DVB Logo
Home
Lead Story
အမတ်တွေ မှေးလိုက်နေရင် လွှတ်တော်ခိုင်ခံ့ဖို့ မလွယ်ဘူး - ဦးကျော်စိုးလင်း
DVB
·
February 2, 2017
အမတ်တွေ မှေးလိုက်နေရင် လွှတ်တော်ခိုင်ခံ့ဖို့ မလွယ်ဘူး - ဦးကျော်စိုးလင်း
Donate to DVB

အန်အယ်လ်ဒီအစိုးရ လွှတ်တော်သက်တမ်း တနှစ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဥပဒေ အသစ်ပြဋ္ဌာန်းတာ အပါအဝင် ပြင်ဆင်၊ ပယ်ဖျက်တဲ့ ဥပဒေ ၂၅ ခုရှိတယ်လို့ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးလင်းက ပြောပါတယ်။ လွှတ်တော်ကိုယ်စားလှယ်အားလုံး၊ ဝန်ထမ်းအားလုံး အရည်အသွေးတွေ ဒီထက်မက ပိုမိုခိုင်မြဲမှသာ လွှတ်တော်အုတ်မြစ် ခိုင်မာမှာဖြစ်ပြီး မှေးလိုက်နေမယ်ဆိုရင် အုတ်မြစ်က ခိုင်ခံ့ဖို့ အားနည်းလိမ့်မယ်လို့လည်း သူက ဆိုပါတယ်။ ဦးကျော်စိုးလင်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး - ဦးကျော်စိုးလင်းတို့ ဒုတိယလွှတ်တော်သက်တမ်း တနှစ်အတောအတွင်းမှာ ဥပဒေပေါင်း ဘယ်လောက်များ လွှတ်တော်က အတည်ပြုပေးလိုက်နိုင်လဲခင်ဗျ။

ဖြေ - ကျနော်တို့ ပြည်သူ့လွှတ်တော်က တင်သွင်းတဲ့ ဥပဒေက ၁၈ ခု ရှိပါတယ်။ အမျိုးသားလွှတ်တော်က တင်သွင်းတဲ့ ဥပဒေက ၁၅ ခုပေါ့နော်။ စုစုပေါင်း ၃၃ ခု ကျနော်တို့ တင်သွင်းထားတာ ရှိပါတယ်။ အတည်ပြုပြီးတဲ့ ဥပဒေတွေကတော့ ၂၅ ခု ရှိပါတယ်ခင်ဗျ။

မေး - အတည်ပြုတဲ့ဥပဒေ ၂၅ ခု ဆိုတာက အသစ်တွေပဲလား၊ ပြန်ပြင်တာတွေလားဆိုတာ ဘယ်လိုခွဲလို့ရမလဲ။

ဖြေ - တော်တော်များများကတော့ ကျနော်တို့ အသစ်ပြဋ္ဌာန်းထားတာ မရှိပါဘူး။ လောလောဆယ်မှာတော့ ပြင်ဆင်တဲ့ဥပဒေတွေ ရှိပါတယ်။ ပယ်ဖျက်တဲ့ဥပဒေတွေ ရှိပါတယ် ခင်ဗျ။

မေး - ဟုတ်ကဲ့။ ပယ်၊ ဖျက်၊ ပြင်ဆင်ပေါ့။

ဖြေ - ဟုတ်ပါတယ်ခင်ဗျ။

မေး - ၂၅ ခုပဲလားခင်ဗျ။ ကျနော် လွှတ်တော်ဝက်ဘ်ဆိုက်မှာ ဝင်ကြည့်တာ ၃၉ ခု တွေ့လို့ပါခင်ဗျ။

