DVB Logo
Home
Lead Story
ဦးနှောက် စားသွားကြပါဦး
DVB
·
February 2, 2017
ဦးနှောက် စားသွားကြပါဦး
Donate to DVB

မနက် ၈ နာရီလောက် တာမွေ၊ အောင်မင်္ဂလာ လမ်းထိပ်က မြင့် လက်ဖက်ရည်ဆိုင်မှာပါ။ ကျနော်တို့အခေါ် lower house newsroom လို့ နာမည်ပြောင်ပေးထားတဲ့ လမ်းထိပ်က လက်ဖက်ရည်ဆိုင်ပေါ့။ အရမ်းဘာသာပြန်လိုက်ရင်တော့ အောက်လွှတ်တော်သတင်းရုံးခန်းပေါ့။ ရုံးမတက်ခင် လူစုတဲ့နေရာ။ အဲဒီမှာ မနေ့က သတင်းတွေအကြောင်း၊ ဒီနေ့လိုက်မယ့် သတင်းတွေ အကြောင်း ပေါ့ပေါ့ပါးပါး ပြောကြ ဆိုကြ။ ကျနော်က အင်တာနယူး (INTERNEWS) က ဦးစီးကျင်းပတဲ့ ကျား၊ မ (ဂျန်ဒါ) အခြေပြု အကြမ်းဖက်မှုဆိုင်ရာ သတင်းရေးသားခြင်း သင်တန်းမှာ လက်တွေ့ကွင်းဆင်းရင်း ရလာတဲ့ သတင်းတွေကို အာပေါင်အာရင်းသန်သန်နဲ့ သူများ နားထောင်ချင်မှန်း နားမထောင်ချင်မှန်းမသိ ဆရာကြီးလုပ်နေတာပါ။ အလုပ်လုပ်တတ်သူတွေက အလုပ်လုပ်လိမ့်မယ်၊ အလုပ်မလုပ်တတ်တဲ့ ကျနော့်လိုလူမျိုးကတော့ ဆရာကြီးလုပ်မှာပ။ နားမခံနိုင်လို့ လက်ဖက်ရည်ဆိုင်က ထသွားမယ်ဆိုရင် အရင်ထသူက လက်ဖက်ရည်ဖိုး ရှင်းရင်လည်း မငြင်းပါဘူး။ ကျနော်က ဒါမျိုး အငြင်းအခုံလုပ်ရတာ ဝါသနာ မပါ။

‘ရပ်ကွက်ထဲက အိမ်တအိမ်က ဖုန်းဆက်တယ်။ သူတို့ဘေးအိမ်မှာ အရက်မူးတဲ့ ယောက်ျားက မိန်းမကို ရိုက်နေတာ တရပ်ကွက်လုံး ဆူညံနေတယ်၊ မိန်းမခေါင်းက သွေးတွေ ထွက်နေတယ်၊ အရိုက်ခံရတဲ့မိန်းမက တရပ်ကွက်လုံးကို အော်ဟစ် အကူအညီတောင်းနေတယ်။ ဒီလိုသာ ဆက်ရိုက်နေရင် မိန်းမ သေသွားလိမ့်မယ်။ လူကြီးတွေ လာကယ်ပါဦးတဲ့၊ အဲဒီတော့ ရပ်ကွက်လူကြီးတွေ မနေသာတော့။ ရန်ဖြစ်တဲ့အိမ်ကို အမြန်သွား၊ မိန်းမကိုရိုက်နေတဲ့ ယောက်ျားကို ဖမ်းခေါ်လာတယ်။ ယောက်ျားက တော်တော်မူးနေတယ်။ သူ့ကို ရပ်ကွက် လူကြီးတွေက ပုဒ်မ ၄၁ နဲ့ အချုပ်ခန်းထဲပို့ဖို့ စီစဉ်တယ်။ ရဲကို အကြောင်းကြားတယ်။ အဲ… ဒါပေမယ့်....’

