DVB Logo
Home
မြန်မာသတင်း
ဦးကိုနီနှင့် ကိုနေဝင်းတို့အတွက် ဂုဏ်ပြုဆုတောင်းပွဲ ကျင်းပ
DVB
·
February 2, 2017
ဦးကိုနီနှင့် ကိုနေဝင်းတို့အတွက် ဂုဏ်ပြုဆုတောင်းပွဲ ကျင်းပ
Donate to DVB

သေနတ်နဲ့အပစ်ခံရလို့ ကွယ်လွန်သွားကြတဲ့ ရှေ့နေဦးကိုနီနဲ့ အငှားယာဉ်မောင်း ကိုနေဝင်းတို့အတွက် ဂုဏ်ပြုဆုတောင်းပွဲကို မန္တလေးမြို့၊ အမရပူရမြို့နယ် တောင်လေးလုံးကျောင်းတိုက်မှာ ဖေဖော်ဝါရီ ၁ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

ဇန်နဝါရီလ ၂၉ ရက်နေ့က လုပ်ကြံသတ်ဖြတ်ခံခဲ့ကြရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး ဦးကိုနီနဲ့ ဦးနေဝင်းတို့ နှစ်ဦးကို မန္တလေးမြို့ အမရပူရမြို့နယ် တောင်လေးလုံးကျောင်းတိုက်မှာ ဂုဏ်ပြုဆုတောင်းပွဲ ပြုလုပ်ခဲ့ကြတာပါ။

လက်ထိပ်ကနေ ကျည်ဆန်ပြောင်းသွားတာကြောင့် ကြီးစွာသော သတိနဲ့နေကြဖို့ ဆရာဦးကိုလေး (ကိုလေး-အင်းဝဂုဏ်ရည်) က အဲဒီပွဲမှာ သတိပေးလိုက်ပါတယ်။

“လက်ထိပ်ကနေ ကျည်ဆန်ပြောင်းသွားတာပဲဗျ။ ပထမတော့ လက်ထိပ်နဲ့လုပ်တာ။ အဲဒီလက်ထိပ်ကနေ နားထင် ကျည်ဆန်ရောက်အောင် လုပ်လိုက်တာပဲ။ အဲဒါ သတိသာထားကြပေတော့ ကျနော်တို့ ရဲဘော်တို့ဗျာ။ နည်းနည်းပွဲကြမ်းလာလိမ့်မယ်လို့ ကျနော်ထင်တယ်။ ကျနော်တို့ပါ သတိထားရလိမ့်မယ်။ ကျနော်တို့ ဒီနေ့ လက်ထိပ်ခတ်ခံရမှာမဟုတ်ဘူး၊ နားထင် ကျည်ဆန်လာမှာပဲ။ ကျနော် အဲဒါ သိပ်စိုးရိမ်တယ်။ ကြီးစွာသောသတိနဲ့ နေကြပါလို့ ပြောပါရစေ။”

၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးမှာ ကြီးမားတဲ့အခန်းကနေ ပါဝင်ပြီး ဒီမိုကရေစီခရီးကြမ်းမှာလည်း အရေးပါခဲ့တဲ့သူ အခုလို လုပ်ကြံခံလိုက်ရတာဟာ အင်မတန် ဝမ်းနည်းစရာကောင်းတယ်လို့ အမရပူရ မဟာဂန္ဓာရုံကျောင်းတိုက် ဆရာတော် ဦးသောပိတက ပြောပါတယ်။

“ဒီမိုကရေစီခရီးကို သွားတဲ့နေရာမှာ အရေးပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ရေးမှာ အရေးပါတယ်။ ပြောမယ်ဆိုရင် သူက ပြင်ဆင်ရေးထက် ဖျက်သိမ်းရေးကို ပိုကြိုက်တယ်။ ပုံတွေပြန်ကြည့်တဲ့အခါ ဦးဝင်းတင်နဲ့ သူနဲ့ သဘောထား တူခဲ့တယ်ပေါ့နော်။ ဒီပြင်ဆင်ရေးကို သွားတဲ့နေရာမှာ သူ့ကိုသတ်တာဟာ ဒါ့ကြောင့်လို့ ဦးပဉ္စင်းအပါအဝင် လူထုက ထင်တယ်။ ဒါကြောင့် မဟုတ်ပါဘူး ဆိုတာမျိုးကို လက်ရှိပြည်ထဲရေးက သဘာဝယုတ္တိကျကျ မဖြေရှင်းနိုင်ဘူးဆိုရင် ဦးကိုနီ လုပ်ကြံခံရခြင်းဟာ ပြည်ထဲရေးနဲ့ တိုက်ရိုက်သက်ဆိုင်တယ်လို့ ယူဆတယ်။”

လုပ်ကြံသတ်ဖြတ်ခံခဲ့ကြရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး ဦးကိုနီနဲ့ ဦးနေဝင်းတို့ နှစ်ဦးအတွက် ရည်စူးပြီး မန္တလေးမြို့ အမရပူရမြို့နယ် တောင်လေးလုံးကျောင်းတိုက်က ဆရာတော်ကြီးများကို ဆွမ်းကပ်အမျှဝေကာ ဘာသာပေါင်းစုံမှ မေတ္တာပို့ ဆုတောင်းခဲ့ကြပါတယ်။

ဒီပွဲကို မန္တလေးမြို့ အန်အယ်လ်ဒီ အွန်လိုင်းချစ်သူများက ဦးဆောင်ကျင်းပခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013