ဖြေ - ခုလောလောဆယ်မှာတော့ ၂၅ ခုရယ်၊ နောက်ထပ်တက်လာတာတွေ ရှိပါသေးတယ်။

မေး - ဟုတ်ကဲ့။ ၂၅ ခုကတော့ အတည်ပြုလိုက်နိုင်တာပေါ့နော်။

ဖြေ - ဟုတ်ကဲ့။ အတည်ပြုဆောင်ရွက်ထားပြီးသား ဥပဒေပေါ့။ ပြည်သူ့လွှတ်တော်က ၁၃ ခုနဲ့ အမျိုးသားလွှတ်တော်က ၁၂ ခုပေါ့။ အားလုံး ၂၅ ခုပါ။

မေး - ၂၅ ခုကို တနှစ်အတွင်းမှာ အတည်ပြုလိုက်နိုင်တယ်ပေါ့နော်။ အဲဒါတွေက အသစ်တွေ မဟုတ်ဘူး။ ပြင်ဆင်၊ ပယ်ဖျက်တွေချည်းပဲပေါ့နော်။

ဖြေ - ဟုတ်ပါတယ်ခင်ဗျ။

မေး - အဲဒီမှာ ကျနော်တို့ ကြည့်မိလိုက်တော့ ဖွဲ့စည်းပုံဥပဒေမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဥပဒေက အသစ်မဟုတ်ဘူးလား ခင်ဗျ။

ဖြေ - ဟုတ်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဥပဒေတခုကိုပဲ ကျနော်တို့ အသစ်ပြဋ္ဌာန်းထားတာပါ။ ကျန်တာကတော့ ပြင်ဆင်၊ ပယ်ဖျက်တာ များပါတယ်။

မေး - ဟုတ်ကဲ့ခင်ဗျ။ အဲဒီတော့ ခြုံပြီးကြည့်ရင်ရော ဦးကျော်စိုးလင်း၊ အန်အယ်လ်ဒီက ပြောထားတာက လူ့အခွင့်အရေးအတွက် တချို့ ပယ်ဖျက်ပစ်တယ်။ ဥပမာ ထင်ရှားတဲ့ဥပဒေတွေပေါ့၊ ဘယ်လိုမျိုးတွေရှိလဲ။ အဲဒါလေး နည်းနည်းပြောပြပေးပါခင်ဗျ။

ဖြေ - ထင်ရှားတဲ့ဥပဒေတွေကတော့ နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ ဘေးအန္တရာယ်မှ ကာကွယ်သည့်ဥပဒေကို ပယ်ဖျက်ထားတာ ရှိပါတယ်။ နောက် အရေးပေါ်စီမံမှုအက်ဥပဒေကိုလည်း ကျနော်တို့ ဖျက်သိမ်းထားတာ ရှိပါတယ်။ ၅(ည) လိုမျိုး၊ အပက ၃ လိုမျိုးတွေပေါ့။

မေး - ပုဒ်မ ၁၈ နဲ့ ပတ်သက်လို့ရော။

ဖြေ - ပုဒ်မ ၁၈ နဲ့ ပတ်သက်တာက ငြိမ်းချမ်းစွာ စုဝေးနဲ့ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကတော့ ကျနော်တို့ ပြင်ဆင်ထားပါတယ်ခင်ဗျ။

မေး - ဟုတ်ကဲ့။ အဲဒါတွေလည်း အကျုံးဝင်တာပေါ့နော်။ အရင်လူတွေကို ဒုက္ခပေးနေတဲ့ ဥပဒေတွေ။

ဖြေ - ဟုတ်ပါတယ်ခင်ဗျ။

မေး - နောက်တခုက အခုနောက်ပိုင်းပေါ့ နာမည်ကြီးနေတဲ့ ၆၆(ဃ) နဲ့ ပတ်သက်လို့ရော လွှတ်တော်က အခုထိတော့ ဘာသံမှ မကြားသေးဘူးခင်ဗျ။ အဲဒါနဲ့ပတ်သက်လို့ရော ဘာလုပ်ဖို့ရှိလဲ။ ဆွေးနွေးတာတွေ လုပ်လာပြီလား။