ကျနော် နားထောင်သူ သတင်းထောက် သုံးလေးယောက်ရဲ့ မျက်နှာကို အကဲခတ်ကြည့်မိတယ်။

‘ဆက်ပါဦး၊ ဘာဆက်ဖြစ်လဲ’
ဆံပင်ထောင်ထောင်၊ အသားညိုညို၊ မျက်မှန်ထူထူနဲ့ သတင်းထောက်တယောက်က သိချင်ဇောနဲ့ မေးပါတယ်။
တယောက်ကတော့ စိတ်ဝင်စားနေပြီ။

‘ဒါပေမယ့် အရိုက်ခံရတဲ့မိန်းမက ရဲ လာအခေါ် စောင့်နေတဲ့ သူ့ယောက်ျား ရပ်ကွက်ရုံးမှာ ထိုင်ခိုင်းတုန်း လူကြီးတွေအလစ်မှာ ကွမ်းယာလေး ဝယ်ပေးလိုက်၊ ဆေးလိပ်ကလေး လာပေးလိုက်နဲ့ ခွင့်တိုင်ပြီးတမျိုး၊ ခွင့်မတိုင်ဘဲ အလစ်ဝင်ပြီးတမျိုး လုပ်နေသတဲ့။ အရိုက်ခံထားရတဲ့ မိန်းမမျက်နှာမှာတော့ ဖူးရောင်နေတုန်းပဲတဲ့။ ည နည်းနည်းမှောင်လာတော့ သူ့ယောက်ျား ထိုင်နေတဲ့နားမှာ ခြင်ဆေးခွေလေး လာထွန်းပေးလိုက်၊ အနွေးထည်လေး လာပေးလိုက် လုပ်နေပြန်သတဲ့။ ရပ်ကွက်လူကြီးတွေက မျက်စောင်းထိုးကြည့်လိုက်တဲ့အခါ အလိုက်တသိ အသာအယာပဲ ရုံးထဲက ထွက်သွားတယ်တဲ့။ ဒါပေမယ့် ရုံးခြံစည်းရိုးအကွယ်ကနေ သူ့ယောက်ျားကို ချောင်းချောင်းကြည့်နေပြန်သတဲ့။

ကဲ… ခင်ဗျားတို့သာ ရပ်ကွက်လူကြီးတယောက်ဖြစ်ခဲ့ရင် ဒီလိုဖြစ်ရပ်မျိုး ရင်ဆိုင်ရမယ်ဆိုရင် ဘယ်လိုဖြေရှင်းမလဲ။ သတင်းထောက်တယောက်အနေနဲ့ ကျား၊ မ အခြေပြု အကြမ်းဖက်မှုဆိုင်ရာ သတင်းဆောင်းပါးတပုဒ်ဖြစ်အောင် ဘယ်လိုရေးမလဲ။

ကျနော့်မေးခွန်းကြောင့် လက်ဖက်ရည်ဝိုင်းတဝိုင်းလုံး ငြိမ်သွားပါတယ်။ ကျနော်ထင်တာ ပြောတာပါ။ သူတို့ စိတ်ဝင်စားချင်မှ စိတ်ဝင်စားမှာ။ မကြားတချက် ကြားတချက် ဖြစ်ချင်လည်း ဖြစ်နေမှာ။
ဘာပဲဖြစ်ဖြစ် သူတို့ကို ဦးနှောက်နည်းနည်း စားလိုက်တာပါ။

‘ဒါက သတင်းဆောင်းပါးအဖြစ် ရေးရမှာ မဟုတ်ဘူး၊ အချစ်ဝတ္ထု ရေးရမှာ’
အသားဖြူဖြူ ပိန်သွယ်သွယ် သတင်းထောက်တယောက်က သြဘာပေးပါတယ်။
နောက်တယောက်က ‘မိန်းမသေသွားရင်တော့ သတင်းဖြစ်တယ်၊ ဖူးရောင်တာလောက်၊ ရပ်ကွက်ရုံး ရောက်တာလောက်နဲ့တော့ သတင်းမဖြစ်ဘူး’ တဲ့။
သူ ပြောသလိုဆို မိန်းမကို သေအောင် ရိုက်ခိုင်းရမလို။

