DVB Logo
Home
မြန်မာသတင်း
မြန်မာ ၄ ဦး အဖမ်းခံထားရသည့် ရနောင်းလူသတ်မှုဖြစ်ရပ်မှန် လူမှုကွန်ရက်တွင်ဖြန့်
DVB
·
February 2, 2017
မြန်မာ ၄ ဦး အဖမ်းခံထားရသည့် ရနောင်းလူသတ်မှုဖြစ်ရပ်မှန် လူမှုကွန်ရက်တွင်ဖြန့်
Donate to DVB

 

ထိုင်းတောင်ပိုင်း ရနောင်းမြို့မှာ လွန်ခဲ့တဲ့ တနှစ်ကျော်က အထက်တန်းကျောင်းသူတဦး အသတ် ခံခဲ့ရတာနဲ့ ပတ်သက်ပြီး  အဖမ်းခံထားရတဲ့ မြန်မာလူငယ် ၄ ဦးဟာ ဆိတ် (လူမှားပြီး အဖမ်းခံရသူ)တွေဖြစ်နိုင်ကြောင်း လူမှုကွန်ရက်မှာ ပြန့်နှံ့နေတယ်လို့ Mthai အမ်ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

သေဆုံးသူ အသက် ၁၉ နှစ်ရွယ် အဲပါးလ် (ခေ)ါ် သြရ၀ီ ဆမ်ဖောဝ်းထောင်းန် နဲ့ နီးစပ်သူ “ကွင်း” ဆိုသူက သူတို့သူငယ်ချင်းအသိုင်းအ၀ိုင်းကြား မက်ဆေ့ခ်ျပို့ပြီး ပြောဆိုနေကြတဲ့ အကြောင်း အရာတွေကို ဆက်စပ်ပြီး  တကယ့်လူသတ်သမားဟာ မြန်မာလူငယ် ၄ ဦးမဟုတ်ဘဲ အဲပါးလ်ရဲ့ အနီးစပ်ဆုံး သွေးချင်းထဲကဖြစ်နိုင်ကြောင်း อยากดังเดี๋ยวจัดให้ V.4 ဆိုတဲ့ အကောင့်ထဲကနေ ဖြန့်ဝေ လိုက်တယ်လို့ ဆိုပါတယ်။

“ကွင်း” ရဲ့ ထောက်ပြချက်စုစုပေါင်း ၉ ချက်ရှိပြီး အဲဒီထဲမှာ အခင်းဖြစ်တဲ့ညက အဲပါးလ်ရဲ့ အမဖြစ်သူ “စနုတ်ကာ” ရဲ့ သူငယ်ချင်း “လုတ်တောင်” ဆိုသူက အဲပါးလ်ကို အပြင်ထွက်လာဖို့  မက်ဆေ့ခ်ျကနေ ချိန်းဆိုခဲ့ကြောင်း၊ အဲပါးလ်အပြင်ထွက်လာစဉ် သူ့အမက အိမ်မှာရှိနေတယ်လို့ ရဲကို ထွက်ဆိုခဲ့ပေမယ့် အမှန်မှာ အဲပါးလ်ထွက်လာပြီးတဲ့နောက် သူ့အမစနုတ်ကာက လုတ်တောင်တို့ နေအိမ်ကနေ ထွက်လာတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အခင်းဖြစ်တဲ့ညက လမ်းကြားထိပ်မှာပိတ်ပြီးရပ်နေကြတဲ့ လူငယ်တစုဟာ သူ့အမရဲ့ အပေါင်းအသင်းတွေဖြစ်ကြောင်း၊ အဲပါးလ်ကို ထိုးနှက်နေတဲ့ ဗီဒီယိုကလစ်တွေ သူတို့ချင်းချက် ဘော့စ်ကနေ ပို့နေကြတော့ တယောက်က စနုတ်ကာ နင်အတော် “အ” တယ်၊ လူသတ်ပြီး ဗွီဒီယိုဖြန့်ရဲတာ နင်ကလူကြီးသားသမီး သူငယ်ချင်းအားကိုးနဲ့ လုပ်နေတာလား ဆိုတဲ့ မက်ဆေ့ခ်ျကို  စနုတ်ကာဆီ ပို့ခဲ့တယ်လို့ ရေးထားပါတယ်။