ဖြေ - ကျနော်တို့ လွှတ်တော်မှာတော့ ၆၆(ဃ) နဲ့ ပတ်သက်ပြီးတော့ ဌာနဆိုင်ရာသော် လည်းကောင်း၊ ကိုယ်စားလှယ် တဦးတယောက်သော် လည်းကောင်း တင်ထားတာ မရှိသေးပါဘူး။ တင်ပြီဆိုရင်တော့ ကျနော်တို့ ဥပဒေကြမ်းကော်မတီက အတည်ပြုပြီး ဆုံးဖြတ်ရမှာပေါ့။

မေး - အခုထိတော့ ဘယ်သူမှ မတင်သေးဘူးနော်။

ဖြေ - ဟုတ်ကဲ့။ ဘယ်သူမှ မတင်လာသေးပါဘူး။

မေး - ဟုတ်ကဲ့။ ဦးကျော်စိုးလင်းတို့ အခု ဥပဒေ ၂၅ ခုထဲမှာ တော်တော်လေးကို အတိုက်အခံဖြစ်ပြီးတော့ အတည်ပြုလိုက်နိုင်တဲ့ဥပဒေကို ပြပါဆိုရင် နိုင်ငံတော်အတိုင်ပင်ခံဥပဒေပဲ ရှိမလား။

ဖြေ - ဟုတ်ပါတယ်ခင်ဗျ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဥပဒေ ဆိုရင်လည်း အတိုက်အခံနဲ့ ကျနော်တို့ ပြောရတာရှိသလို အရေးပေါ်စီမံချက်အက်ဥပဒေ ရုပ်သိမ်းတဲ့ ဥပဒေဆိုရင်လည်း ကျနော်တို့ တော်တော်လေးကို အတိုက်အခံပြောပြီးမှ ဖျက်သိမ်းရတာပေါ့။

မေး - နောက်တခုက ပထမအကြိမ်လွှတ်တော်၊ ဦးရွှေမန်းတို့ လွှတ်တော်ပေါ့။ သူတို့လည်း ကော်မရှင်တရပ်အနေနဲ့ ရှိနေသေးတော့ အခု အန်အယ်လ်ဒီလွှတ်တော် တနှစ်နဲ့ သူတို့တုန်းက တနှစ်နဲ့ နှိုင်းယှဉ်ပြီး ပြောတာ ဆိုတာမျိုးတွေရော ကြားဖူးလား။ အန်အယ်လ်ဒီလွှတ်တော်က ပိုအလုပ်ဖြစ်တယ်လို့ ပြောကြလား။ ဒါမှမဟုတ် ဘယ်လို ပြောသံ ကြားလဲ ခင်ဗျ။

ဖြေ - ဘာမှတော့ ပြောသံမကြားပါဘူး။ ဒါပေမယ့် ဒီလွှတ်တော်အနေနဲ့ ပြည်သူလူထုအတွက် အများကြီး အကောင်းဆုံးဖြစ်အောင် လုပ်တဲ့အပေါ်မှာတော့ ပြောကြဆိုကြတာတော့ ရှိပါတယ်။

မေး - လူကြီးပိုင်းကရောခင်ဗျ။

ဖြေ - လူကြီးပိုင်းတွေက သိပ်တော့ ပြောသံမကြားပါဘူး။ ဒါပေမယ့် ကျနော်တို့လုပ်တဲ့ အပေါ်မှာတော့ တော်တော်များများကတော့ အားရကျေနပ်မှုရှိတယ်ဆိုတဲ့အကြောင်း ပြောကြပါတယ်။

မေး - ဟုတ်ကဲ့။ လွှတ်တော် အသက်ဝင်တယ်လို့ ပြောလို့ရတယ်ပေါ့နော်။

ဖြေ - ဟုတ်ပါတယ်ခင်ဗျ။

မေး - ဦးကျော်စိုးလင်း တဦးတည်း အမြင်ပေါ့နော်။ အမတ်တွေအားလုံး အလုပ်ဖြစ်ပြီလား။ အဲဒါလေးလည်း နည်းနည်း သုံးသပ်ပေးပါခင်ဗျ။