ဟော... နောက်တယောက်က ‘မြန်မာနိုင်ငံမှာ အိမ်တွင်းအကြမ်းဖက်မှုတွေ ဘယ်လောက် ဖြစ်နေသလဲဆိုတာကို ရပ်ကွက်တခုချင်းစီမှာ စာရင်းကောက်မယ်၊ ဆင်းရဲသားရပ်ကွက်မှာ အဖြစ်များသလား၊ ချမ်းသာတဲ့ရပ်ကွက်မှာ အဖြစ်များသလား သုတေသနပြုမယ်။ အရက်မူးလို့ ဖြစ်တာလား၊ စီးပွားရေး မပြေလည်လို့ ဖြစ်တာလား၊ အသိတရားနဲ့ မေတ္တာတရားနည်းလို့ ဖြစ်တာလား၊ ပညာနည်းလို့ ဖြစ်တာလား၊ ဝန်းကျင်မကောင်းလို့ ဖြစ်တာလား စသဖြင့် စစ်တမ်းတွေ ကောက်မယ်၊ အိမ်တွင်းအကြမ်းဖက်မှု ဖြစ်တာဟာ အမျိုးသမီးတွေကို စိတ်ပိုင်းပိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ လူမှုစီးပွားပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေမှာ တည်ဆဲဥပဒေက ထိထိရောက်ရောက် အကာအကွယ်မပေးနိုင်သေးဘူးဆိုပြီး သတင်းဆောင်းပါး ရေးလို့ရတယ်’ လို့ ဆိုပါတယ်။ သူက ပြဿနာသေးသေးကို အကြီးကြီးဖြစ်အောင် ပြောနိုင်တယ်။ သတင်းထောက်ပါရမီ ရင့်သန်ပုံရတယ်။ ဒါပေမယ့် ဒီထက် ပြဿနာကို ကြီးအောင်လုပ်ဖို့ မေးခွန်းတခု ရှိသေးတယ်။

အမျိုးသမီးတွေကို ဥပဒေက ထိထိရောက်ရောက် အကာအကွယ်မပေးနိုင်သေးဘူးဆိုရင် အမျိုးသားတွေကိုရော ဥပဒေက ထိထိရောက်ရောက် အကာအကွယ်ပေးထားပါပြီလား။
ကျနော်တို့ လက်တွေ့ကွင်းဆင်းရင်း ကြားခဲ့ရတဲ့ ဇာတ်လမ်းကလေးကို ဖောက်သည်ချပါတယ်။
ဇာတ်လမ်းကလေးက ဒီလိုပါ။

အမျိုးသမီးတယောက် မျက်နှာမှာ ဖူးရောင်ဒဏ်ရာတွေနဲ့ ရပ်ကွက်ရုံးကို ရောက်လာတယ်။ သူ့ယောက်ျားက သူ့ကို ရိုက်နှက် နှိပ်စက်လို့တဲ့။ သူ့ယောက်ျားကို ထိန်းသိမ်းပေးဖို့ လာတိုင်တာပါ။ ဖူးရောင်ဒဏ်ရာတွေကလည်း မသေးတော့ ရပ်ကွက်လူကြီးတွေက အခင်းဖြစ်ပွားတဲ့အိမ်ကို ချက်ချင်းလိုက်သွားပါတယ်။ အိမ်ရောက်တော့ အိမ်ရှင်ယောက်ျားက အိမ်ရှေ့ခွေးကတက်မှာ ခွေခွေကလေး လဲနေပါတယ်။ အိမ်နီးချင်းတွေပြောတာက အမျိုးသမီးကရိုက်လို့ မထနိုင်တာတဲ့။

ကဲ... ဒီအဖြစ်အပျက်ကလေးကို ဘယ်လို သတင်းလုပ်ကြမလဲ။ တကယ်လို့များ အမျိုးသားများကို အကြမ်းဖက်မှုက ကာကွယ်ဖို့ ဥပဒေတရပ် အမြန်လိုအပ်နေပြီလို့ သတင်းခေါင်းစဉ်နဲ့ ရေးလိုက်ရင် သတင်းဖြစ်၊ မဖြစ်။

ကျနော်တို့နဲ့ လက်ဖက်ရည် အတူသောက်ရင်း ဦးနှောက်ကလေး စားသွားကြပါဦး။

သားကြီးမောင်ဇေယျ
၀၁-၀၂-၂၀၁၇

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013