DVB Logo
Home
မေးမြန်းခန်း
ကချင်ထိုးစစ်ရပ်ရန် သမ္မတစာပို့
DVB
·
December 12, 2011
ကချင်ထိုးစစ်ရပ်ရန် သမ္မတစာပို့
1 / 2
Donate to DVB

ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) တပ်စခန်းတွေကို မြန်မာစစ်တပ်က ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ခြင်း မလုပ်ဖို့ သမ္မတ ဦးသိန်းစိန်က ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ထံ အကြောင်းကြားစာ ပေးပို့ထားတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

[caption id="attachment_18738" align="alignleft" width="300" caption="ဗိုလ်ချုပ်​ ​ဂွမ်​မော်​ (​ကေ​အိုင်​အေ)"][/caption]

ထိုးစစ်ရပ်ဖို့စာကို သမ္မတက အခုလ ၁၀ ရက်​နေ့စွဲနဲ့​ ​ပေးပို့ခဲ့​တဲ့အကြောင်း​ ​အမည်မဖော်လိုတဲ့​ ​ငြိမ်းချမ်းရေး​ အကျိုးဆောင်တဦးက အတည်ပြု ပြောကြားပါတယ်။

ကေအိုင်အေဘက်ကတော့ သူတို့ဆီကို အကြောင်းကြားစာ ရောက်မလာသေးတဲ့ အကြောင်းနဲ့ ဒီနေ့လည်း တိုက်ပွဲတွေ ဆက်လက်​ ​ဖြစ်ပွားနေတယ်လို့​ ​ကေအိုင်အေက ပြောပါတယ်။

ကေအိုင်အေ ကချင်လွတ်လပ်ရေး​ တပ်မတော်က ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

သမ္မတဦးသိန်းစိန်က ကာကွယ်ရေးဦးစီးချုပ်ဆီကို စာပို့ပြီးတော့ ကချင်ပြည်နယ်အတွင်း တိုက်နေတဲ့ တိုက်ပွဲ ထိုးစစ်တွေရပ်ဖို့ စာပို့တယ်လို့ သတင်းကြားပါတယ်။ ဗိုလ်ချုပ်တို့ ဘယ်လိုကြားထားပါသလဲ။

“ကျနော်တို့လည်း အဲဒီလိုတော့ ကြားတယ်။ ဒါပေမယ့် ဘာမှတော့ မသိသေးဘူး။ ကျနော်တို့လည်း အပြင်တွေမှာ ပြောတာလောက်ပဲကြားတာ။ ကျနော်တို့ကို ဆက်သွယ်တာတို့၊ တရားဝင် ကျနော်တို့ကို အသိပေးတာတို့ ဘာမှ မရှိသေးဘူး။”

ဒီနေ့အထိ မသိသေးဘူးဆိုတော့ ၁၀ ရက်နေ့က စာထုတ်ထားတယ်ဆိုတော့ ဗိုလ်ချုပ်တို့ ဘယ်လိုသဘောထားပါသလဲ။

“ကျနော်တို့က လောလောဆယ် စာတွေမတွေ့ရသေးတော့ ဘာမှ သဘောထား ပေးစရာ မရှိသေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့အထဲမှာ သူတို့ဟာသူတို့ ညွှန်ကြားသလား၊ အားလုံးသိအောင် ထုတ်ပြန်မလား၊ ကျနော်တို့ကိုရော တရားဝင်အသိပေးမလား ဆိုတာတွေစောင့်ကြည့်ရဦးမှာပါ။”

တကယ်လို့ အဲဒီလို စာထုတ်တယ်ဆိုရင် ဘယ်လိုအကြောင်းကြား ဆက်သွယ်စေချင်တာလဲခင်ဗျ။

“တရားဝင် ဖြစ်ရမယ်လေ ပြီးတော့ ကျနော်တို့ လက်ခံနိုင်တဲ့ အနေအထားမျိုး ဖြစ်ဖို့လိုပါတယ်။ ကျနော်တို့ စောင့်ကြည့်ဦးမယ်၊ စာတွေ လာဖို့ စောင့်ကြည့်ဦးမယ်။”

ထိုးစစ်ရပ်လိုက်ဖို့ စာထုတ်အကြောင်းကြားတယ်ဆိုရင်ရော ဗိုလ်ချုပ်တို့ ဘယ်လို သဘောထားမလဲ။

“စာတွေရောက်မှ ကျနော်တို့က စဉ်းစားမှာပါ။ အခုအချိန်ထိတော့ ဘာမှ မသိသေးတဲ့အခါကျတော့ ကြိုပြီးစဉ်းစားနိုင်ဖို့ အချက်အလက်တွေ မရှိသေးပါဘူး။”

အခု လက်ရှိရော ကချင်ပြည်နယ်ထဲမှာ တိုက်ပွဲတွေ ဖြစ်နေတုန်းပဲလား ခင်ဗျ။

“ဖြစ်ပါတယ် ဒီနေ့လည်းဖြစ်တယ်။”

ဘယ်နေရာတွေမှာဖြစ်လဲ။

“ဒီနေ့ကတော့ တပ်မဟာ ၃ ဒေသပေါ့။ တပ်ရင်း ၁၅ နဲ့ တပ်မဟာ ၃ ဌာနချုပ် အနားမှာ ဖြစ်တယ်။ ကျတဲ့နေရာတွေမှာတော့ အသေးဖွဲပါပဲ။ အဓိက ဒီနေ့ တိုက်ပွဲကြီးလို့ ပြောရမှာကတော့ တပ်မဟာ ၃ ဒေသမှာပါ။”

ဘယ်မြို့တွေနဲ့နီးလဲ။

“မြို့နဲ့မနီးဘူးခင်ဗျ၊ တောထဲမှာပဲ ဘယ်မြို့နဲ့မှ မနီးဘူး။”

တိုက်ပွဲဘယ်လောက်အထိ ပြင်းထန်လဲ ဗိုလ်ချုပ်တို့ ကြားသိရသလောက်။

“တော်တော်ပြင်းထန်တယ် ၄-၅ နာရီတိုက်တဲ့ တိုက်ပွဲတွေပါ ဒီနေ့။”

နှစ်ဖက် ကျဆုံးထိခိုက်ဒဏ်ရာရ သတင်းကြားရပြီလားခင်ဗျ။

“သေချာ မသိရသေးဘူး အောက်ခြေက report တင်မလာသေးဘူး။”

သမ္မတရဲ့စာထဲမှာ ခုခံကာကွယ်စစ်မှတပါး ဘယ်လို တိုက်ခိုက်မှုမျိုးမှ မလုပ်ဖို့ ပါရှိတယ်လို့ ဆိုပါတယ်။

အစိုးရတပ်နဲ့ ကေအိုင်အေတပ်ဖွဲ့တွေအကြား ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းကစပြီး တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့ရာမှာ နှစ်ဘက်ကျဆုံး ပျက်စီးမှုတွေ ရှိခဲ့သလို တိုက်ပွဲတွေကြောင့် ဒေသခံ ထောင်သောင်းချီထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။

တိုင်းရင်းသားဒေသတွေက တိုက်ပွဲတွေရပ်ဖို့ ပြည်တွင်းပြည်ပ အစိုးရနဲ့ အဖွဲ့အစည်းတွေ၊ နိုင်ငံရေးတက်ကြွသူတွေက ဦးသိန်းစိန်အစိုးရကို  ၀ိုင်းဝန်း တောင်းဆိုနေကြတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013