ဖြေ - အမတ်တွေအနေနဲ့ကတော့ အလုပ်အကိုင်နဲ့ ပတ်သက်ပြီးတော့ အလုပ်ဖြစ်တယ်ရယ်လို့ မဟုတ်ပါဘူးခင်ဗျ။ ကျနော့်အမြင်နဲ့ ပြောရမယ်ဆိုရင် တချို့ကိစ္စတွေမှာ လွှတ်တော်ကနေ မေးတဲ့ကိစ္စတွေ ရှိပါတယ်။ အဲဒီအပေါ်မှာ ဝန်ကြီးတွေ တော်တော်များများက လာဖြေတဲ့အပိုင်းတွေ ရှိသလို တချို့ဟာတွေကျတော့ ဖြေပြီးတော့ မလုပ်နိုင်တာတွေလည်း တော်တော်များများ ရှိပါတယ်ခင်ဗျ။ ကျနော်တို့ကိုယ်စားလှယ်တွေက ဆင်းပြီးတော့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ကိုယ့်မြို့နယ်မှာဆင်းပြီး အလုပ်လုပ်တဲ့ အပေါ်မှာလည်း ပူးပေါင်းပါဝင်မှု အားနည်းတယ်လို့ ကျနော်ကတော့ ယူဆပါတယ်။

မေး - ဟုတ်ကဲ့။ လွှတ်တော်ထဲမှာ ဦးကျော်စိုးလင်းတို့ ဥပဒေပြုရတော့ ဥပဒေပြုရာမှာရော ဘယ်လိုအခက်အခဲတွေ အဓိကကြုံတွေ့ရလဲ။ အကြီးဆုံးအခက်အခဲ ပြောပါဆိုရင် ဘာရှိမလဲ။

ဖြေ - ကျနော်တို့ အဓိကအခက်အခဲကတော့ ဥပဒေကြမ်းကော်မတီမှာ ဥပဒေပညာရှင်တွေ အများကြီး ပါဝင်သော်ငြားလည်းပဲ ဥပဒေအားလုံးကို ပြုရတဲ့အခါမှာ တချို့ရဲ့ လုပ်ငန်းအတိုင်းအတာလေးတွေ ကျနော်တို့ နားမလည်တဲ့ အခက်အခဲတွေ ရှိပါတယ်။ အဲဒီအခက်အခဲတွေမှာ ကျနော်တို့ ဝန်ကြီးဌာနတွေက လာရောက်ရှင်းလင်းတင်ပြတဲ့အခါမှာ ကျွမ်းကျင်စွာ ရှင်းလင်းတင်ပြနိုင်ခြင်းမရှိတဲ့အပေါ်မှာ အခက်အခဲတွေတော့ ရှိပါတယ်။

မေး - အန်အယ်လ်ဒီလွှတ်တော်၊ အန်အယ်လ်ဒီအစိုးရ ဖြစ်နေတော့ တချို့တွေ ဝေဖန်တာက လွှတ်တော်က အစိုးရနောက် မျောပါနေတယ်၊ အစိုးရကို ထင်သလောက် Check and Balance မလုပ်နိုင်ဘူးပေါ့။ အဲဒီလို ပြောသံဆိုသံ ဝေဖန်သံတွေလည်း ထွက်နေပါတယ်။ အဲဒါနဲ့ပတ်သက်လို့ရော ဘာများ ပြောချင်လဲခင်ဗျ။

ဖြေ - အစိုးရအပေါ်မှာ Check and Balance မလုပ်နိုင်တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ကလည်း တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရရဲ့ အခက်အခဲတွေအပေါ်မှာ သေချာကြည့်ပြီးတော့ တချို့အချက်အလက်တွေကို ကျနော်တို့ မလုပ်တဲ့အပိုင်းတွေလည်း ရှိတယ်ပေါ့နော်။ တချို့ကျတော့လည်း Check and Balance သဘောအနေနဲ့ ကျနော်တို့ ကိုယ်စားလှယ်တွေအနေနဲ့ အများကြီး လုပ်ကြပါတယ်ခင်ဗျ။