စနုတ်ကာ နဲ့ အဲပါးလ်တို့ ညီအမ ၂ ယောက်ဟာ အရင်ကလည်း ရန်ဖြစ်နေကျဖြစ်ပြီး  အမရဲ့ ရည်းစားကို အဲပါးလ်က နီးစပ်အောင်လုပ်နေတာ၊ ငွေကြေးပြဿ  နာတွေလည်းရှိနေတာဟာ သံသယရှိ ဖွယ် အချက်တွေဖြစ်တယ်လို့ ကွင်းက ဆိုပါတယ်။

သမီး ၂ ယောက်ရဲ့ ပြဿ  နာကို သူတို့မိခင်ဖြစ်သူက သိရှိမှာ သေချာပေမယ့် မိခင်တ ယောက်အနေနဲ့ သမီးတယောက် သေဆုံးပြီး နောက်တယောက် ထောင်ကျမှာကို အဖြစ်မခံချင်လို့  ဖြစ်ရပ်မှန်ကို ထိန်ချန်ထားတာဖြစ်နိုင်ကြောင်း၊ ဒါပေမယ့်လည်း အပြစ်မရှိဘဲ ထောင်ကျနေရတဲ့ မြန်မာလူငယ် ၄ ယောက်ကိုလည်း သားသမီးချင်း စာနာသနားသင့်ကြောင်း ဖော်ပြထားပါတယ်။

တာဝန်ရှိရဲ တပ်ဖွဲ့ဝင်တွေ အနေနဲ့လည်း သူတင်ပြထားတဲ့  ဒီအချက် ၉ ချက်အပေါ် သေချာ သုံးသပ်စစ်ဆေးပြီး အပြစ်မရှိသူတွေ ပြစ်ဒဏ်ကျခြင်းမခံရအောင်၊  သေဆုံးသူ အဲပါးလ်အတွက် တရားမျှတမှုရှိရအောင် ဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံထားပါတယ်။

အဲပါးလ် (ခေါ်)  သြရ၀ီ ဆမ်ဖောဝ်းထောင်းန်ဟာ ပြီးခဲ့တဲ့  ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၂၈ ရက်က သူတို့နေထိုင်ရာ ရပ်ကွက်ထဲမှာပဲ ဓားဒဏ်ရာ ၁၇ ချက်နဲ့ သေဆုံးခဲ့တာပါ ။

ဒီအမှုနဲ့ ပတ်သက်ပြီး ထိုင်းရဲတပ်ဖွဲ့က အသက် ၂၁ နှစ်ရွယ် စိန်ကတုံး နဲ့ ဇော်လေး (ခေါ်) ဝေလင်း၊ အသက် ၁၈ နှစ်အောက် မိုးဇင်အောင် နဲ့ ကျော်စိုးဝင်း စတဲ့ မြန်မာအလုပ်သမား လူငယ် ၄ ဦးကို စွဲချက်တင် ထောင်ချထားကာ   လောလောဆယ် တရားရုံးမှာ အမှုရင်ဆိုင်နေရပါတယ်။

မြန်မာလူငယ်တွေ ထောင်ထဲရောက်နေတာ ၁ နှစ်ခွဲကျော်သွားပြီဖြစ်ပြီး သူတို့တွေ လွတ်မြောက်လာဖို့ ထိုင်းတောင်ပိုင်းအခြေစိုက် FED (အလုပ်သမားဟစ်တိုင်) အဖွဲ့၊ HRDF  လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းနဲ့ လူ့အခွင့်အရေးဆိုင်ရာ ထိုင်းရှေ့နေ များကောင်စီက ကူညီဆောင်ရွက်ပေးလျက်ရှိကာ ဘန်ကောက်ထိုင်းမြန်မာသံရုံးက တာဝန်ရှိ သူတွေ လည်း ထောင်ကျ နေတဲ့ လူငယ် ၄ ဦးကို မကြာခဏ သွားရောက် အားပေးလျက်ရှိပါတယ်။

လောလောဆယ် ရနောင်းခရိုင်တရားရုံးက တရားလိုပြသက်သေတွေ ခေါ်ယူစစ်ဆေးနေပြီး ဒီလ ၁၅ ရက်နဲ့ ၁၆ ရက်မှာလည်း ရုံးချိန်းရှိသေးတယ်လို့  FED (အလုပ်သမားဟစ်တိုင်) အဖွဲ့ တာဝန်ရှိသူ ကိုမင်းဦးက ဒီဗွီဘီကို ပြောသွားပါတယ်။

မူရင်း - http://news.mthai.com/social-news/547216.html

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013