြတာကြောင့် ကုန်သွယ်ရေးလည်း ယာယီရပ်တန့်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပလက်ဝမြို့နယ်က အိန္ဒိယ-ရခိုင် ကုန်သွယ်လမ်းကြောင်းက စိမ်းညှင်းဝ၊ ရွှေလိုက်ဝနဲ့ မီးဇာကျေးရွာကို စစ်အာဏာရှင်တပ်က ၃ ရက်ဆက်တိုက် လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ရခိုင်ဘက်က ကုန်သည်တွေဟာ လမ်းကြောင်းလုံခြုံမှုအရ ယာယီ ရပ်တန့်နေကြတယ်လို့ ကျောက်တော်မြို့က နယ်စပ်ကုန်သည်တယောက်က ပြောပါတယ်။
“လမ်းကြောင်းကရွာတွေ နေ့တိုင်း လေကြောင်း ဗုံးကြဲတိုက်ခိုက်ခံနေရတော့ ကုန်သည်တွေက အတက်၊ အဆင်း ဘယ်သူမှ မသွားရဲဘဲ အခြေအနေတွေကို စောင့်ကြည့်နေကြတယ်။ လမ်းကြောင်း ပိတ်ထားတာမျိုး မဟုတ်ဘဲ ကုန်သည်တွေနဲ့ စက်လှေသမားက မသွားရဲကြလို့ အခြေအနေ စောင့်ကြည့်နေကြတာ။ ဗုံးကြဲတိုက်ခိုက်ခံနေရတဲ့ မီးဇာတို့ ရွှေလိုက်ဝတို့ဆိုတာ ကုန်သွယ်ရေး လမ်းကြောင်းရဲ့ အဓိက အချက်အချာကျတဲ့ ကျေးရွာတွေဖြစ်တယ်။”
လက်ရှိမှာ ပလက်ဝမြို့နယ်ကို စစ်အာဏာရှင်တပ်က လေကြောင်းကနေ ၃ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်လာတာကြောင့် ဒေသခံတွေအကြား စိုးရိမ်မှုတွေ မြင့်တက်နေကြတယ်လို့လည်း သိရပါတယ်။
ဩဂုတ် ၂၄ ရက်က စိမ်းညှင်းဝကျေးရွာ လေကြောင်းတိုက်ခိုက်မှုဟာ ကလေးငယ်တွေ အပါအဝင် ၅ ယောက် သေဆုံးပြီး ၁၇ ယောက် ထိခိုက်ဒဏ်ရာ ရခဲ့ကြသလို ဩဂုတ် ၂၅ ရက်ကလည်း MDF မရာသင်တန်းကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့လို့ သင်တန်းသား ၄ ယောက် သေဆုံးကာ ၇ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ မြို့နယ်တွေ၊ ရပ်ရွာတွေကို နေစဉ့်ရက်ဆက် လေကြောင်းဗုံးကြဲတိုက်ခိုက်လာနေပြီး အရပ်သား ထိခိုက်သေဆုံးမှု ဆက်တိုက် မြင့်တက် လာနေတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ် အထူးသတိပြုကြဖို့ကို AA က တိုက်တွန်းထားပါတယ်။