မေး - ဟုတ်ကဲ့။ ဦးကျော်စိုးလင်းတို့ လုပ်တဲ့ကိုင်တဲ့အခါမှာရော ဖိအားတစုံတရာ ရှိလား။ ဆိုလိုတာက ကိုယ့်အဖွဲ့အစည်းမှာပဲဖြစ်ဖြစ်၊ လွှတ်တော်မှာပဲဖြစ်ဖြစ်ပေါ့။ လွှတ်တော်မှာဆို လွှတ်တော်ဥက္ကဋ္ဌတွေပေါ့ဗျာ ထိန်းကျောင်းတယ် ပြောတယ်။ ဒါပေမယ့် တချို့အပိုင်းတွေမှာ ထိန်းတာတွေက သိပ်ပြီး ဖိဖိစီးစီး တင်းကျပ်လွန်းတယ်လို့ ဝေဖန်သံတွေလည်း ထွက်တယ်။ အဲဒါနဲ့ပတ်သက်လို့ရော ဘယ်လိုသုံးသပ်ချင်လဲဗျ။

ဖြေ - တချို့ကိစ္စတွေမှာကတော့ မှန်ပါတယ်။ အရမ်းတင်းကျပ်လွန်းရင်လည်း ကျနော်တို့ ကိုယ်စားလှယ်တွေအနေနဲ့ တချို့ ထိန်းကျောင်းရမယ့် လုပ်ငန်းတွေမှာ အားနည်းသွားနိုင်သလို လွှတ်ပေးရင်လည်း လွတ်သွားမှာတွေ ရှိပါတယ်ခင်ဗျ။ ဒီအပေါ်မှာလည်း ကျနော်တို့က လုပ်ရင်းကိုင်ရင်းနဲ့ပဲ ထိန်းကျောင်းရင်းနဲ့ပဲ သွားရမယ်လို့ ကျနော် မြင်ပါတယ်။

မေး - တနှစ်ပြည့် နေ့လယ်စာစားပွဲလုပ်တော့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောသွားပါတယ်။ လွှတ်တော်အုတ်မြစ် ခိုင်ခံ့မှ ဒီမိုကရေစီ ခိုင်ခံ့မယ်ပေါ့နော်။ အခု ဦးကျော်စိုးလင်းတို့ ဝင်ပါနေတဲ့ လွှတ်တော်ကြီးက ခိုင်ခံ့ဖို့ လိုနေသေးလား။ ခိုင်ခံ့နေပြီလား။ ဘယ်လိုမြင်လဲခင်ဗျ။

ဖြေ - ခိုင်ခံ့ဖို့ လိုပါသေးတယ်ခင်ဗျ။ ခိုင်ခံ့ဖို့ ကျနော်တို့ အများကြီး ကြိုးစားရပါဦးမယ်။ မျှောလိုက်နေရင်တော့ လွှတ်တော်ကြီးက ခိုင်ခံ့ဖို့ အားနည်းပါလိမ့်မယ်။ လွှတ်တော်ခိုင်ခံ့ဖို့၊ အုတ်မြစ်ချဖို့ ဆိုတာကလည်း နေ့လယ်က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး ပြောသလိုပါပဲ။ ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်အားလုံး၊ ဝန်ထမ်းအားလုံးမှာ အရည်အသွေးတွေ ဒီထက်မက ပိုမိုခိုင်မြဲပြီဆိုမှသာလျှင် အုတ်မြစ်က ခိုင်မာပါလိမ့်မယ်။ အခု ဒီလိုပုံစံ မှေးလိုက်နေမယ်ဆိုရင် အုတ်မြစ်က ခိုင်ခံ့ဖို့ အားနည်းပါလိမ့်မယ်။

အခုလို စိတ်ရှည်လက်ရှည်ဖြေပေးတဲ့အတွက် ဦးကျော်စိုးလင်းကို ကျေးဇူးတင်ပါတယ်ခင်ဗျ။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013